ပုဂံနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး ခရီးလမ်း

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နေ၀င်ချိန်ကို ဇန်န၀ါရီ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နေ၀င်ချိန်ကို ဇန်န၀ါရီ ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

ပုဂံလို့ဆိုလိုက်တာနဲ့ နှစ်ပေါင်း ၁,၀၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးဟောင်း ဘုရားပုထိုးစေတီတွေနဲ့အတူ
ရှေးခတ် ယဉ်ကျေးမှု ဗိသုကာလက်ရာ အမျိုးမျိုးကို ကြည့်ရှုခံစားနိုင်တဲ့ နေရာလို့ အားလုံးက
သိမြင်လက်ခံထားပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် တန်ဖိုးတွေနဲ့ ပြည့်နှက်နေတဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်
(ယူနက်စကို) စာရင်းဝင်နိုင်ဖို့ ကြိုးစားဆောင်ရွက်ခဲ့တာကတော့ ဆယ်စုနှစ်နှစ်ခုကျော် ရှိခဲ့ပါပြီ။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ထဲမှာ ထွက်ပေါ်လာတဲ့ အဆောက်အအုံအသစ်တွေ၊ ဟိုတယ်တွေနဲ့
ပုဂံကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ နှစ်လမ်းသွား ကားလမ်းမကြီးက ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ရေးအတွက် အဟန့်အတားဖြစ်စေတယ်လို့ ဆိုတဲ့သူတွေလည်း ရှိကြပါတယ်။

ပုဂံဒေသကို ၁၉၉၄ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့
ကြိုးစားခဲ့ဖူးပေမဲ့ ထိုအချိန်က နိုင်ငံရေးအခြေအနေကြောင့် ပယ်ချခံခဲ့ရတယ်လို့ ရှေးဟောင်းသုတေသန၊
အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန အငြိမ်းစားအရာရှိ ဦးအောင်ကြိုင်က ပြောပါတယ်။

"တကယ်က ပယ်ချခံရတာ မဟုတ်ဘူး။ ထပ်ပြီးလိုအပ်နေသေးတဲ့ စီမံခန့်ခွဲမှုအစီအစဉ်၊
ကမ္ဘာ့အမွေအနှစ် ၀င်ပြီးသွားရင် ဘယ်လိုထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့ တိကျသေချာတဲ့ ဥပဒေတွေ
အဆင်သင့် မဖြစ်သေးလို့ အဲဒီအချိန်က သက်ဆိုင်ရာအစိုးရကို ယူနက်စကိုက ပြန်လည်တင်ပြပေးဖို့
တောင်းတာ။ ဒါကို နားလည်မှုလွဲမှားပြီး ပယ်ချလိုက်တယ်လို့ ပြောနေကြတယ်" လို့
မြန်မာနိုင်ငံဆိုင်ရာ ယူနက်စကို အမျိုးသားစီမံကိန်း အရာရှိ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

၁၉၉၆ ခုနှစ်နောက်ပိုင်း အကြောင်းကြောင်းကြောင့် မြန်မာအစိုးရနဲ့ ယူနက်စကိုတို့ ဆက်သွယ်မှု
ကင်းကွာခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းရောက်မှ မြန်မာနိုင်ငံ ယူနက်စကို ပြန်လည်ဝင်ရောက်ခွင့်
ရခဲ့ပါတယ်။

မြန်မာနိုင်ငံကို ယူနက်စကို ပြန်လည်ဝင်ရောက် ခွင့်ရပြီး နှစ်နှစ်အကြာ ၂၀၁၂ ခုနှစ်ကစလို့
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဝင်ရေးအတွက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးနဲ့
ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ယူနက်စကိုပညာရှင်တွေ ၀ိုင်းဝန်းအကြံပြု
ဆောင်ရွက်ပေးခဲ့ပါတယ်။

