ကန့်ကွက်ဆန္ဒပြမှုများ၊ ဝေဖန်မှုများဖြင့် ကြိုဆိုခံလိုက်ရသည့် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်၏ ပထမခရီး

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဒေသခံများ စက်တင်ဘာ ၆ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဒေသခံများ စက်တင်ဘာ ၆ ရက်က ကန့်ကွက်ဆန္ဒပြနေစဉ်။ အောင်မြင်ရဲဇော်/ မြန်မာတိုင်း(မ်)

သြဂုတ် ၂၄ ရက်က ဖွဲ့စည်းလိုက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏
ဥက္ကဋ္ဌ ကိုဖီအာနန်သည် စစ်တွေသို့ စက်တင်ဘာ ၆ ရက်က သွားရောက်ခဲ့ရာ ရာနှင့်ချီသည့်
ဆန္ဒပြသူများက အပြင်းအထန် ကန့်ကွက်ခြင်း ခံလိုက်ရသည်။ သို့သော် ပဋိပက္ခများကို
အဆုံးသတ်ရန် ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းကာရခိုင်ပြည်နယ်၏
စီးပွားရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အားပေးကူညီဆောင်ရွက်သွားရန် ၄င်းက
သန္နိဋ္ဌာန်ချထားသည်။

စစ်တွေလေဆိပ်အဝင်ဝတွင် အင်အား၁,ဝဝဝ နီးပါးရှိသည့် ဆန္ဒပြသူများက ရခိုင်ပြည်နယ်အရေးတွင်
ပြည်ပနိုင်ငံသားများ ဝင်စွက်မှုကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ''ကိုဖီအာနန်ကို
အလိုမရှိ''ဟုအော်ဟစ်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

အစိုးရသစ်က မြန်မာနိုင်ငံသားခြောက်ဦးနှင့် နိုင်ငံခြားသား သုံးဦးဖြင့် ဖွဲ့စည်းလိုက်သည့် အဆိုပါ
ကော်မရှင်အဖွဲ့ဝင်များသည် ဒေသခံ နိုင်ငံရေးသမားများနှင့် လူ့အဖွဲ့အစည်းနှစ်ခုစလုံးမှ
ကိုယ်စားလှယ်များ၊ ဘာသာရေးနှင့် လူမှုကွန်ရက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်
ရခိုင်ပြည်နယ်သို့ နှစ်ရက်တာခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် ''ရခိုင်ပြည်နယ်ရှိ အစဉ်အလာကြီးမားသည့်
သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကိုသိရှိကြောင်း'' နှင့် ''သမာသမတ်ကျကျ''ဆောင်ရွက်ရန်
ဆုံးဖြတ်ထားကြောင်းမစ္စတာ ကိုဖီအာနန်က ကော်မရှင်အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ် ၁ဝဝ ခန့်ကို
ပြောကြားခဲ့သည်။

သို့သော် တွေ့ဆုံပွဲနောက်ပိုင်းတွင် မစ္စတာ ကိုဖီအာနန်ကို တိုက်ရိုက်တင်ပြခွင့်မရခဲ့သည့်အတွက်
မကျေနပ်ကြောင်း တွေ့ဆုံပွဲသို့တက်ရောက်သူ ဒေသခံများက ထုတ်ဖော်ပြောကြားခဲ့ရာ ကော်မရှင်၏
အာမခံပြောကြားမှုများက ဒေသခံ ရခိုင်လူမျိုးအချို့၏စိတ်ပူပန်မှုကို လျော့ပါးသွားစေခြင်းမရှိသေးပေ။

''ကျွန်တော်တို့ကို တွေ့ဆုံဆွေးနွေးဖို့ဖိတ်ပြီးတော့ ဆွေးနွေးခွင့်မပြုဘဲ ထိုင်ခိုင်း၊လက်ခုပ်တီးပြီး
ပြန်ခိုင်းတာကတော့ ရခိုင်တစ်မျိုးသားလုံးကို အလေးမထားရာရောက်ပါတယ်'' ဟု စစ်တွေမြို့မှ
မြို့မိမြို့ဖဖြစ်သူ ဦးသန်းထွန်းက ပြောသည်။

