ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ မြန်မာဆက်ဆံရေး

မြန်မာနိုင်ငံဟာ အစဉ်အဆက် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ ကိုင်စွဲခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည် 
ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ဒေသတွင်းနဲ့
နိုင်ငံတကာအရေးတွေမှာ ပိုပြီးတက်ကြွတဲ့
အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်
မယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အင်န်အယ်လ်ဒီ) အစိုးရလက်ထက်မှာ
ပြည်သူလူထု အခြေပြု နိုင်ငံခြားရေးမူဝါဒကို 
ချမှတ်ထားပါတယ်။

 daw-aung-san-suu-kyi-with-asean-foreign-ministers.jpg - 51.74 KBdaw-aung-san-suu-kyi-with-asean-foreign-ministers.jpg - 51.74 KB

၂ဝ၁၇ ခုနှစ်မှာ အာဆီယံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးက သက်တမ်းနှစ် ၅ဝ
ပြည့်မြောက်မှာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ၁၉၆၇
ခုနှစ်၊ သြဂုတ် ၈ ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။ အာဆီယံပူးတွဲတည်ထောင်တဲ့နိုင်ငံတွေဖြစ်တဲ့
အင်ဒိုနီးရှား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကဘန်ကောက်ကြေညာစာတမ်းလို့
လူသိများတဲ့ အာဆီယံကြေညာစာတမ်းကို အာဆီယံအဖွဲ့ကြီး စတင်တည်ထောင်စဉ်မှာ သဘောတူ
လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အာဆီယံရဲ့ အဓိကဦးစားပေးရည်မှန်းချက်တစ်ခုကတော့ ''စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊
ဒေသတွင်း ယဉ်ကျေးမှုနဲ့လူမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ အရှေ့တောင် အာရှနိုင်ငံများအကြား
ငြိမ်းချမ်းသာယာဝပြောတဲ့ ဘုံလူ့အဖွဲ့အစည်းပေါ်ထွက်လာစေဖို့ အဖွဲ့ဝင်နိုင်ငံအားလုံး သာတူညီမျှ
ပူးပေါင်းဆောင်ရွက်ကြရန်'' ဖြစ်ပါတယ်။

ဒီရည်မှန်းချက်တွေနဲ့အတူ ဘုံသဘောတူညီချက်ကို ရရှိဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ
အချိန်နဲ့အမျှ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကြရပါတယ်။ ဒါကြောင့်ပဲ နှစ်စဉ် အာဆီယံနဲ့သက်ဆိုင်တဲ့
အစည်းအဝေးပေါင်း ၁,ဝဝဝ လောက် ကျင်းပပါတယ်။ ဒီအစည်းအဝေးတွေကနေ ရှေ့လုပ်ငန်းစဉ်၊
ရည်မှန်းချက်အသစ်တွေ ချမှတ်ရေးဆွဲတာ၊ သဘောတူညီချက်တွေအတွက် ဆွေးနွေးတိုင်ပင်တာတွေ
ပြုလုပ်ကြပါတယ်။ ဒီအစည်းအဝေးတွေက အာဆီယံပေါင်းစည်းမှုကို တိုးတက်ဖြစ်ထွန်းစေပါတယ်။
လွန်ခဲ့တဲ့နှစ် ၅ဝ အတွင်း အရှေ့တောင်အာရှဒေသမှာ ငြိမ်းချမ်းမှုနဲ့စည်ပင်ဝပြောမှုကို
ဆောင်ကြဉ်းပေးခဲ့လို့ အာဆီယံအဖွဲ့ကြီးက အတော်ပဲ အောင်မြင် ခဲ့တယ်လို့ ဆိုရမှာပါ။

လာမယ့် နှစ် ၅ဝ ကာလမှာတော့ မတူခြားနားမှုတွေနဲ့အတူ အာဆီယံဒေသကြီးဟာ
ပိုပြီးနိုးနိုးကြားကြားနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်လာဖို့ ရှိပါတယ်။ အကြောင်းကတော့ ဒီဒေသအစု
အဖွဲ့ကြီးမှာ ဦးဆောင်သူအသစ်တွေပါဝင်လာလို့ပါပဲ။ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အတွင်း
အာဆီယံအဖွဲ့ကြီးဟာ အဖွဲ့ဝင်ခြောက်နိုင်ငံကနေ ၁ဝ နိုင်ငံအထိ ချဲ့ထွင်နိုင်ခဲ့ပါတယ်။
ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဟာ ၉၅ ခုနောက်ပိုင်းမှာ ဝင်ရောက်လာတဲ့
အဖွဲ့ဝင်သစ်နိုင်ငံတွေပါ။