"ပုဂံဒေသ အဆိုပြုလွှာမူကြမ်းကို ဒီနှစ် စက်တင်ဘာမှာ တင်သွင်းနိုင်၊ မသွင်းနိုင်ဆိုတာ
ယဉ်ကျေးမှုနယ်မြေ နယ်နိမိတ်ရေးဆွဲတဲ့အပေါ် မူတည်တယ်။ အခုချိန်ထိတော့ မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့နဲ့၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက နယ်နိမိတ်ကို တိတိကျကျ အတည်ပြု
မသတ်မှတ်နိုင်သေးဘူး" လို့ ရှေးဟောင်းသုတေသနဌာန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်
ဦးစီးဌာန (ပုဂံ)၊ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့အတွက် အဆိုပြုလွှာတင်သွင်းနိုင်ဖို့က
ဒေသကြီးတစ်ခုလုံးမှာနေထိုင်တဲ့ ဒေသခံတွေ၊ လယ်ယာမြေ၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊
ရှေးဟောင်းယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း အပါအ၀င် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ့် ပင်မစီမံချက်
(Master Plan) လိုအပ်နေပါတယ်။

ရှေးဟောင်းနယ်နိမိတ် တိုင်းတာသတ်မှတ်ရေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
ဝန်ကြီးတစ်ဦးက ဦးဆောင်ရေးဆွဲနေပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ရေးဆွဲရာတွင်
စွယ်တော်လေးဆူမှာ တစ်ဆူပါဝင်တဲ့ တန့်ကြည့်တောင်အထိ ထည့်သွင်းရေးဆွဲသင့်ကြောင်း
ယူနက်စကိုပညာရှင်များက အကြံပြုထားပါတယ်။

"တန့်ကြည့်တောင်ကို ကြားခံဇုန်အဖြစ် သတ်မှတ်ဖို့ အဆိုပြုထားတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
တန့်ကြည့်တောင်ဘက်ကမ်းက ဇုန်ထဲမှာ မပါထားဘူးဆိုရင် မှားယွင်းစွာ စီမံခန့်ခွဲမှုကြောင့်ဖြစ်စေ
အခြားအကြောင်းကြောင့်ဖြစ်စေ ဥပမာ - ဘိလပ်မြေစက်ရုံ၊ ဓာတုစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံတွေ
ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ပုဂံဘက်ကို အနှောင့်အယှက် ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်ထားတာ
ဖြစ်တယ်" လို့ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

လက်ရှိတွင် ပုဂံဒေသကို ရှေးဟောင်းသုတေသနဇုန်၊ သမိုင်းဝင်အထိမ်းအမှတ်ဇုန်နဲ့
ထိန်းသိမ်းစောင့်ရှောက်ရေးဇုန်ဆိုပြီး ရှေးဟောင်းသုတေသနဌာနက သတ်မှတ်ထားပါတယ်။

၁၉၉၀ ပြည့်နှစ်က ပုဂံဒေသကို ယူနက်စကိုဝင်နိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ ပုဂံမြို့ဟောင်းအတွင်း
နေထိုင်နေကြတဲ့ ဒေသခံတွေဟာ ရှေးဟောင်းဇုန်အတွင်း ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
မြို့ဟောင်းကနေ လက်ရှိပုဂံမြို့သစ်နေရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ နယ်နိမိတ်သတ်မှတ်ရေး ဆောင်ရွက်ရာမှာ မြို့သစ်က
ထပ်မံပြောင်းရွှေ့ပေးရမှာကို ပုဂံဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ရှေးဟောင်းဇုန် နယ်နိမိတ် ပြန်လည်ရေးဆွဲရာမှာ မြို့ပြလူနေဇုန် ထည့်သွင်းရေးဆွဲပေးဖို့
ဒေသခံတွေက တောင်းဆိုထားပါတယ်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် ၀င်နိုင်ရေးအတွက် ရေးဆွဲနေတဲ့ အဆိုပြုလွှာမူကြမ်းမှာ ဒေသခံတွေရဲ့
အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ပေးသင့်တယ်လို့ တစ်ချိန် က ပုဂံမြို့ဟောင်းက မြို့သစ်ကို
ပြောင်းရွှေ့ခဲ့ရတဲ့ ဦးကိုကိုမောင်က ဆိုပါတယ်။