၂ဝ၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် ခိုးဝင်ဘင်္ဂါလီများဟု မြန်မာအများစုက
သတ်မှတ်ထားသောလူနည်းစု မွတ်စလင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ လူပေါင်း ၁၂ဝ,ဝဝဝ ကျော်
မိမိနေရပ်မှ ထွက်ပြေးခဲ့ကြရပြီး အများစုမှာ မွတ်စလင်လူမျိုးများဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ လူနည်းစုများ၏လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ အစိုးရ
အဆက်ဆက်နှင့် လက်ရှိနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
ဖြေရှင်းပေးရန် ပျက်ကွက်နေသည်ဟု နိုင်ငံတကာက ပြစ်တင်ဝေဖန်လျက်ရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်းသည် အဆိုပါကိစ္စများမှ တချို့ကို
ဖြေရှင်းပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုတစ်ရပ်အဖြစ် လက်ခံရမည်ဖြစ်သည်။
သို့သော် ကော်မရှင်အား နိုင်ငံခြားသားများ ဖွဲ့စည်းခြင်းမှာ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ
အပါအဝင် ပြည်ပအေဂျင်စီများက မွတ်စလင်များအား ဦးစားပေးနေသည်ဟု ယုံကြည်ထားသူများ
အပေါ် အမျက်ထွက်စရာဖြစ်နေသည်။

''ပြည်ထောင်စုအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အကြံပေးအဖွဲ့တစ်ခုခုဖွဲ့ဖို့
လိုအပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား အသိပညာရှင်အတတ်ပညာရှင်တွေစုစည်းပြီး
ဖွဲ့စည်းသင့်တယ်လို့ မြင်ပါတယ်။ အခုလိုမျိုး ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ်အောင်
ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းတာကို ပြည်သူတွေမလိုလားတာကြောင့်
အခုလို ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်''ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ မင်းဂံရပ်ကွက်မှ ဒေါ်မေဖြူက
ပြောသည်။

မစ္စတာကိုဖီအာနန်သည် နံနက် ၁ဝ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ရောက်ရှိပြီး စစ်တွေမြို့ရှိ
လူမှုကွန်ရက်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အကြံပေးကော်မရှင်ဖွဲ့စည်းရခြင်းနှင့်ပတ်သက်ပြီး
ရည်ရွယ်ချက်များကို ရှင်းပြခဲ့သည်။ သို့သော် ဆန္ဒပြသူ ၁ဝဝ ခန့်သည် ကြွေးကြော်သံများကို
အပြင်ဘက်တွင် သံပြိုင်အော်ဟစ်နေသဖြင့် မစ္စတာကိုဖီအာနန်၏ ပြောကြားချက်များကို
ကောင်းကောင်းမကြားရချေ။

စက်တင်ဘာ ၆ ရက် မနက်က စစ်တွေလေဆိပ်သို့ရောက်ရှိသည့်အချိန်တွင် ကြုံတွေ့ခဲ့ရသည့်
အနေအထားနှင့် ပတ်သက်ပြီး မစ္စတာကိုဖီအာနန်က ''တက်ကြွပြီး အားမာန်ပါသည့်ကြိုဆိုမှု'' ဟု
ထုတ်ဖော်ပြောကြားထားသည်။

ဘုန်းကြီးများအပါအဝင် အနည်းဆုံး လူပေါင်း ၄ဝဝ ရှိမည့် ဆန္ဒပြသူများသည် နိုင်ငံခြားသား
ဝင်စွက်ခြင်းကို လက်မခံကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များကို ဝှေ့ရမ်းကာ
မစ္စတာကိုဖီအာနန်ကိုလက်မခံကြောင်း ကြွေးကြော်ပြီး လေဆိပ်အထွက်လမ်းတစ်လျှောက်
တန်းစီကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

''ဒီကော်မရှင်ဟာ တရားမျှတမှုရှိမယ်လို့ ကျွန်တော်တို့ မယုံပါဘူး''ဟု လေဆိပ်ရှိဆန္ဒပြပွဲ
စီစဉ်သူများကို အကူအညီပေးနေသည့် ကိုအောင်ကိုမိုးက ပြောသည်။

