တရုတ် - မြန်မာ ဆက်ဆံရေး မျက်နှာစာအသစ် ဖွင့်လှစ်နိုင်မလား

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပြုသဘောနှင့်
အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတ
ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်စိုးမှုကို လေးစားပြီး အမျိုးသား
ပြန်လည်သင့်မြတ်ရေး လျင်မြန်စွာ ရရှိနိုင်လိမ့်မည်ဟု တရုတ်က မျှော်လင့်ကြောင်း သမ္မတရှီကျင့်ဖျင်၏
ပြောကြားချက်ကို တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး
တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်မှ
နိုဝင်ဘာ ၃ ရက်အထိ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည်။

တရုတ်မြန်မာနယ်စပ်ရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့်
'၀'ပြည် သွေးစည်း ညီညွတ်ရေးပါတီနှင့် တပ်မတော်တို့ကြား စစ်ရေးတင်းမာနေချိန်တွင်
တရုတ်နိုင်ငံသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိနေခြင်းလည်းဖြစ်သည်။

ခရီးစဉ်အတွင်း နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကိစ္စမှာ ခရီးစဉ်အတွင်း အဓိက ဆွေးနွေးမည့်
အကြောင်းအရာ ဖြစ်သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က
သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် '၀'ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် တပ်မတော် ကြား စစ်ရေးတင်းမာမှုကို
ဖြေရှင်းရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို တပ်မတော်ခေါင်းဆောင်များဘက်က လိုလားဟန်
ရှိကြောင်း တရုတ် ကွန်မြူနစ်ပါတီ အာဘော်ဟု လူသိများသည့် Global Times သတင်းဌာနက
အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်
ဆွန်းကော်ရှင်းနှင့်လည်း နိုဝင်ဘာ ၁ ရက်က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို အထူး အလေးပေးကြောင်း
တရုတ်သမ္မတက ပြောကြားခဲ့သည်ဟု ရှင်ဟွာသတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အထူးသဖြင့်
တရုတ်မြန်မာနယ်စပ်တွင် အခြေချလှုပ်ရှားနေသည့် '၀'ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ မိုင်းလား၊
ကိုးကန့် စသည့် အဖွဲ့အစည်းများ အပေါ်တွင် ဩဇာလွှမ်းမိုးမှုရှိနေသည့် တရုတ်နိုင်ငံ၏
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ရပ်တည်ချက်မှာ အထူးစိတ်ဝင်စားဖွယ် ကောင်းသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဩဂုတ်လ တရုတ်နိုင်ငံခရီးစဉ်အတွင်း
တရုတ်သမ္မတနှင့်တွေ့ဆုံရာတွင် နယ်စပ်ဒေသလုံခြုံရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောခဲ့သည်။

ယမန်နှစ်က '၀'ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ၎င်း၏ မဟာမိတ်မိုင်းလားတို့က တစ်နိုင်ငံလုံး
အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးရန် အစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်
ဆွန်းကော်ရှင်းနှင့် '၀'ခေါင်းဆောင်များ တွေ့ဆုံမှုနောက်ပိုင်းတွင် '၀'အဖွဲ့က ညီလာခံသို့ အဆင့်နှိမ့်
ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ပြီး မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင်
တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်က အပြုသဘော ထောက်ခံသွားမည်ဖြစ်ပြီး
အမျိုးသား ပြန်လည်သင့်မြတ်ရေးအမြန်ဆုံးရရှိရန် ဆန္ဒပြုကြောင်း သမ္မတရှိကျင့်ဖျင်၏ ပြောကြားချက်က
တရုတ် - မြန်မာ နယ်စပ်၌ စစ်ရေးတင်းမာမှုအတွင်းသို့ တပ်မတော်ပါ ၀င်ရောက်လာခဲ့သည့်အပေါ်
တရုတ်၏စိုးရိမ်မှုနှင့်၊ ပြေပြေလည်လည် ညှိနှိုင်းဖြေရှင်းကြရန် ဆန္ဒရှိကြောင်းကို ဖော်ပြနေသည်။