"တကယ်တော့ မြို့သစ်က လူနေဧရိယာပဲ။ ဒါကို ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီနေရာကို
ရှေးဟောင်းဇုန်နဲ့မလွတ်ဘူးဆိုပြီး ခွဲခြမ်း စိတ်ဖြာရောင်းချခွင့် မရှိဘူးလို့ ပြောတယ်။ ဒါဆိုရင်
နောက်ထပ်တိုးလာမယ့် လူဦးရေအတွက် နေထိုင်ရေး ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာ
ပင်မစီမံချက်ထဲမှာ မပါဘူးလား၊ ယူနက်စကိုဝင်ရေးအတွက် သူတို့ရေးဆွဲနေတဲ့မူကြမ်းက ဒေသခံတွေ
လုပ်သာ ကိုင်သာရှိအောင် ဖန်တီးမပေးတော့ဘူးလား" လို့ ဦးကိုကိုမောင်က မေးခွန်းထုတ်ပါတယ်။

ပုဂံရှေးဟောင်းဒေသဇုန် နယ်နိမိတ်ရေးဆွဲရာမှာ ဒေသခံပြည်သူတွေလက်ခံတဲ့ အနေအထားနဲ့
အချက်အလက်တွေ ပါဝင်အောင် ရေးဆွဲဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
ဇန်န၀ါရီလက ပုဂံဒေသကိုလာရောက်ခဲ့ရာမှာ အကြံပြု ခဲ့ပါတယ်။

ပုဂံခရီးစဉ်အတွင်း ရှေးဟောင်းဘုရားပုထိုးများကို ဒေါ်အောင်ဆန်းစုကြည် လိုက်လံကြည့်ရှုနေစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ပုဂံခရီးစဉ်အတွင်း ရှေးဟောင်းဘုရားပုထိုးများကို ဒေါ်အောင်ဆန်းစုကြည် လိုက်လံကြည့်ရှုနေစဉ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

"ရှေးဟောင်းဇုန်သတ်မှတ်တဲ့ နေရာမှာ ပြည်သူတွေလက်ခံတဲ့ အနေအထားမျိုးဖြစ်ရမယ်။
အခုရေးဆွဲနေတဲ့ ရှေးဟောင်းအမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ဥပဒေကြမ်းမှာလည်း ပြည်သူတွေ
သဘောတူလက်ခံမယ့် အချက်အလက်မျိုးတွေ ပါရမယ်။ ဘုရားတွေကို ပြန်လည်ပြုပြင်တဲ့
နေရာမှာလည်း နဂိုမူလပုံစံမပျက်ဘဲ ပြင်ရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က အကြံပြုခဲ့ပါတယ်။

ပုဂံရှေးဟောင်းဇုန်နဲ့ ပတ်သက်ပြီး ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ရေး အစီအမံထဲမှာ ခရီးသွားလုပ်ငန်း၊
အမွေအနှစ်နဲ့ ရပ်ရွာလူထု သုံးဦးသုံးဖက်လုံး ညီမျှစွာပါဝင်အောင် စီမံနိုင်ဖို့ လိုအပ်ပြီး ပွင့်လင်းမြင်သာမှု
ရှိတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ စီမံခန့်ခွဲမှု အပိုင်းတွေ မှာ စနစ်တကျရှိဖို့ ဆောင်ရွက်ပေးသင့်တယ်လို့
ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

