ဇီကာရောဂါကူးစက်ခံရသည့်လူနာကို ၎င်း၏ နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

ဇီကာရောဂါကူးစက်ခံရသည့်လူနာကို ၎င်း၏ နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး
ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်စေရန်အတွက် ၎င်းနေထိုင်ရာ ပတ်ဝန်းကျင်နှင့် ၎င်းသွားရောက်ခဲ့သည့်
နေရာများတွင် ရှောဂါရှာဖွေခြင်းနှင့် ခြင်နှိမ်နင်းရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်
သွားမည်ဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာသန်းထွန်းအောင်က အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းက
ပြောသည်။

"ဇီကာက သာမန်လူတွေဖြစ်တယ်ဆိုရင် ဖျားနာမယ်၊တုပ်ကွေးပုံစံမျိုးဖြစ်တယ်၊ အသက်သေဆုံးနိုင်
ချေနည်းတယ်။ ကိုယ်ဝန်ဆောင်ကို ကူးစက်မယ်ဆိုရင် ဦးခေါင်းသေး၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုနည်းတဲ့
ကလေး မွေးဖွားနိုင်ချေရှိလို့ သတိပြုရမှာဖြစ်တယ်။ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တိုင်းလည်း
ဦးခေါင်းသေး ကလေးမွေးတာမျိုးတော့မဟုတ်ပါဘူး။ ဒါကြောင့် အဓိကက ခြင်ကိုက်မခံဖို့နဲ့
ကိုယ့်ပတ်ဝန်းကျင်ကို ခြင်မရှိအောင် ဂရုစိုက်ဖို့လိုပါတယ်"ဟု ၎င်းင်းကပြောသည်။

ရန်ကုန်မြို့မှ အသက် ၃၂ နှစ်အရွယ် နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးတွင် ဇီကာရောဂါပိုးကို
စစ်ဆေးတွေ့ရှိကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ရောဂါထိန်းချုပ်
ကာကွယ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

"လူနာက ဒီမှာနေတာ နှစ်နှစ်ဝန်းကျင်ရှိပြီ။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်အတွင်းက တခြားနိုင်ငံကို
ခရီးထွက်ထားတယ်။ လူနာကိုယ်တိုင် သူ့မှာရောဂါလက္ခာရှိကြောင်း ဌာနကို သတင်းပေးလာလို့
ဓါတ်ခွဲစစ်ကြည့်တဲ့အခါမှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်၊ ဇီကာရဲ့ရောဂါပျိုးရက်က
၁၄ လောက်အထိ ရှိနိုင်တယ်။ ခြင်ကြောင့် ခန္ဓာကိုယ်ထဲမှာ ဇီကာဗိုင်းရပ်ဝင်သွားပြီဆိုပေမယ့်
ရောဂါပျိုး နေတဲ့အချိန်မှာ လက္ခာမပြတာရှိတယ်"ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
ဗဟိုကူးစက်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြောသည်။

အဆိုပါလူနာကို ခြင်ကိုက်မခံရန်နှင့်နှစ်ပတ်အတွင်း ပြင်ပသို့သွားလာခြင်းမပြုရန်
တိုက်တွန်းထားပြီး ၎င်း၏မိသားစုတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း
အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

"လူနာက ကိုယ်ဝန်ဆောင်ဖြစ်တဲ့အတွက် မီးယပ်သားဖွားအထူးကုတွေနဲ့ ကုသမှုခံယူဖို့
စီစဉ်ပေးသွားဖို့ ရှိပါတယ်"ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

ဇီကာဗိုင်းရပ်ရောဂါပိုးကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိရပြီဖြစ်သည့်အတွက် ရောဂါကူးစက်
ပျံ့ပွားမှုမဖြစ် စေရန် ခြင်ကျားနှိမ်နင်းရေးကို အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူလူထု
အနေဖြင့်လည်း ပိုးလောက်လန်း နှင့် ခြင်ကျားနှိမ်နင်းရေး လုပ်ငန်းများကို
ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင် နှင့် ကိုယ်ဝန်ဆောင်ရန်
ရည်ရွယ်ထားသည့် အမျိုးသမီးများအနေဖြင့်လည်း ခြင်ကိုက်မခံရန်
သတိပြု နေထိုင်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက
တိုက်တွန်း ပြောကြားသည်။

"ကိုယ့်မှာ ဇီကာ သံသယရှိတယ်ဆိုရင် ကိုယ်ဝန်မယူဖို့၊ နောက်ဇီကာရောဂါက
လိင်ဆက်ဆံခြင်းက လည်းတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် အမျိုးသားတွေမှာ
ဇီကာဗိုင်းဗိုင်းစ်ပိုးတွေ့တယ်ဆိုရင် လိင်မဆက်ဆံဖို့ မဟုတ်ရင် ကွန်ဒုံအသုံးပြုဖို့၊
ခြောက်လလောက်အထိ ကိုယ်ဝန်မဆောင်သင့်ဘူး"ဟု ဗဟိုကူးစက်ဌာနခွဲမှ
ကူးစက်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

ဇီကာရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အရေပြားပေါ်တွင် အနီစက်၊အကွက်များထွက်ခြင်း၊
မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား၊ အဆစ်များနာကျင်ခြင်း၊ ကိုယ်လက်မအီမသာ
ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး နှစ်ရက်မှ ခုနစ်ရက်အတွင်း အဆိုပါလက္ခဏာများခံရနိုင်သည်။
ဇီကာရောဂါသည် ကူးစက်ခံရပါက ငါးဦးလျှင် တစ်ဦးသာ ရောဂါလက္ခဏာ ပြလေ့ရှိပြီး
လူအချို့တွင် နောက်ဆက်တွဲ ရောဂါ လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
နိုင်ငံတကာ သုတေသနများအရ ကိုယ်ဝန်ဆောင်မိခင်များ ဇီကာဗိုင်းရပ်ရောဂါ ကူးစက်ခံရပါက
ဦးခေါင်း သေးငယ်သည့် ကလေးမွေးဖွားနိုင်မှုမှာ ငါးရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ရှိသည်ဟု
ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊ ထိုင်း၊ မလေးရှားစသည့် နိုင်ငံများတွင် ဇီကာရောဂါပိုး
ကူးစက်ဖြစ်ပွားမှုများရှိနေခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဇီကာရောဂါ
ဖြစ်ပွားနေသည့် ပြည်ပနိုင်ငံများကို ခရီးသွားလာခြင်းကို ရှောင်ကြဉ်သင့်ကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ အစောပိုင်းမှ စတင်ကာနှိုးဆော်
ကြေညာခဲ့သည်။

နိုင်ငံအတွင်းရှိ ဇီကာဗိုင်းရပ်စ်ရောဂါ သံသယလူနာ ၃၀ ၀န်းကျင်ကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ
ရောဂါပိုး မတွေ့ရှိခဲ့ဘဲ ယခုလူနာသည် ပထမဆုံးစစ်ဆေးတွေ့ရသည့်လူနာဖြစ်သည်ဟု
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုန်ပြန်သည်။

မြန်မာနိုင်ငံသည် ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားသည့် ၇၃ နိုင်ငံမြောက်
နိုင်ငံဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း