မျက်မှောက်ကာလ အနေအထားမျိုးမရောက်ခင်က အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေး
စနစ်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကြောင့် အာဆီယံအဖွဲ့ကြီးကို အာဏာရှင်များကလပ်လို့
ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ ဒီနေ့အခြေအနေကတော့ ကွဲပြားခြားနားခဲ့ပါပြီ။ ဥပမာအားဖြင့်
ဗီယက်နမ်နဲ့ မြန်မာဟာ အာဆီယံပုံရိပ်ကို တိုးတက်မြင့်မားစေမယ့် ဦးဆောင်နိုင်ငံတွေ
ဖြစ်လာပါပြီ။ ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ လွတ်လပ်တဲ့
ကုန်သွယ်မှုသဘောတူစာချုပ် အများဆုံး လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပါ။

မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့အကျော်ကြားဆုံး ဒီမိုကရေစီလှုပ်ရှားမှု ပုံရိပ်တစ်ခုဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့
အရပ်သားအစိုးရ ရှိလာပြီဖြစ်တဲ့အတွက် အာဆီယံဟာ ဘယ်တုန်းကနဲ့မှမတူတဲ့
အာဆီယံဖြစ်လာတော့မှာပါ။

၂ဝ၁ဝ ပြည့်နှစ်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ
အသွင်သစ် အမြင်သစ် နိုင်ငံရေးစနစ်သစ်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက လျင်လျင် မြန်မြန်ရွေ့နေပါတယ်။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေးမှာ ကျယ်ကျယ်ပြန့်ပြန် ပါဝင်ဆောင်ရွက်ခွင့်နဲ့
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အားပေးဆောင်ရွက်ခဲ့ပါတယ်။ ဒီအကျိုးဆက်တွေကြောင့်ပဲ
အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
တိုင်းပြည်နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်နိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရလည်း ပေါ်ထွက်ခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက
လွှတ်တော်အားလုံးမှာ နေရာအများဆုံး အနိုင်ရရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ်၊ မတ်လမှာ အာဏာလွှဲ
ပြောင်းရယူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက
ဒေသတွင်းနိုင်ငံတွေကိုသာမက ကမ္ဘာ့တခြားဒေသက နိုင်ငံတွေကိုပါ အာရုံစူးစိုက်စေခဲ့ပါတယ်။

ဂုဏ်သတင်းကျော်စောမှုနဲ့အတူ တိုင်းပြည်ကို ရှေ့တန်းရောက်စေ ချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က
အစိုးရသစ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးတွေကို
ပူးတွဲတာဝန်ယူခဲ့ပါတယ်။

နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအာဏာရချိန်မှစပြီး အာဆီယံမှာ
မြန်မာရဲ့အခန်းကဏ္ဍ ဘယ်လိုဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ မြင့်တက်ခဲ့ပါတယ်။အတိတ်က
ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံရဲ့ ဆက်ဆံရေးကြောင့်လည်း အမျိုးမျိုးသော ထင်ကြေးပေး
မှုတွေ ဖြစ်ခဲ့တာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲဝင်ခဲ့စဉ်ကာလမှာ
အာဆီယံနိုင်ငံတွေက အားပေးထောက်ခံခြင်း မရှိခဲ့ပါဘူး။ အာဆီယံခေါင်းဆောင်တွေဟာ
အာဏာရှင်စစ်အစိုးရနဲ့သာ နီးနီးကပ်ကပ် ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့
တစ်ခွန်းတစ်ပါဒမျှ ထုတ်ဖော်ပြောကြားတာမျိုး၊ ဝေဖန်တာမျိုး မလုပ်ခဲ့ပါဘူး။ ဒီလိုဖြစ်ရတဲ့
အကြောင်းတွေထဲမှာ သိသာတဲ့အချက်ကတော့ အာဆီယံနိုင်ငံတချို့ဟာ ကိုယ်ကျိုးစီးပွား
အတွက်သာ စိတ်ဝင်စားနေခဲ့လို့လည်း ဖြစ်ပါတယ်။ဒါကြောင့်လည်း နေအိမ်အကျယ်ချုပ်
ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရပ်တည်ပေးဖို့ အာဆီယံခေါင်းဆောင်တွေ
တွန့်ဆုတ်ခဲ့ကြပါတယ်။

