မျှော်လင့်ချက်တွေ၊ ထိုးနှက်ချက်တွေနဲ့ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေး ခရီး

အစိုးရသစ်လက်ထက်တွင် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီအစိုးရသစ်လက်ထက်တွင် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ - အေအက်ဖ်ပီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာစတင်ရရှိလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့
အစိုးရအဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရထက်
ပိုမိုပေါက်မြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ မဲဆန္ဒရှင်တွေ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

လက်တွေ့မှာတော့ အာဏာရပြီး ပထမတစ်နှစ်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ
စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး အဲဒီကတစ်ဆင့်
နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယခင်အစိုးရ ချမှတ်ခဲ့တဲ့
လမ်းကြောင်းကို အစိုးရသစ်က ဆက်လျှောက်လမ်းဖို့ ကြိုးပမ်းခဲ့နေတာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး (NCA) စာချုပ်ကို ၂၀၁၅ခုနှစ်နှောင်းပိုင်းမှာ လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နဲ့
ယခင်အစိုးရတို့ လက်မှတ်ရေးထိုးပြီးဖြစ်လို့၊ ညီညွှတ်သောတိုင်းရင်သား လူမျိုးများဖက်ဒရယ်ကောင်စီ
(UNFC)၊ '၀'၊ မိုင်းလား၊ MNDAA(ကိုးကန့်)၊ တအာင်း၊ ရက္ခိုင် နဲ့ နာဂ (ကပ်ပလန်) စတဲ့အဖွဲ့တွေနဲ့ပဲ
လက်မှတ်ရေးထိုးဖို့ဖြစ်ပါတယ်။

အစိုးရသစ်အတွက် အကြီးမားဆုံး အခက်အခဲကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို
ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်ကို ခေါ်ဆောင်နိုင်ရေးပဲဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးကော်မရှင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့
တရုတ်နိုင်ငံဘက်ခြမ်းမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်မှာ ဘုံသဘောတူညီချက်တွေ စုစည်းဖို့ လက်နက်ကိုင်
အဖွဲ့အစည်းတွေ အားလုံးနီးပါး ပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကေအိုင်အေအဖွဲ့ ထိန်းချုပ်ဒေသဖြစ်တဲ့
မိုင်ဂျာယန်မှာ ပြုလုပ်ခဲ့ပါတယ်။

၂၁ရာစု ပင်လုံညီလာခံကို အဖွဲ့အစည်းများ စွာနဲ့ စုံစုံလင်လင်ပြုလုပ်နိုင်ခဲ့ပေမဲ့ နိုင်ငံရေး
ဆွေးနွေးတာတွေ မရှိခဲ့ပါဘူး။

သဘောထားအမြင်တွေကိုသာ စုစည်းထုတ်ပြန်တဲ့ သဘောနဲ့ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
ဖွင့်ပွဲအဖြစ်သာ ကျင်းပနိုင်ခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံအလွန်မှာ နှစ်ရှည်လများ မဟာမိတ်တွေဖြစ်ကြတဲ့ '၀'နဲ့
မိုင်းလားအဖွဲ့တို့အကြား တင်းမာမှုတွေ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်မှာ '၀' တပ်ဖွဲ့ဝင် ၆၀၀ ကျော်ဟာ လက်နက်အပြည့်အစုံနဲ့
မိုင်းလားနယ်နိမိတ်ထဲ ရုတ်တရက်ဝင်ရောက် တပ်စွဲခဲ့ပါတယ်။

'၀'နဲ့ မိုင်းလားအရေး လေ့လာသုံးသပ်သူတွေကတော့ ၂၁ ပင်လုံတက်ရောက်လိုခြင်း မရှိခဲ့တဲ့
'၀'အဖွဲ့ဟာ ညီလာခံကို သူ့လိုပဲ အဆင့်နိမ့် ကိုယ်စားလှယ်သာစေလွှတ်ဖို့ မိုင်းလားအဖွဲ့ကို
ပြောဆိုခဲ့ပေမဲ့ မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် တက်ရောက်ခဲ့တဲ့အပြင်
အစိုးရနဲ့ အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ထိုးတဲ့အထိ မိုင်းလားနဲ့ အစိုးရနီးစပ်သွားမှာ
စိုးရိမ်တဲ့အတွက် လက်ဦးမှုရယူပြီး ၀င်ရောက်သိမ်းပိုက်တာလို့ ဆိုကြပါတယ်။

၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ တက်ရောက်ခဲ့သော်လည်း နိုင်ငံရေးအကြောင်းအရာများ ဆွေးနွေးခဲ့ခြင်း မရှိပေ။ ဓာတ်ပုံ - အေအက်ဖ်ပီ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ တက်ရောက်ခဲ့သော်လည်း နိုင်ငံရေးအကြောင်းအရာများ ဆွေးနွေးခဲ့ခြင်း မရှိပေ။ ဓာတ်ပုံ - အေအက်ဖ်ပီ

အစိုးရသစ်အတွက် အကြီးမားဆုံး ထိုးနှက်မှုလို့ ဆိုရမှာကတော့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့
(ကေအိုင်အေ)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ် (MNDAA - ကိုးကန့်)၊ တအာင်းအမျိုးသား
လွတ်မြောက်ရေးတပ် (TNLA)နဲ့ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့တို့ စုပေါင်းထားတဲ့
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ နိုဝင်ဘာ ၂၀ ရက်မှာ မူဆယ်၊ ၁၀၅ မိုင်ကုန်သွယ်ရေးစခန်း၊
ကွတ်ခိုင် စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့
ဒေသတွေက တပ်မတော်၊ ရဲတပ်ဖွဲ့စတဲ့ အစိုးရလုံခြုံရေးအဖွဲ့အစည်းတွေရဲ့ စခန်းတွေကို
အစီအစဉ်တကျ ထိုးစစ်ဆင်နွှဲ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းသွားခဲ့သလို အရပ်သားတွေလည်း
သေဆုံးခဲ့ပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကတော့ အပြန်အလှန် အပြစ်တင်ခဲ့ကြပြီး တိုက်ပွဲတွေကြောင့်
တရုတ်ဘက်ကို စစ်ဘေးရှောင်အဖြစ် အရပ်သား ၁၄,၀၀ ခန့် ခေတ္တခိုလှုံခဲ့ရပါတယ်။

ဩဂုတ်လလယ်ခန့်ကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းမှာရှိတဲ့ ကေအိုင်အေနဲ့
တအာင်းအဖွဲ့တို့ရဲ့ တပ်စခန်းတွေကို တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နွှဲခဲ့တဲ့အတွက်
မလွှဲမရှောင်သာ စစ်ရေးအရ ပြန်လည်တုံ့ပြန်ခဲ့ရတာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က
တုံ့ပြန်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့
NCA ကို လက်မှတ်ထိုး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးခိုင်မာဖို့ အဖြေရှာပြီး
၂၁ ရာစုပင်လုံကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို နိုဝင်ဘာ ၂၃ မှာ တိုက်တွန်းခဲ့ပါတယ်။

တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ အပစ်ရပ်စဲရေးကို အစိုးရကကြေညာဖို့၊ တပ်မတော်က တိုင်းရင်းသား
ဒေသတွေကနေ ဆုတ်ခွာပေးဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံး စတင်ဖို့နဲ့ မြောက်ပိုင်းပဋိပက္ခကို
တရုတ်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဒီဇင်ဘာ ၃ ရက်မှာ
တောင်းဆိုခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာချိန်မှာတော့ နယ်စပ်ဒေသ လုံခြုံရေးနဲ့
တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံ၊ သံတမန်နှင့်စစ်ရေး (၂+၂) အစည်းအဝေးတွေကို
ပထမဆုံးကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှာတော့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ တရုတ်ခရီးစဉ်အတွင်း မြောက်ပိုင်းအဖွဲ့တွေနဲ့
တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မဟာမိတ်လေးဖွဲ့က အစုအဖွဲ့ အလိုက်ပဲ တွေ့ဆုံချင်ပေမဲ့၊ တစ်ဦးချင်း အကျိုးစီးပွားမတူညီတဲ့အတွက်
တစ်ဖွဲ့ချင်းပဲ တွေ့ဆုံမယ်လို့ အစိုးရဘက်က တုံ့ပြန်ခဲ့ပါတယ်။

ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ အရှိန်လျော့သွားပေမဲ့၊ ကချင်ပြည်နယ်မှာတော့ တပ်မတော်နဲ့
ကေအိုင်အေအဖွဲ့တို့ တစ်ကျော့ ပြန်တိုက်ပွဲတွေဟာ ဒီဇင်ဘာလလယ်မှာ ပြင်းထန်လာခဲ့ပြန်ပါတယ်။

စစ်ရေးအရ အရေးပါတဲ့ ဂိဒုံစခန်းကို တပ်မတော်က ဒီဇင်ဘာ ၁၇ ရက်မှာ သိမ်းပိုက်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဖို့
အချိန်၊ နေ့ရက်ကို ညှိနှိုင်းနေဆဲဖြစ်တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း