မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ သုတေသနပြုရန် စီစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုနေသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ကြိုဆိုနေသည့် ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

ပြည်တွင်း၊ ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိမိနေရပ်သို့
ပြန်လည်ရောက်ရှိချိန်တွင် ရွှေ့ပြောင်းလုပ်ကိုင်စဉ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများမှာ နိုင်ငံအတွက်
မည်မျှအကျိုးရှိကြောင်း သိရှိနိုင်ရန် သုတေသန ပြုလုပ်သွားမည်ဟု အပြည်ပြည်ဆိုင်ရာ
အလုပ်သမားများအဖွဲ့(ILO) တာဝန်ရှိသူက ပြောသည်။

အဆိုပါသုတေသနကို ဇူလိုင်လအတွင်း စတင်လုပ်ကိုင်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး
အတွင်းရှိ မိတ္ထီလာနှင့် မြင်းခြံမြို့နယ်တို့တွင် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ကရင်ပြည်နယ်နှင့်
ရှမ်းပြည်နယ်တို့တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အလုပ်သမားဦးစီးဌာနနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ အချိန်အားဖြင့် တစ်လ၀န်းကျင်ခန့် ကြာမြင့်နိုင်သည်ဟု
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ အကြံပေးအရာရှိချုပ် မစ္စစ် ဂျက်ကီပူးလော့က
ဇွန် ၁၇ ရက်တွင် မန္တလေးမြို့၌ ပြောကြားခဲ့သည်။

"သုတေသနလုပ်တဲ့နေရာမှာ အမျိုးသား ရွှေ့ပြောင်းလုပ်သားတွေတင်မကဘဲ အမျိုးသမီး
ရွှေ့ပြောင်းလုပ်သားတွေကိုပါ ပူးပေါင်းလုပ်ကိုင်သွားမှာပါ။ အဓိကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ
ပြန်ရောက်လာရင် နိုင်ငံအတွက် ဘယ်လောက် ပြန်လည်အကျိုးပြုနေလဲ၊ အလုပ်အကိုင်
အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်ဝန်ဆောင်မှုကောင်းတွေ ဖန်တီးပေးနိုင်သလဲ
ဆိုတဲ့အချက်တွေကို သုတေသနလုပ်ပါမယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့ တဲ့နှစ်ကဆိုရင် မြန်မာလူဦးရေရဲ့
၃ ဒသမ ၉ ရာခိုင်နှုန်းလောက်က ပြည်ပကို ရွှေ့ပြောင်း လုပ်ကိုင်နေကြပါတယ်" ဟု ၎င်းက ပြာသည်။

ထိုင်းနိုင်ငံ မဟာချိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ ကောင်းထက်/မြန်မာတိုင်း(မ်)ထိုင်းနိုင်ငံ မဟာချိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ ကောင်းထက်/မြန်မာတိုင်း(မ်)

ပထမဆုံးအကြိမ်ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့၏ သုတေသန အစီအစဉ်တွင်
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး
ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ မူဝါဒများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ၀န်ဆောင်မှုများ
တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲရေးသင်တန်းကို
မန္တလေးတိုင်းဒေသကြီးတွင် စတင် ဆောင်ရွက်ပေးနေပြီဖြစ်သည်။

"မြန်မာနိုင်ငံက ပြည်ပနိုင်ငံ ၁၆ နိုင်ငံလောက်ကို အလုပ်သမား စေလွှတ်လျက်ရှိပါတယ်။
နိုင်ငံအတွင်းမှာလည်း တစ်နေရာက တစ်နေရာကို ရွှေ့ပြောင်းသွားလာတဲ့ ဖြစ်စဉ်တွေရှိနေတဲ့အတွက်
ရွှေ့ပြောင်းသွားလာတဲ့လူတွေကို လိုအပ်တဲ့ဝန်ဆောင်မှုတွေ ပေးနိုင် ဖို့ ဒီစီမံခန့်ခွဲရေးလုပ်ငန်းတွေကို
ပြည်သူ လူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့ လိုအပ်ပါတယ်။ မန္တလေးမှာဆိုရင် ကျောက်ဆည်၊ မြင်းခြံ၊
မိတ္ထီလာမြို့တွေမှာ ရွှေ့ပြောင်းအလုပ်သမားများ ထောက်ပံ့ကူညီရေး ဗဟိုစင်တာတွေ
ဖွင့်လှစ်ကူညီပေးနေတာတွေရှိပါတယ်" ဟု တိုင်းဒေသကြီး အလုပ်သမားရေးရာ
ဝန်ကြီး ဦးမျိုးသစ်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း