ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ရှမ်းမြောက်တွင် တစ်လအတွင်း ကလေးငယ်လေးဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် တစ်လအတွင်း ကလေးငယ်လေးဦး
သေဆုံးခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ပြည်နယ်နှင့်
တိုင်းဒေသကြီး ခုနစ်ခုတွင် ခြင်ကိုက်ခြင်းကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ(Japanese
Encephalitis Vaccine) ဖြစ်ပွားလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ရခိုင်ပြည်နယ်တွင်
သေဆုံးမှုများနေပြီး၊နိုင်ငံတစ်ဝန်းတွင် ယခုနှစ် ရှစ်လတာကာလအတွင်း အဆိုပါရောဂါကြောင့်
အသက် ၁၅နှစ်အောက် ကလေးငယ် ၁၉ ဦး သေဆုံးခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက
ပြောကြားသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်များတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလျက်
ရှိပြီး၊ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ် ၁၉ ရက်အထိ ရောဂါ ဖြစ်ပွားနေသူပေါင်း ၁၇၃ ဦးနှင့် သေဆုံးသူ ၁၉ ဦး
ရှိခဲ့သည်။

သေဆုံးမှုများနေသော ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၁ဝ မြို့နယ်ရှိ အသက်ကိုးလမှ
အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၄ဝ,ဝဝဝ ခန့်ကို သြဂုတ်လအတွင်း ရောဂါကာကွယ်ဆေး
ထိုးပေးရန် စီစဉ်နေပြီး၊ရခိုင်ပြည်နယ်သို့လည်း သွားရောက်မည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးက
ပြောသည်။

''ဆေးက အလွန်ဆုံး အယောက် ၄ဝ,ဝဝဝ စာပဲ အဆင်သင့်ရှိတယ်။ ရခိုင်မှာတော့ စက်တင်ဘာ၊
အောက်တိုဘာလောက်မှ ထိုးမှာဆိုတော့ ဘယ်လောက် ထိုးပေးနိုင်မလဲ အတိအကျမသိသေးဘူး။
ကာကွယ်ရေးလုပ်ငန်းက ကာကွယ်ဆေးထိုးတာပဲ အထိရောက်ဆုံးဖြစ်တယ်။ လောလောဆယ်
မြန်မာပြည်ရဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းမှာတော့ မပါသေးဘူး။ သူ့ရဲ့ ကာကွယ်ဆေးက
တန်ဖိုးကြီးတယ်'' ဟု ဒေါက်တာအောင်ကျော်မိုးက ပြောသည်။

ယခုအခါ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် ရောဂါကူးစက်ခံရသူ ထပ်မံမတွေ့ရသော်လည်း
ကျန်နေရာများတွင်ရောဂါဆက်လက်ဖြစ်ပွားနေပြီး၊ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို
လျှော့ချနိုင်ရေးအတွက်၂ဝ၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အသက်ကိုးလမှ ၁၅ နှစ်အတွင်းရှိ
ကလေးများအားလုံးကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်သည်။
လာမည့် ၂ဝ၁၈ ခုနှစ်မှစတင်၍ ပုံမှန်ကာ ကွယ်ဆေးထိုးလုပ်ငန်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ
ကာကွယ်ဆေးကို ထည့်သွင်းပေးရန် စီစဉ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရှစ်လအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ကလေးငယ်နှစ်ဦး
သေဆုံးခဲ့သော်လည်း ယခုလောလောဆယ်တော့ ရောဂါကူးစက်ခံရသူ ထပ်မတွေ့ရကြောင်း
ရန်ကုန်တိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဝင်းလွင်က ပြောကြားသည်။

အဆိုပါရောဂါပိုးကို ဂျပန်နိုင်ငံသားပညာရှင်က စတင်ဖော်ထုတ်နိုင်ခဲ့၍(ဂျပန်ဦးနှောက်ရောင်ရောဂါ)
ဟု ခေါ်ဆိုပြီး၊ အဆိုပါရောဂါသည် ဃကူနထ အမျိုးအနွယ်ဝင် ခြင်ကိုက်မှုမှတစ်ဆင့်
ကူးစက်တတ်သည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း၊ အသက် ၁၅ နှစ်အောက်
ကလေးများတွင် ဖြစ်ပွားပါက သေဆုံးနိုင်ဖွယ် ပိုများသည်ဟု ကျန်းမာရေးဌာန တာဝန်ရှိသူများက
ပြောသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါ၏ အဓိကလက္ခဏာများမှာ ဖျားခြင်း၊ အန်ခြင်း၊ တက်ခြင်း အချိန်နေရာ
မဝေခွဲနိုင်အောင် စိတ်ကယောင်ချောက်ချား ဖြစ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် အသက်
သေဆုံးခြင်းများ ဖြစ်နိုင်ကြောင်း အမျိုးသားငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနက ပြောသည်။
ပုဂ္ဂလိကဆေးရုံများတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနိုင်ပြီး ဆေးထိုးလိုပါက
ဆေးတစ်လုံးကို ကျပ် ၃၅,ဝဝဝ ဝန်းကျင် ကုန်မည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း