ရွေ့လျားပညာရေးဖြင့် ကျောင်းသား ၅,ဝဝဝ အထိ သင်ကြားပေးရန် စီစဉ်

လက်ဖက်ရည်ဆိုင်များမှ ကလေးအလုပ်သမားများကို စာသင်ကြားပေးနေသည့် မြန်မာရွေ့လျား
ပညာရေးစီမံကိန်း(MyMe)သည်၂ဝ၁၆ ခုနှစ်အကုန်တွင် ကျောင်းသားစုစုပေါင်း ၅,ဝဝဝ ခန့်ကို
စာသင်ကြားပေးနိုင်ရန် စီစဉ်နေသည်ဟု စီမံကိန်းဒါရိုက်တာ ဦးတင်မောင်မောင်အေးက ပြောသည်။

''လက်ရှိသွားနေတဲ့ စနစ်က ကျောင်းသား ၁,၅ဝဝ လောက်မှန်းထားတယ်။ နောက်ထပ် ၃,၅ဝဝ က
စီမံကိန်းသစ်ဖြစ်တဲ့ MyMe Box ကနေ မှန်းထားတယ်''ဟု ၄င်းက ပြောသည်။ ၂ဝ၁၄ ခုနှစ်တွင်
စတင်ခဲ့သည့်မြန်မာရွေ့လျားပညာရေးစီမံကိန်းသည် အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာ၊
မြောက်ဥက္ကလာ၊ သာကေတ၊ မရမ်းကုန်၊ ရန်ကင်း၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ လသာစသည့်
မြို့နယ်များရှိလက်ဖက်ရည်ဆိုင် ၅၃ ဆိုင်နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှစ်ကျောင်းမှ
ကျောင်းသူကျောင်းသား ၁,၂ဝဝ ခန့်ကို သင်ကြားရေး ဆရာ၊ ဆရာမ ၅ဝ ခန့်ဖြင့် သင်ကြားပေးလျက်
ရှိသည်။

နှစ်ကုန်ပိုင်းတွင် မြန်မာရွေ့လျားပညာရေးစီမံကိန်းကို အခြားသောမြို့နယ်များတွင် တိုးချဲ့
သင်ကြားရန် စီစဉ်နေသည်။

''ရှိပြီးသားမြို့နယ်တွေကိုပဲ ဆက်သွားနေမယ်။ အသစ်ထပ်ချဲ့မှာက သန်လျင်ကျောက်တန်း၊
ဘုရားနားမှာ လှေဆွဲနေတဲ့ကလေးတွေအတွက် MyMe အတန်းလုပ်ဖို့ စီစဉ်နေတယ်။ နောက်တစ်ခုက
ဒလဘက်မှာပါ။ ညှိနေတယ်''ဟု ကိုတင်မောင်မောင်အေးက ပြောကြားသည်။

ကျောင်းနေရန် အခက်အခဲရှိသော ကလေးငယ်များအတွက် အခမဲ့စာသင်ကြားပေးနေသည့်
MyMe Box သည် ဖုန်းအရွယ်အစားခန့်သာ ရှိမည်ဖြစ်ပြီး သင်ကြားရေးနှင့်ပတ်သက်သည့်
စာအုပ်ပေါင်းနှစ်သောင်းခန့်နှင့် ဂိမ်းများပါဝင်မည်ဖြစ်ကာ စာသင်ကျောင်းမရှိသည့်
ဝေးလံခေါင်ဖျားဒေသများ၏ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်
ဖန်တီးထားခြင်းဖြစ်သည်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း