၁၆ ကြိမ်မြောက်ညီလာခံတွင် KNU ၏ ခေါင်းဆောင်ပိုင်း ရာထူးများ ပြောင်းလဲဖွယ်ရှိ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အင်အားကြီး
ကရင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး
(KNU) သည် ၁၆ ကြိမ်မြောက်ညီလာခံကို နိုဝင်ဘာလအတွင်း ၄င်းတို့၏ဌာနချုပ်ဖြစ်သည့်
လှိုင်းဘွဲ့မြို့နယ် လေးဝါးဒေသတွင် ပြုလုပ်ရန်ရှိပြီး ရွေးကောက်ပွဲတစ်ခုလည်းပြုလုပ်သွားမည်ဟု
KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ဖွဲ့စည်းပုံအရ လေးနှစ်တစ်ကြိမ်ပြုလုပ်သည့် KNU ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်များကို
ရွေးချယ်လေ့ရှိပြီး ၁၆ ကြိမ်မြောက်ညီလာခံတွင်လည်း ဥက္ကဋ္ဌရာထူးအပါအဝင် ခေါင်းဆောင်ပိုင်း
ရာထူးများ အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ၄င်းက ဆိုသည်။

''ရွေးချယ်တင်မြှောက်တာအပြင် ကျွန်တော်တို့ လေးနှစ်အတွင်း လုပ်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ၊
နိုင်ငံရေးအခြေအနေသုံးသပ်ချက်တွေနဲ့ အခုဆိုပင်လုံညီလာခံပေါ့နော်။ အဲဒီကိစ္စတွေကို
ပြန်လည်သုံးသပ်တဲ့အနေနဲ့လည်း ညီလာခံမှာ ဆွေးနွေးသွားမယ်။ညီလာခံကိုတော့ နိုဝင်ဘာကို
လျာထားတယ်။ ဘယ်ရက်လည်းဆိုတာတော့ ပြောလို့မရသေးဘူး''ဟု ဖဒိုစောကွယ်ထူးဝင်းက
ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး၏ ညီလာခံကို နိုဝင်ဘာ၂၁ ရက်တွင် ပြုလုပ်သွားမည်ဟု
ကရင်အမျိုးသားမီဒီယာက သတင်းရေးသားဖော်ပြထားသည့်အပေါ် KNU ၏ အထွေထွေ
အတွင်းရေးမှူးက အတည်ပြု ပေးခြင်းမရှိခဲ့ပေ။ ကရင်အမျိုးသားအစည်းအရုံးသည်
၁၆ ကြိမ်မြောက်ညီလာခံမတိုင်ခင်တွင် ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးကို
လာမည့် အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သွားရန်လည်း လျာထားသည်။

လာမည့်ညီလာခံတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ရာထူးများအတွက်
မည်သူတို့က ရွေးကောက်ခံရမည်ကို ခန့်မှန်းရခက်နေသည်ဟု အမည်မဖော်လိုသူ
ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာက ပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက် ညီလာခံတွင် ဥက္ကဋ္ဌဟောင်းဖြစ်သူ
ဗိုလ်ချုပ်ကြီးစောတာမလာဘောက ရာထူးမှ အနားယူခဲ့ပြီး လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး
စောမူတူးစေးဖိုး၊ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ သမီးဖြစ်သော
ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းတို့ကို KNU ၏
ခေါင်းဆောင်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

''အဲဒီတုန်းက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ နော်စီဖိုးရာစိန်တို့က ဥက္ကဋ္ဌရာထူးအတွက်
အပြိုင်ဖြစ်နေကြတာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက
မဲအများဆုံးရခဲ့တယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ နော်စီဖိုးရာစိန်က KNU ရဲ့
သဘောထား တင်းမာသူတစ်ဦးပါ။ လာမယ့်ရွေးကောက်ပွဲမှာလည်း သူတို့နှစ်ယောက်ထဲက
တစ်ယောက်ယောက်ဥက္ကဋ္ဌဖြစ်ဦးမှာပါ''ဟု အဆိုပါ ဗဟိုကော်မတီဝင်က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏
နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၄၇ခုနှစ်တွင် တည်ထောင်ခဲ့ရာ လက်ရှိတွင် ဥက္ကဋ္ဌမှာ KNU ၏
ကိုးဦးမြောက် ဥက္ကဋ္ဌဖြစ်သည်။ KNU သည် ၂ဝ၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို
လက်မှတ်ထိုးခဲ့သေးသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း