သံဃမဟာနာယကအဖွဲ့က မဘသကိစ္စကို အသေးစိတ် ဆွေးနွေးရှင်းလင်းမည်

ယမန်နေ့က မဟနအစည်းအဝေး ကျင်းပနေစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ယမန်နေ့က မဟနအစည်းအဝေး ကျင်းပနေစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

အင်တာနက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေသည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့
(မဘသ)နှင့် ပတ်သက်သည့် ရှင်းလင်းချက်စာတမ်းကို ဇူလိုင် ၁၃၊ ၁၄ ရက်နေ့များတွင်
ကျင်းပလျက်ရှိသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ အစည်းအဝေးတွင်
ဆက်လက်ဆွေးနွေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
မြန်မာတိုင်း(မ်)ကို အတည်ပြုပြောကြားသည်။

မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃ နာယကလက်စွဲ၊
ညွှန်ကြားလွှာများနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့မဟုတ်ကြောင်း သံဃမဟာနာယကအဖွဲ့က
ဇူလိုင် ၁၂ ရက်တွင် ကြေညာခဲ့သည်။

မဘသအဖွဲ့သည် သံဃာ့ဂိုဏ်းပေါင်းစုံ ညီလာခံကြီးမှ ပေါက်ဖွားလာခြင်းဖြစ်သည်ဟူသော
မဘသအဖွဲ့၏ ကြေညာချက်ကိုလည်း မဟနက ပယ်ချခဲ့ပြီး၊ ၁၉၈၀ ပြည့်နှစ် မှ ၂၀၁၄ ခုနှစ်အတွင်း
ငါးကြိမ်တိုင် ကျင်းပခဲ့သည့် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများအနက် မည်သည့်
အစည်းအဝေးတွင်မျှ မဘသအဖွဲ့အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိဟု မဟနအဖွဲ့၏
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသမလိုအပ်တော့ကြောင်း ပြောကြားချက်အပေါ်
မဘသအဖွဲ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဇူလိုင် ၁၄ ရက်မတိုင်မီ
ဖြေရှင်းပေးရန်၊ ဖြေရှင်းမပေးပါက တစ်နိုင်ငံလုံး အနေဖြင့် ဆန္ဒဖော်ထုတ်မည်ဟု မဘသအဖွဲ့က
ကြေညာခဲ့သည်။

မဘသအဖွဲ့တည်ရှိခြင်းမှာ သံဃဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့် ကိုက်ညီမှု ရှိ၊ မရှိ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့
ဇူလိုင် ၄ ရက်တွင် လျှောက်ထားခဲ့သည်။

"သံဃမဟာနာယကအဖွဲ့က နိုင်ငံတော် မှာ အကြီးဆုံးဖြစ်တဲ့အတွက် မဘသအဖွဲ့ ရှိဖို့မလိုအပ်တဲ့
စကားကို စင်ကာပူမှာ ပြောခဲ့တဲ့အကြောင်း လာလျှောက်တယ်။ သူပြောခဲ့တာကို ပြန်လျှောက်တဲ့
သဘော။ မဘသအဖွဲ့ ရှိသင့်၊ မရှိသင့် ဆိုတာကတော့ သံဃမဟာနာယကနဲ့ အစိုးရဲ့ အဆင့်ဖြစ်တယ်။
ဆုံးဖြတ်တာတော့ မရှိဘူး။ ဆိုချင်တာကတော့ သံဃာ့အဖွဲ့အဆင့်ဆင့်သာ ရှိတယ်၊ မဘသဆိုတာ
မရှိခဲ့ဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးထွန်းညွှန့်က
ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့် မူဝါဒရှိသည့်
အတွက် မဘသ၏ တောင်းဆိုချက်ကို အထူးတလည်ဖြေရှင်းသွားမည်မဟုတ်ကြောင်း ပါတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။

မဟနအဖွဲ့က မဘသအဖွဲ့၏ တရားဝင်ဖြစ်တည်မှုကို ငြင်းပယ်ကြောင်း ထုတ်ပြန်မကြေညာမီ
မဘသအဖွဲ့ (ဗဟို)က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည့်အစီအစဉ်ကို ပြန်လည်
ဖျက်သိမ်းကြောင်း ဇူလိုင် ၁၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မဘသအဖွဲ့သည် သံဃအဖွဲ့အစည်းမဟုတ်ပဲ သံဃာနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသည့်
ဘာသာရေးအဖွဲ့အစည်းတစ်ခုသာ ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။