ဆန္ဒပြသူများကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုက တစ်ယောက်လျှင် ကျပ် ၅,ဝဝဝ ပေးပြီး
ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်စေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး
ဦးတင်မောင်ဆွေက ပြောသည်။

''သူတို့တွေက စစ်တွေက မဟုတ်ပါဘူး''ဟု ၄င်းက ပြောသည်။ ဆန္ဒပြသူအချို့က၄င်းတို့သည့်
စစ်တွေအနီးအနားရွာများမှဖြစ်ပြီး စက်တင်ဘာ ၅ ရက် ညပိုင်းတွင်ဒေသခံခေါင်းဆောင်များက
လှုံ့ဆော်စည်းရုံးခဲ့ပြီးသည့်နောက် ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် ဆန္ဒပြပွဲတွင် ပါဝင်လာခဲ့ခြင်း
ဖြစ်သည်ဟု ပြောသည်။

သို့သော် စစ်တွေဒေသခံများမှာလည်း ကော်မရှင်တွင်း နိုင်ငံခြားသား ပါဝင်ခြင်းကို မနှစ်သက်ကြချေ။
''ကော်မရှင်မှာအရေးပါဆုံးက ဥက္ကဋ္ဌပါ။ ကိုဖီအာနန်ကိုဥက္ကဋ္ဌအဖြစ် ခန့်အပ်ပါဝင်စေမယ်ဆိုရင်
အဓိကပြဿနာကတော့ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သူကောင်းကောင်း
မသိဘူးဆိုတဲ့ အချက်ပါပဲ။ သူ့ဆုံးဖြတ်ချက် မှားသွားရင် ဒီကလူတွေ ပိုပြီးနစ်နာသွားမှာကို
ကျွန်တော်တို့စိုးရိမ်နေပါတယ်''ဟု ရှေ့နေ ဦးမြင့်စိုးဝင်းက ပြောသည်။

''ဒီကိစ္စမျိုးဆိုတာ တစ်ရက်တည်းနဲ့ ဖြေရှင်းလို့ရတာမျိုး မဟုတ်သလို တစ်ခေါက်လောက်
လာကြည့်ပြီး ဆုံးဖြတ်လို့ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒါကြောင့် အဖြေရှာနိုင်တဲ့အချိန်အထိ
ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးသွားမယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည့်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သဘောထားမှတ်ချက်ပေးပြီးသည့်နောက်တွင် နိုင်ငံတော်
အတိုင်ပင်ခံရုံး ဝန်ကြီးနှင့် ကုလသမဂ္ဂသံအမတ်ဟောင်း ဦးကျော်တင့်ဆွေကရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်ကို ''တစ်နိုင်ငံလုံး၏ ကောင်းကျိုးအတွက်'' ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း
ပြောကြားခဲ့သည်။ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် အတူဒွန်တွဲနေသည်ဟု
၎င်းက ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကလည်း ငြိမ်းချမ်းရေးနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြား အဆက်အစပ်ရှိကြောင်းကို အလေးထား ပြောကြားခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဒေသခံများ၏ ''နစ်နာဆုံးရှုံးမှု''များနှင့်
ရှေ့လျှောက်ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း သတိထားမိကြောင်း မစ္စတာ ကိုဖီအာနန်က
ပြောသည်။