"ပုဂံခေတ်ကတည်းက မြို့ရွာတွေ တည်ရှိခဲ့တယ်ဆိုတာ ယူနက်စကိုကလည်း သိပါတယ်။
ဒါကြောင့် မြို့ရွာတွေ ဖျက်ဆီးဖို့၊ ပြောင်းရွှေ့ဖို့ ၊ တစ်ခါမှ အကြံမပြုခဲ့ပါဘူး။ သို့သော် မြို့ရွာတွေရဲ့
တိုးတက်လာမယ့် လူဦးရေကြောင့် မြို့သစ်တွေ အကောင်အထည်ဖော်ပေးဖို့ အကြံပြုထားပါတယ်။
မဟုတ်ရင် အမွေအနှစ်တွေကို ထိခိုက်လာနိုင်တယ်" လို့ ၎င်းက ပြောပါတယ်။

ပုဂံဒေသ စီမံခန့်ခွဲရေးနဲ့ ပင်မစီမံချက် ရေးဆွဲရာမှာ ဒေသရေရှည်ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုအဖွဲ့အစည်းနဲ့
ရပ်ရွာလူထု ဖွံ့ဖြိုးတိုးရေးအပြင် တစ်ဖက်မှာလည်း ဒေသအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲရေး
အတွက် ညီမျှအောင်ရေးဆွဲရသလို ပုဂံဟာ ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများဆုံး လည်ပတ်ရာ
နေရာဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ထည့်သွင်းစဉ်းစားရေးဆွဲရမှာ
ဖြစ်ပါတယ်။

ပုဂံဒေသကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်နေကြတာ
ဖြစ်ပြီး စည်းကမ်းမဲ့ အမှိုက်ပစ်တာ၊ ကားကြီးတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေထဲ
ဝင်ရောက်တာတွေ ဟာရေရှည်မှာ ပုဂံဒေသရဲ့ မြေပေါ်မြေအောက် ယဉ်ကျေးမှုအမွေအနှစ်တွေကို
ထိခိုက်လာစေနိုင်တာမို့ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။

ရှေးဟောင်းဘုရားတွေ ရေရှည်တည်တံ့ ရေးအတွက် သက်တမ်းရင့် ရှေးဟောင်းဘုရားတွေပေါ်က
နေ၀င်၊ နေထွက်ချိန်နှင့် ဆည်းဆာချိန် ကြည့်ရှုတာကို လာမယ့် ခရီးသွားရာသီကစပြီး တားမြစ်ဖို့
ဟိုတယ်နှင့် ခရီးသွားလာဝန်ကြီးဌာနနဲ့ ရှေးဟောင်း သုတေသနတို့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘုရားတွေပေါ်က နေ၀င်နေထွက်နဲ့ ဆည်းဆာချိန် ကြည့်ရှုမှုကို တားမြစ်သင့်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က အကြံပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ အဟန့်အတားတစ်ခုဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက်
မေးခွန်းတွေရှိနေဆဲ ရှေးဟောင်းဇုန်အတွင်းက ဟိုတယ်အဆောက်အအုံတွေနဲ့ ပတ်သက်လို့
သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေက လက်ရှိအချိန်ထိ ရှင်းလင်းပြတ်သားစွာ
မဖြေရှင်းနိုင်သေးပါဘူး။

ဒီဟိုတယ်အဆောက်အအုံတွေကို အရင်းကြေကာလ ၁၀ နှစ်မှ ၁၅ နှစ်ထိ ခွင့်ပြုပေးပြီး
ရှေးဟောင်းဇုန်နဲ့ ကင်းလွတ်ရာ နေရာကို ပြောင်းရွှေ့ဖို့ ယူနက်စကိုက အကြံပြုထားခဲ့ပေမဲ့
သက်ဆိုင်ရာအစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေကတော့ အခုချိန်ထိ အကောင်အထည်ဖော်
ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဝင်နိုင်ရေး အဆိုပြုလွှာကို ယခုနှစ် စက်တင်ဘာအကုန် တင်သွင်းနိုင်ပါက
၂၀၁၈ ခုနှစ်မှာ ယူနက်စကိုပညာရှင်တွေ ပုဂံဒေသကို စတင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှာ
ဖြစ်ပါတယ်။