အစိုးရသစ်လက်ထက် သမိုင်းမျက်နှာစာသစ်တွင် အခွင့်အလမ်းသစ်များကို ဆုပ်ကိုင်ပြီး နှစ်နိုင်ငံ
ပြည်သူများ အကျိုးဖြစ်ထွန်းရန် တရုတ်ျွ မြန်မာဆက်ဆံရေး အသစ်ကို အသွင်သစ်ဖြင့်
ပုံဖော်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံစစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်လည်း ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တရုတ်သမ္မတတို့ အပြန်အလှန်ပြောဆိုခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းစသည့် ရင်းနှီးမြှုပ်နှံမှု
ကြီးမားသည့် စီမံကိန်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ဆုံရေအားလျှပ်စစ်
စီမံကိန်းကို ယာယီ ရပ်ဆိုင်းခဲ့ရခြင်းက တရုတ် - မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဆိုးရွားစေခဲ့သည်။

ယမန်နှစ်က တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်
တရုတ်ပြည်ဘက်သို့ ဗုံးဆန်ကျရောက်ပြီး အရပ်သားများ သေဆုံးမှုကြောင့် တရုတ်နိုင်ငံဘက်က
ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်အထိ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထိခိုက်ခဲ့သည်။

စီမံကိန်းများနှင့် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် နှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးရွားမှုကို ပြန်လည်
ပြုပြင်တည်ဆောက်ရန် လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသော်လည်း
တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရာတွင် တပ်မတော်အနေဖြင့် မည်ကဲ့သို့
ဆောင်ရွက်သွားရန်ရှိသည်ကို မြန်မာ့တပ်မတော် အကြီးအကဲက တရုတ်ခေါင်းဆောင်များနှင့်
ဆွေးနွေးဖွယ်ရှိသည်ဟု Global Times က အာရှရေးရာ ကျွမ်းကျင်သူ တရုတ်ပညာရှင်များကို
ကိုးကားဖော်ပြခဲ့သည်။

အနောက်နိုင်ငံများနှင့် ယခုထက်ပိုမိုနီးစပ်မည်ကို လိုလားဟန်မရှိသည့် တရုတ်နိုင်ငံက ၎င်း၏ ပုံရိပ်ကို
မြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြည်တွင်းက နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊
တက္ကသိုလ်ကျောင်းသားများကိုပါ ယမန်နှစ်ကစတင်၍ တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ပြီး ပုံရိပ်ကောင်းရရှိရန်
ကြိုးစားလျက်ရှိသည်။

စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ခြင်းနှင့်အတူ အမေရိကန်ပြည်ထောင်စု အပါအ၀င်
အနောက်ဈေးကွက်သို့ တံခါးပွင့်သွားပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်အပေါ် မှီခိုနေမှုကို
အတိုင်းအတာတစ်ခုအထိ လျှော့ချရတော့မည်ဖြစ်သည်။

ယင်း အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ကြီးမားသည့် အကျိုးစီးပွားများရှိနေသည့် တရုတ်ပြည်က
မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ မည်သို့ ဆက်ဆံမည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာ
ကောင်းလှသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အတိုင်းအတာ တစ်ခုအထိ ဆက်လက်လွှမ်းမိုးနေမည်ဖြစ်ကြောင်း
နိုင်ငံရေး လေ့လာသုံးသပ်သူ ရန်ကုန်နိုင်ငံရေး သိပ္ပံကျောင်းအုပ် ဦးမြတ်သူက သုံးသပ်သည်။

"စီးပွားရေးအရ လွှမ်းမိုးမှုနဲ့ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လွှမ်းမိုးမှု တစ်စုံတစ်ရာ
ဆက်ရှိနေမယ်လို့ ထင်တယ်" ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း