''ကျွန်တော့်ရဲ့အတွေ့အကြုံအရ ပြောရမယ်ဆိုရင် တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီ
လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ အချက်သုံးချက် လိုပါတယ်။အဲဒါတွေကတော့
ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဘေးကင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးမှုနဲ့
လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း တို့ပါပဲ။တရားဥပဒေစိုးမိုးမှုနဲ့ လူ့အခွင့်အရေးမရှိဘဲ
တိုးတက်ဖွံ့ဖြိုးနေတဲ့နိုင်ငံမျိုး မရှိပါဘူး''ဟု ၄င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများကလည်း ''အပြုသဘောဆောင်သည့်ကဏ္ဍက''
ပါဝင်ပေးရန် မစ္စတာကိုဖီအာနန်က မေတ္တာရပ်ခံခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒတ်ခ်ျလူမျိုး သံအမတ်ဟောင်းနှင့်
ကုလသမဂ္ဂအကြံပေးဟောင်းဖြစ်သူ Laetitia van den Assum က ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများ၏အကြံဥာဏ်များကို
အလေးထား ဆောင်ရွက်မည်ဟု မစ္စတာ ကိုဖီအာနန်က ကတိပြုထားကြောင်း ထပ်လောင်း
ပြောကြားခဲ့သည်။

''ဒေသခံတွေပြောတာတွေကို ကျွန်မတို့နားထောင်ကြမှာပါ'' ဟု ၄င်းက ပြောသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်တွင် နိုင်ငံတကာက ပုဂ္ဂိုလ်များ ပါဝင်နေသည့်အတွက်
တိုင်းပြည်၏ အချုပ်အခြာအာဏာ ထိခိုက်သွားမည်ကို ရခိုင်ပြည်သူများအပါအဝင်
ပြည်သူအချို့က စိုးရိမ်နေသည့်အပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
စိုးရိမ်စိတ်မထားရန် စက်တင်ဘာ ၅ ရက်ကအသိပေးပြောဆိုထားသည်။ မြန်မာနိုင်ငံ၏
အရေးကိစ္စကို မြန်မာပြည်သူများကသာဆုံးဖြတ်ရမည်ဖြစ်သည့်အတွက် အချုပ်အခြာအာဏာကို
ထိခိုက်စရာအကြောင်းမရှိဟုလည်း ပြောဆိုခဲ့သည်။

နိုင်ငံတကာက ပုဂ္ဂိုလ်သုံးဦးကို ထည့်သွင်းဖွဲ့စည်းထားခြင်းသည် ရခိုင်ပြည်နယ်ပြဿနာကို
နိုင်ငံတကာပြဿနာတစ်ခုအဖြစ်အစိုးရက ဖန်တီးနေသည်ဟူသောစွပ်စွဲချက်များမှာလည်း
မှန်ကန်မှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုခဲ့သည်။

''ကျွန်မတို့ရဲ့ ပြဿနာတွေဟာ နိုင်ငံတကာစင်မြင့်တွေပေါ် ရောက်ခဲ့တာ နှစ်ပေါင်းတော်တော်
ကြာနေပါပြီ။ ကျွန်မတို့က ဒီတိုင်းပြည်ရဲ့ပြဿနာတွေက ဘာလို့ နိုင်ငံတကာက လူတွေအတွက်
အရေးပါသလဲဆိုတာ အဖြေရှာချင်တာပါ''ဟု ၄င်းက ဆိုသည်။

ကော်မရှင်အဖွဲ့ဝင်များသည် စစ်တွေအနီးရှိ ရွာများနှင့် နှစ်ဖက်အဖွဲ့အစည်း၏ ဒုက္ခသည်
စခန်းများသို့ စက်တင်ဘာ ၇ ရက်တွင် သွားရောက်လေ့လာခဲ့ကြသည်။ကော်မရှင်၏ရုံးခန်းကို
စစ်တွေတွင် လတ်တလောဖွင့်လှစ်ထားပြီး အဖွဲ့ဝင်ငါးဦးမှ ၁ဝ ဦးခန့်ဖြင့် လုပ်ငန်းတာဝန်များကို
ဆောင်ရွက်မည်ဖြစ်ကြောင်း မစ္စတာကိုဖီအာနန် ကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက
အတည်ပြု ပြောကြားထားသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် စက်တင်ဘာ ၈ ရက်(ယနေ့)တွင်သမ္မတဦးထင်ကျော်နှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်၌ သီးသန့်စီ တွေ့ဆုံမည်ဖြစ်ပြီး
ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကော်မရှင်၏ ပထမဦးဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတစ်ခုကို
ပြုလုပ်ရန်လည်း ကော်မရှင်က စီစဉ်ထားသည်။ သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း