မူးယစ်ဆေးဝါးသုံးစွဲသူများ မှတ်ပုံမတင်လျှင် ထောင်ဒဏ်ချမှတ်နိုင်သည့် အချက်ကို ပယ်ဖျက်

အစိုးရသစ်သည် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ပတ်သက်ပြီး UN Charter အပိုဒ် ၅၅/၅၆ပါ
လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာ အကောင်အထည်ဖော်သောအားဖြင့်
မူးယစ်ဆေးသုံးစွဲနေသူများကို မှတ်ပုံတင်မပြုလုပ်ပါက ထောင်ဒဏ်ချမှတ်နိုင်သည့် ပြဋ္ဌာန်းချက်ကို
ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။

ဇွန် ၂၆ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက
မူးယစ်ဆေးဝါး သုံးစွဲသူများကို ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ၀န်ဆောင်မှုအခွင့်အရေးများ
လက်လှမ်းမီစေရေးနှင့် လူမှုဘ၀မြှင့်တင်ရေးတို့ ဆောင်ရွက်ရာတွင် UN Charter ကို
လေးစားလိုက်ရန် တာဝန်ရှိမည် ဖြစ်ကြောင်း ပြောကြားသွားချက်အပေါ် ရဲမှူးကြီးက ထပ်မံရှင်းလင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ အခွင့်အရေးနှင့် ဆေးကုသခွင့် အခွင့်အလမ်းများ
ရရှိစေရန် "မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ"တွင်
ပါရှိသည့် မှတ်ပုံတင်ရန်အချက်ကို ပယ်ဖျက်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

"အခုဥပဒေမှာဆိုရင် မူးယစ်ဆေးသုံးစွဲသူတွေကို မှတ်ပုံတင်ရမယ်။ မလုပ်လို့ရှိရင်
ထောင်ပြစ်ဒဏ်ချမယ် ဆိုတာပေါ့နော်။ အခု ပြန်ပြင်နေပြီ"ဟု ရဲမှူးကြီးဇော်လင်းထွန်းက ပြောသည်။

မှတ်ပုံတင်ပြုလုပ်ရန်အချက်ကို ဖြုတ်လိုက်ခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများသည် ဆေးရုံ၊
ဆေးခန်းများတွင် လွတ်လပ်စွာ ဆေးကုသနိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်ကြောင်းလည်း
၎င်းက ပြောသည်။

"ဒါက နမူနာတစ်ခုပဲ ရှိသေးတယ်။ ကျန်တဲ့ အချက်အားလုံးပေါင်းပြောရရင်တော့ ဒီမူးယစ်ဆေးဝါး
သုံးစွဲသူနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးက ၁၁ မျိုး လောက်ရှိတယ်"ဟု ၎င်းက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက အထက်ပါဥပဒေကို
ပြင်ဆင်ရေးဆွဲကာလွှတ်တော်သို့ ပေးပို့ထားသော်လည်း လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်နိုင်ခြင်း
မရှိခဲ့ပေ။ အစိုးရသစ်လက်ထက်တွင် ထပ်မံပြင်ဆင်ကာ လွှတ်တော်သို့ပေးပို့သွားရန် ရှိနေသည်။

"ပြီးခဲ့တဲ့အစိုးရလက်ထက်တုန်းက လွှတ်တော်ကိုတင်ထားဆဲ၊ မူကြမ်းအနေနဲ့ ရှိနေတာ။ ဒီအစိုးရသစ်
လက်ထက်မှာတော့ အပြီးသတ် လုပ်တာပေါ့နော်။ ပြီးရင်တော့ လွှတ်တော်ကိုပြန်တင်မှာပါ"ဟု
ရဲမှူးကြီးဇော်လင်းထွန်းက ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံးမှ
အမှုဆောင်ညွှန်ကြားရေးမှူး မစ္စတာ ယူရီဖီဒိုတော့က မူးယစ်ဆေးသုံးစွဲသူများကို
ပြစ်ဒဏ်ချမှတ်ခြင်းအစား အခြားနည်းလမ်းများ ရွေးချယ်နိုင်ရေး နည်းလမ်းများ
ဖော်ထုတ်ရန် တိုက်တွန်းခဲ့သည်။

"တရားမ၀င် မူးယစ်ဆေးဝါးများက လူသားတို့ရဲ့ လုံခြုံရေးနှင့် ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်
သာမက လူ့ အသိုင်းအ၀ိုင်းကိုသော်လည်းကောင်း၊ ဌာနအဖွဲ့အစည်း အသီးသီးကိုလည်းကောင်း
ချည့်နဲ့ ထိခိုက်စေပါတယ်"ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း