ချဉ်းကပ်ပုံပြောင်းလဲတော့မည့် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ

 

စက်တင်ဘာ ၁၄ ရက်က အိမ်ဖြူတော်တွင် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ်။ ဓာတ်ပုံ - အီးပီအေစက်တင်ဘာ ၁၄ ရက်က အိမ်ဖြူတော်တွင် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ်။ ဓာတ်ပုံ - အီးပီအေ

နှစ်နိုင်ငံဆက်ဆံရေးအတွက် စီးပွားရေးပိတ်ဆို့မှုသည် အလုပ်မဖြစ်တော့သည့်အတွက်
ဒဏ်ခတ်ပိတ်ဆို့မှုကို ဖယ်ရှားရန် အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က စက်တင်ဘာ၂ဝ ရက်က ပြုလုပ်ခဲ့သည့်
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ပိတ်ဆို့မှုတွေ ဆက်လက်ထားရှိခြင်းရဲ့ အဖိုးအခဟာ ပိုပြီးကြီးမားတယ်လို့ ကျွန်တော်တို့
ယူဆပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် လွန်ခဲ့သည့်သီတင်းပတ်က တွေ့ဆုံမှုအပြီး
မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုများကို ''မကြာမီ'' ဖယ်ရှားပေးမည်ဟု
အမေရိကန်သမ္မတ အိုဘားမားက ကြေညာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော်ခန့်က စတင်ခဲ့သည့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်
ပိတ်ဆို့မှုများကို အမေရိကန်သမ္မတအိုဘားမားလက်ထက် ၂ဝ၁၂ ခုနှစ်မှစတင်၍ တစ်ဆင့်ချင်း
ဖြေလျှော့ခဲ့သည်။သို့ရာတွင် အရေးပေါ်အုပ်ချုပ်ရေးအမိန့်ဖြင့် တားမြစ်ထားသည့် ပိတ်ဆို့မှုများကိုမူ
ဆက်လက်ထားရှိကာ နှစ်စဉ် သက်တမ်းတိုးခဲ့သည်။

စစ်အာဏာရှင်စနစ်အောက် ကျရောက်ခဲ့စဉ်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ထောက်ခံသည့်
အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့၍ ဒဏ်ခတ်အရေးယူခဲ့သော်လည်း
ယခုအခြေအနေတွင် အကျိုးဆက်ကို ချိန်ဆပြီးမှ ပိတ်ဆို့မှုများကို ဖယ်ရှားရန် အမေရိကန်အစိုးရက
ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မစ္စတာစကော့မာစီရယ်လ်က ပြောသည်။

''စီးပွားရေးပိတ်ဆို့မှုတွေ ရှိနေခဲ့ခြင်းဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတွေအတွက်
အတားအဆီးတွေဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

သို့ရာတွင် ဘဏ္ဍာရေးဌာနက အရေးယူထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များ
(Specially Designated Nationals) အား အမည်ပျက်စာရင်းမှ ဖယ်ရှားပေးမည့်
အချိန်အတိအကျကိုမူ ၄င်းက ပြောဆိုခဲ့ခြင်းမရှိပေ။ ၄င်းအမည်ပျက်စာရင်းဝင် စီးပွားရေး
လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက်
အတားအဆီးဖြစ်စေသည်ဟု အမေရိကန် အစိုးရက ယခင်က သတ်မှတ်ထားသူများဖြစ်သည်။

''ကျွန်တော်တို့ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားလိုက်တဲ့အခါကျရင်တော့ မြန်မာနိုင်ငံက စီးပွားရေး
လုပ်ငန်းရှင် ၁ဝ၄ ဦးဟာ အမည်ပျက်စာရင်းကနေ ပယ်ဖျက်ခြင်းခံရမှာပါ'' ဟု
မစ္စတာ စကော့မာစီရယ်လ်က ပြောသည်။

၂ဝ၁၆ ခုနှစ်အတွင်း အရပ်သားအစိုးရသစ် တက်လာပြီးနောက် ''မြန်မာနိုင်ငံ၏ဒီမိုကရေစီအရေး
ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံ''သည့် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ
နိုင်ငံခြားရေးအခြေခံမူဝါဒမှာ ပြောင်းလဲသွားမည်မဟုတ်ဘဲ၊ ချဉ်းကပ်ပုံသာ ပြောင်းလဲသွားမည်
ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

''တချို့သော ကျွန်တော်တို့ အသုံးပြုတဲ့ မူဝါဒဆိုင်ရာ ချဉ်းကပ်ပုံကိုတော့ ပြောင်းလဲသွားပါမယ်'' ဟု
စကော့မာစီရယ်လ်က ပြောသည်။

