ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းနေဆဲ

ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တွင် တပ်မတော်နှင့် တိုက်ပွဲများထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့စဉ်။ ဓာတ်ပုံ - အီးပီအေဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တွင် တပ်မတော်နှင့် တိုက်ပွဲများထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့စဉ်။ ဓာတ်ပုံ - အီးပီအေ

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တရုတ်ပြည်၊ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဖို့
စီစဉ်နေတဲ့အကြောင်း နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပြီး အချိန်နဲ့ နေ့ရက်ကိုတော့ ညှိနှိုင်းနေ ဆဲဖြစ်တယ်လို့
တအာင်း (TNLA) ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ယူနန်ပြည်နယ်၊
ကူမင်းမြို့မှာ တွေ့ဆုံဖို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြားဝင်စေ့စပ်ပေးခဲ့ပေမဲ့ ဆွေးနွေးပွဲပုံစံအပေါ်
နှစ်ဖက်သဘောတူညီမှု မရရှိခဲ့ပါဘူး။

မြောက်ပိုင်းမဟာမိတ်တွေဘက်က အစုအဖွဲ့အလိုက် တွေ့ဆုံချင်ပေမဲ့ အစိုးရဘက်က တစ်ဖွဲ့ချင်းနဲ့
တွေ့ဆုံချင်တာ ဖြစ်ပါတယ်။

တစ်ဖွဲ့ချင်းရဲ့ သဘောထားတွေကို သိရှိလိုခြင်းကြောင့် တစ်ဖွဲ့ချင်းနဲ့ တွေ့ချင်တာဖြစ်ပြီး ကိုးကန့်၊
တအာင်းနဲ့ ရက္ခိုင်၊ သုံးဖွဲ့ပေါင်းတွေ့ ဖို့ကိုလည်း အစိုးရက လိုက်လျောခဲ့တာဖြစ်တယ်လို့ ငြိမ်းချမ်းရေး
ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး က ဆိုပါတယ်။

"တစ်ဖွဲ့ချင်းစီတွေ့ရင်တော့ အဖွဲ့အသီးသီးရဲ့ သဘောထားတွေကို ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း
ပြောလို့ရတာပေါ့" လို့ ဦးအောင်စိုးက ပြောပါတယ်။

"တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး" စတဲ့
ဘုံအကျိုးစီးပွားတွေရှိတဲ့အတွက်ကြောင့် အစုအဖွဲ့အသွင် တွေ့ဆုံဆွေးနွေးလိုတာဖြစ်တယ်လို့
TNLA အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က ပြောပါတယ်။

"အပစ်ရပ်စာချုပ်ကို အမြန်ဆုံးလက်မှတ်ရေးထိုးပြီး အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်ရေး ယန္တရားတွေ
ပိုမိုခိုင်မာဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ၀ိုင်းဝန်းအဖြေရှာ ဆွေးနွေး၊ ဖေဖော်ဝါရီလမှာ ကျင်းပမဲ့
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတာဖြစ်ပါတယ်။

အလားတူပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေကလည်း အစိုးရအနေနဲ့ တစ်နိုင်ငံလုံး
အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး ကြေညာပေးဖို့၊ တပ်မတော်က
တိုင်းရင်းသားဒေသတွေကနေ ဆုတ်ခွာပေးဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်ဖို့နဲ့
တိုက်ပွဲတွေဟာ တရုတ် - မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတာကြောင့် တရုတ်က
ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ကြိုးကြားဖြစ်ပွားနေပေမဲ့
ကချင်ပြည်နယ်အတွင်းက ကေအိုင်အေအဖွဲ့ရဲ့ မဟာဗျူဟာ ကျတဲ့ ဂိဒုံတောင်ကုန်းကို တပ်မတော်က
ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။

လေးလကျော်ကြာအောင် တပ်မတော်ရဲ့ အပြင်းအထန် ထိုးစစ်ဆင်မှုကို ကြုံတွေ့ရပြီးနောက်
ကေအိုင်အေအဖွဲ့က ဂိဒုံစခန်းကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

ကချင်တစ်မျိုးသားလုံးရဲ့ ယုံကြည်မှုကို ဂိဒုံတောင်ကုန်းနဲ့ အလဲအထပ် လုပ်သလိုဖြစ်တဲ့အတွက်
ဝမ်းမနည်းကြဖို့ ကေအိုင်အေရဲ့ ဒုတိယစစ်ဦးစီးချုပ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ
ရေးသားဖော်ပြခဲ့ပါတယ်။