ထပ်ဖြည့်ရန် လိုအပ်နေသေးတဲ့ အချက်အလက်တွေရှိရင် ပြင်ဆင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြင်ဆင်ဆောင်ရွက်မှု အားလုံး ပြည့်စုံသွားပြီဆိုရင်တော့ နိုင်ငံတကာပညာရှင်တွေက ပုဂံဒေသကို
ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ဖို့ လိုအပ်ချက် ပြည့်မီတယ်၊ မမီဘူးဆိုတာကို ၂၀၁၉ ခုနှစ်မှာ
ကျင်းပမယ့် ယူနက်စကိုအစည်းအဝေးမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံဘုရား ပုထိုးများစွာ
ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ငလျင်ဒဏ်ခံ ရှေးဟောင်းဘုရားပုထိုးတွေ အရေးပေါ်ပြင်ဆင်ဆောင်ရွက်နေရတာမို့ ယူနက်စကို
အဆိုပြုလွှာတင်သွင်းနိုင်ရေး ဆောင်ရွက်ရာမှာ အချိန်သုံးလခန့် ထပ်မံ နောက်ကျခဲ့ရပါတယ်။

ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတဲ့ ဘုရားပုထိုး အစိတ်အပိုင်းတွေကို ပြင်ဆင်ဆောင်ရွက်နေသလို
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်နေတာကြောင့် မူလက
သတ်မှတ်ထားတဲ့ စက်တင်ဘာလကုန်မှာ အဆိုပြုလွှာကို အချိန်မီ တင်သွင်းနိုင်မလားဆိုတာက
အတိအကျ မသိရသေးပါဘူး။

"အဆိုပြုလွှာကို စက်တင်ဘာလ အမီတင်နိုင်မှာပါ။ အမီတင်နိုင်အောင်လည်း
ကြိုးစားဆောင်ရွက်နေပါတယ်။ ရှေးဟောင်းဇုန်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ပြီးရင် အဆိုပြုလွှာစာတွဲ
ရေးဆွဲခြင်းနဲ့ စီမံခန့်ခွဲရေး နည်းဗျူဟာကို အားသွန်ခွန်စိုက်ရေးဆွဲသွားမှာမို့ သတ်မှတ်ထားတဲ့
အချိန်ပြီးစီးမှာပါ" လို့ ရှေးဟောင်းသုတေသ၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။

သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှု အမွေအနှစ်နဲ့ ဗိသုကာအနုပညာလက်ရာတွေအရ ကမ္ဘာ့အမွေအနှစ်
စာရင်းဝင်ဖို့ ပြည့်စုံနေပေမဲ့ ပုဂံဒေသဟာ ယခုအချိန်ထိ ယူနက်စကိုနဲ့ လွဲနေရတာဟာ
နစ်နာဆုံးရှုံးမှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်မလဲဆိုတာလည်း
အားလုံးစောင့်ကြည့်နေကြပါတယ်။

"လွန်ခဲ့တဲ့ နှစ် ၈၀၀ က အမွေအနှစ်ကို ကျွန်မတို့ လက်ခံရတယ်။ ဒါဆိုရင် ကျွန်မတို့ကလည်း
နောက်နှစ်ပေါင်း ၈၀၀ မှာ လက်ဆင့်ကမ်းပေးနိုင်ဖို့ ထိန်းသိမ်းသင့်တယ်။ အဲဒီလို လက်ဆင့်ကမ်း
ပေးနိုင်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီအမွေအနှစ်နဲ့ ပတ်သက်နေတဲ့သူ အားလုံးက
အချိုးကျပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်" လို့ ဒေါ်ဥမ္မာမျိုးက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း