အရေးယူပိတ်ဆို့သည့် ချဉ်းကပ်ပုံမှာအလုပ်မဖြစ်တော့သည့်အတွက် ပိတ်ဆို့မှုများကို ဖယ်ရှားပြီး၊
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်နိုင်သည့် ''ကုန်သွယ်မှု
အထူးအခွင့်အရေး (Generalized System of Preferences) ကို ပြန်လည်ပေးအပ်ရန်
လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန်အစိုးရက ၄င်းနှင့်
ကုန်သွယ်ရာတွင် အထူးအခွင့်အရေးပေးသည့် အစီအစဉ်အရ ကုန်စည်အမျိုးအစားပေါင်း
၅,ဝဝဝ ခန့်ကို အမေရိကန် ပြည်ထောင်စုသို့ တင်ပို့ရာတွင် သွင်းကုန်အပေါ် ကောက်ခံသည့်
အခွန်ခ ပေးဆောင်ရန် မလိုအပ်ပေ။ ကုန်သွယ်မှုအထူးအခွင့်အရေးပေးသည့် နိုင်ငံများစာရင်း
(GSP list) မှ မြန်မာနိုင်ငံကို ၁၉၈၉ ခုနှစ်တွင် အမေရိကန်အစိုးရက ပယ်ဖျက်ခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် စီးပွားရေးပိတ်ဆို့မှုကို
ရုတ်သိမ်းလိုက်သော်လည်း နှစ်နိုင်ငံစစ်ရေးအရ ဆက်နွှယ်မှုများမှာ ပြောင်းလဲဦးမည်မဟုတ်ကြောင်း
စကော့မာစီရယ်လ်က ပြောသည်။ စီးပွားရေးအရ ပိတ်ဆို့မှုကို ဖယ်ရှားလိုက်သော်လည်း
အမေရိကန်နိုင်ငံ၏ စစ်လက်နက်များ ရောင်းချခွင့်ကန့်သတ်ထားခြင်းကိုမူ ဆက်လက်
ထားရှိမည်ဖြစ်သည်။

''နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ အထူးဂရုပြုပြီး
ချဉ်းကပ်နေပါတယ်'' ဟု စကော့မာစီရယ်လ်က ပြောသည်။

နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးအတွက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍လည်း
အရပ်သားအစိုးရနှင့် ဦးစွာတိုင်ပင်ပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်
ပြောကြားသည်။ သို့ရာတွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကမူ မြန်မာနိုင်ငံတွင်
စီးပွားရေးအရ အခွင့်အလမ်းများကို မက်မော၍ နိုင်ငံရေးရပ်တည်ချက်ကို အလျှော့ပေးခြင်း
ဖြစ်သည်ဟု အမေရိကန်အစိုးရကို ဝေဖန်ခဲ့ကြသည်။

''အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လုပ်သားဈေးကွက် နဲ့ သဘာဝသယံဇာတ ရင်းနှီးမြှုပ်နှံမှု
ဈေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်လိုပြီး၊ အားကောင်းတဲ့ စီးပွားရေးလက်တွဲဆောင်ရွက်မှုကနေ
မဟာဗျူဟာကျကျ အကျိုးအမြတ်ရချင်နေတာ ထင်ရှားပါတယ်'' ဟု မြန်မာနိုင်ငံတွင်
အခြေစိုက်သည့်နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင်မှ Daniel Aguirre က
သုံးသပ်သည်။

အကျင့်ပျက်ချစားမှုများ၊ အလွဲသုံးစားမှုများနှင့် ဆက်နွှယ်နေသည့် ကျောက်စိမ်းနှင့်
ကျောက်မျက်ရတနာ ဈေးကွက်နှင့် စပ်လျဉ်း၍ စစ်တပ်နှင့်နီးစပ်သည့် လူတစ်စုသာ
စီးပွားရေးပိတ်ဆို့မှုဖယ်ရှားသည့် အကျိုးအမြတ်ကို ရယူခြင်း မရှိစေရန် အစီအမံအချို့ကို
အမေရိကန်အစိုးရက လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့အစည်း
တစ်ခုဖြစ်သည့် GlobalWitness က ထုတ်ပြန်ထားသည်။

မစ္စတာမာစီရယ်လ်ကမူ ၄င်း၏အစိုးရက ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများကို
ပွင့်လင်းမြင်သာပြီး၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိအောင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း