ရန်ကုန်မှာတော့ မြောက်ပိုင်းစစ်ပွဲတွေမှာ တပ်မတော်ကို ထောက်ခံကြောင်း
ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူတွေဟာ တိုင်းရင်းသားဝတ်စုံတွေ ၀တ်ဆင်ခဲ့ပေမဲ့ တိုင်းရင်းသားတွေနဲ့
သွင်ပြင်လက္ခဏာ ကွဲပြားမှုရှိတယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပြီး၊
စစ်လိုလားသူတွေအဖြစ်လည်း ဝေဖန်ခဲ့ကြပါတယ်။

နေပြည်တော်မှာတော့ ငြိမ်းချမ်းရေးရန်ပုံငွေ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို
ဒီဇင်ဘာ ၂၀ ရက်က ကျင်းပခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အလှူရှင်ဘက်က ထောက်ပံ့ချင်တဲ့ စီမံကိန်းတွေချည်း ထောက်ပံ့တာမျိုး
မဟုတ်ဘဲ လက်တွေ့ အခြေအနေ၊ ပကတိလိုအပ်ချက်တွေကို အခြေခံစဉ်းစားသုံးသပ်ဖို့ အလှူရှင်တွေနဲ့
ညှိနှိုင်းသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးရန်ပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အစိုးရ၊
တပ်မတော်၊ လွှတ်တော်ဘက်က ရှစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်က
ရှစ်ဦးနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့မှာ အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးရသေးတဲ့ ၀၊ မိုင်းလား၊ ညီညွှတ်သော တိုင်းရင်းသား
လူမျိုးများ ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။

အဲဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် နိုင်ငံတကာအလှူငွေတွေကို ကန့်သတ် ထိန်းချုပ်တာ
မဟုတ်ဘဲ စီမံကိန်းတွေ "မျှမျှ တတနဲ့ ထိထိရောက်ရောက်" ဆောင်ရွက်ဖို့ ဖွဲ့စည်းတာဖြစ်တယ်လို့
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ထောက်ပံ့ကူညီမှု ရရှိနိုင်တဲ့အခြေအနေ ကွာခြားချက်ကြောင့် မညီမျှမှုများစွာရှိနေကြောင်း" ဆိုတဲ့
အချက်နဲ့ ပတ်သက်ပြီး "ပရောဂျက်ကောင်းတဲ့အဖွဲ့တွေက ရန်ပုံငွေ လွယ်လွယ်ရတယ်၊
ကျန်တဲ့သူတွေက မရဘူး။ အဲဒီအတွက် မျှမျှတတဖြစ်ဖို့ပါ။ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းထဲ
ရန်ပုံငွေစီးဆင်းမှု (Cash Flow) ကို သိဖို့ပါပဲ" ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက
ခွန်ဥက္ကာက ပြောပါတယ်။

ငြိမ်းချမ်းရေးရန်ပုံငွေကို ခွဲဝေသုံးစွဲတဲ့နေရာမှာ "ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး၊
ငြိမ်းချမ်းရေး အထောက်အကူပြု ဖွံ့ဖြိုးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်း
ဗဟိုဌာနရဲ့ လုပ်ငန်းစဉ်များဆိုပြီး" ကဏ္ဍလေးခုကို ဦးစားပေးရန် အစည်းအဝေးတက်ရောက်သူတွေက
သဘောတူခဲ့ကြပါတယ်။

"ကဏ္ဍလေးခုမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ညီလာခံကျင်းပတာ၊ အပစ်ရပ်စောင့်ကြည့်ရေး
ယန္တရားလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ အပစ်မရပ်တဲ့အဖွဲ့ တွေနဲ့ ဆွေးနွေးမှုတွေ၊
အဲဒီကုန်ကျစရိတ် အားလုံးပါဝင်ပါတယ်" လို့ ခွန်ဥက္ကာက ပြောပါတယ်။

ရန်ပုံငွေ လိုအပ်ချက်အလိုက် ဦးစားပေး ကဏ္ဍတွေ သတ်မှတ်နိုင်ဖို့ကို ပထမဆုံးလုပ်ဆောင်ဖို့၊ လိုအပ်တဲ့
အကူအညီတွေကို ပြည်ပသာမက ပြည်တွင်းအလှူရှင်တွေဆီကလည်းရယူဖို့၊ ရန်ပုံငွေတွေကို
ပွင့်လင်းမြင်သာစွာ အလေအလွင့်မရှိ သုံးစွဲဖို့ စတဲ့အချက်သုံးချက်ကို ဆောင်ရွက်ရမယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရဲ့ ရန်ပုံငွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး
ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူးလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

အခု NRPC ကတော့ အစိုးရဘတ်ဂျက်ကို သုံးစွဲပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်တဲ့
အဖွဲ့အစည်းအချို့နဲ့ ပူးတွဲဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ အလှူရှင်တွေရဲ့ ရန်ပုံငွေ
သုံးစွဲရမှာဖြစ်ကြောင်း ခွန်ဥက္ကာက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း