မဘသဥက္ကဋ္ဌဆရာတော်၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့်
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း)သူရဦးမြင့်မောင်တို့က ပြီးခဲ့သည့်နှစ် မေလတွင်
သံဃမဟာနာယကအဖွဲ့၏ ဩ၀ါဒကိုခံယူကာ ဆဋ္ဌသင်္ဂါယနာ နှစ် ၆၀ ပြည့် အခမ်းအနားကို
ကျင်းပလိုကြောင်း လျှောက်ထားခဲ့ကြရာ သံဃမဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ်
အထူးအစည်းအဝေးက ကျင်းပခြင်း မပြုရန် ဆုံးဖြတ်ခဲ့သော်လည်း မဘသအဖွဲ့ ကကြီးမှူးကာ
အဆိုပါ အခမ်းအနားကို ကျင်းပခဲ့သည်ဟု မဟန၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်သံဃမဟာနယက ဆရာတော်ကြီးများသည် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန၏
အစိတ်အပိုင်းတစ်ခုဖြစ်သည့် အားလျော်စွာ အစိုးရအဆက်ဆက်၏ သဘောထားအတိုင်း
ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် ၎င်းအဖွဲ့၏ ကြေညာချက်အပေါ် အထူးတလည် ခံစားဖွယ်
မဟုတ်ဟု ရှုမြင်ကြောင်း ဦးဝီရသူက ဇူလိုင် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မဘသအဖွဲ့ မလိုအပ်ကြောင်း ပြောဆိုလာခြင်းမှာ အာဏာရပါတီနှင့် နိုင်ငံတော် အစိုးရ၏
သဘောထားဖြစ်သည်မှာ သိသာထင်ရှားကြောင်းနှင့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး
လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဝီရသူက ပြောကြားခဲ့သည်။

မဘသအဖွဲ့ ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သည့် ဦးဝီရသူ၏ ကြေညာချက်တွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို "အမျိုးသမီးအာဏာရှင် အစိုးရအဖွဲ့" ဟု ရည်ညွှန်း
သုံးနှုန်းထားပြီး၊ အစိုးရသစ်က မဘသအဖွဲ့ကို ဖြိုခွင်းဖျက်ဆီးရန် ခြေလှမ်းပြင်နေသည်ဟု
ရေးသားဖော်ပြထားသည်။

မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို တာမွေမြို့နယ်ရဲစခန်းတွင် ပြည်တွင်းသက်တော်စောင့်
လူမှုရေးအသင်းမှ ဦးဝင်းအောင် က သာသနာတော်ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ရန်
တိုင်ကြားထားကြောင်းနှင့် သံဃာ့ကိစ္စဖြစ်သည့်အတွက် ယင်းအမှုဖွင့်ရန် မြို့နယ်သံဃနာယကအဖွဲ့၏
အကြံပြုချက်ကို တောင်းခံထားကြောင်း တာမွေမြို့နယ်ရဲစခန်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင်
ပြောကြားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် မျိုးစောင့်ဥပဒေအောင်ပွဲကို တက်ရောက်ရန်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို ပင့်ဖိတ်ခဲ့သော်လည်း သံဃမဟာနာယကအနေဖြင့်
ကြွရောက်ခြင်း မပြု ရန်နှင့် သ၀ဏ်လွှာပေးပို့ ချီးမြှင့်ခြင်း မပြုရန်၊ နိုင်ငံတော်အစိုးရ၏ ပင့်ဖိတ်မှုများမှအပ
နိုင်ငံရေးပါတီများ၏ ပင့်လျှောက်လာမှုများကို တာဝန်ကျ သံဃမဟာနာယကအဖွဲ့ခွဲများအနေဖြင့်
ကြွရောက်ခြင်း မပြုရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ခဲ့သည်
ဟုလည်း မဟန၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ယမန်နှစ်က မျိုးစောင့်ဥပဒေများကို အတည်ပြုပြဋ္ဌာန်းရန် လွှတ်တော်အတွင်း ဆွေးနွေးခဲ့ကြစဉ်က
လူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီဟု ကန့်ကွက်ခဲ့သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
ကိုယ်စားလှယ်လောင်းများကို မဲမထည့်ရန် မဘသအဖွဲ့က လှုံ့ဆော်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း