ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်စေသည့် ပြောဆိုရေးသားမှုများကို သတိပြုရမည့် အခြေအနေဟု သာသနာရေးဝန်ကြီး လျှောက်ထား

ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာသည်နှင့်အညီ ဖေ့စ်ဘွတ်ခ်နှင့် လူမှုကွန်ရက်
သတင်းမီဒီယာများတွင် ဘာသာရေးအဓိကရုဏ်း နှင့် လူမျိုးရေးအဓိကရုဏ်များ ဖြစ်ပွားစေနိုင်သည့်
အပြောအဆို အရေးအသားများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာကြသဖြင့် ပိုမိုဂရုပြုဆောင်ရွက်ရမည့်
အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အစည်းကို
လျှောက်ထားခဲ့သည်။

ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ကျင်းပပြုလုပ်သည့် သတ္တမအကြိမ်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီစနစ်၏
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဟူသော လူ့အခွင့်အရေးကို အကြောင်းပြုကာ မလျော်ညီသည့်
အကြောင်းအရာများကို မဟုတ်မမှန် ဖန်တီးရေးသား ဖော်ပြနေကြသည့်အတွက် လူမျိုးရေးနှင့်
ဘာသာရေး အဓိကရုဏ်းများဖြစ်ပေါ်နိုင်သည့်အတွက် ဆရာတော်ကြီးများအနေဖြင့်
သံဃာ့အဖွဲ့အစည်းအားလုံး ညီညွတ်မှုကို ပိုမိုအလေးထားဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း
ဝန်ကြီးသူရဦးအောင်ကိုက လျှောက်ထားခဲ့သည်။

"အချို့သော ပုဂ္ဂိုလ်တွေကလည်း မိမိတစ်ဦးတစ်ယောက်ဆန္ဒနဲ့ သံဃာ့အဖွဲ့အစည်းကြီး
ပြိုကွဲပျက်စီးစေရန် ရည်ရွယ်ပြီး သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ
ပယ်ဖျက်ရေးအတွက် လွှတ်တော်အသီးသီးကို တင်ပြလာသည်ကို တွေ့ရှိနေရပါတယ်ဘုရား"ဟု
၎င်းက လျှောက်ထားခဲ့သည်။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ကြရာတွင် အဂတိတရားလိုက်စားမှု
ကင်းစင်စွာဖြင့် ဆောင်ရွက်ကြရန်၊ မိမိတို့လေ့လာသင်ကြားထားသော ပါဠိ၊ အဋ္ဌကထာ
ဗုဒ္ဓစာပေကျမ်းဂန်များ သာမက သံဃာ့အဖွဲ့အစည်းဆိုင်ရာ အခြေခံစည်းမျဉ်း၊ ဥပဒေနှင့်
လုပ်ထုံးလုပ်နည်း၊ ၀ိနိစ္ဆယရေးရာတို့ကို ကျေညက်အောင် ဖတ်ရှုလေ့လာထားမှသာလျှင်
လွဲမှားစွာ ဆုံးဖြတ်ခြင်းမှ ရှောင်လွှဲနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက
သံဃာတော်များ၏ လေးစားမှု နည်းပါးခြင်းနှင့် မျက်မှောက်သတင်းမီဒီယာများက သံဃမဟာ
နာယကအဖွဲ့အပေါ် မလျော်ရေးသား ပြောဆိုမိပါကလည်း အကုသိုလ်တရားများပွားများစေနိုင်သည်ဟု
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက
မိန့်ကြားပြောဆိုခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း