ခိုင်မာတဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်တတ်သူ
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံမလိုလားသူ တစ်ဦးဖြစ်လိမ့်မယ်ဆိုပြီး
ထင်မြင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

အတိတ်ကို ပြန်ပြောင်းကြည့်မယ်ဆိုရင်မြန်မာနိုင်ငံက အာဆီယံမှာ လေ့လာသူအဆင့်မဖြစ်ခင်
၁၉၉၅ ခုနှစ်အထိ ဒေါ်အောင်ဆန်းစုကြည်က အာဆီယံကို များစွာမျှော်လင့်ခဲ့ပါတယ်။ အာဆီယံက
စစ်အစိုးရကို ထိန်းညှိပေးနိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ခဲ့တာပါ။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းထားသလို ဖြစ်မလာခဲ့ပါဘူး။ အာဆီယံမှာ
မြန်မာနိုင်ငံက လေ့လာသူအဆင့်ဖြစ်လာတယ်ဆိုရင်ပဲ နေပြည်တော်အစိုးရက နိုင်ငံတကာ
ဖိအားတွေကို လုံးဝ ဂရုမထားတော့တဲ့ အနေအထားမျိုး ပြသခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်အခြေစိုက် အာဆီယံသံအမတ်တွေ တွေ့ဆုံဖို့ စီစဉ်ခဲ့တာကို
စစ်အစိုးရက ဖိအားပေး ဖျက်သိမ်းစေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း အတော်စိတ်ပျက်သွားပြီး နောက်ပိုင်းမှာ အာဆီယံနဲ့ ပတ်သက်ပြီး
အရေးတယူထည့်ပြောတာမျိုး မလုပ်တော့ပါဘူး။

''အာဆီယံက သူ့ကိုကာကွယ်ပေးလိမ့်မယ်။ လူ့အခွင့်အရေးနဲ့ အာဆီယံနိုင်ငံသားတွေရဲ့
အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်
ခဲ့တယ်။ ဒါပေမဲ့ သူမျှော်မှန်းသလိုဖြစ်မလာခဲ့ပါဘူး။ အာဆီယံခေါင်းဆောင်တွေအပေါ်
ဒေါ်အောင်ဆန်းစုကြည်က အယုံအကြည်မရှိ ဖြစ်ခဲ့တယ်'' လို့ ဘန်ကောက်အခြေစိုက်
အာဆီယံရေးရာကျွမ်းကျင်သူ ကဝီချောင်ကစ်တာဘောင်က ဆိုပါတယ်။

ဒါပေမဲ့ ၂ဝ၁၆ ခုနှစ်အစောပိုင်းမှာ အာဏာလွှဲပြောင်းရယူပြီး နိုင်ငံခြားသံတမန်တွေနဲ့
တွေ့ဆုံရာမှာ မြန်မာနိုင်ငံက အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေမှာ ပိုပြီး
တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မယ်လို့ ဒေါ်စုက ပြောကြားခဲ့ပါတယ်။

''ဒါက ကျွန်မတို့ အမြဲတမ်းမျှော်မှန်းထားခဲ့တဲ့ ရည်မှန်းချက်ပါ။ ကျွန်မတို့နိုင်ငံက
အိမ်နီးနားချင်းနိုင်ငံတွေနဲ့သာမက တခြားကမ္ဘာ့နိုင်ငံတွေနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ
တည်ဆောက်သွားနိုင်ဖို့ မျှော်မှန်းထားပါတယ်'' လို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား
သံအမတ်တွေနဲ့ နေပြည်တော်တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

စင်ကာပူနိုင်ငံက ISEAS Yusof Ishak အင်စတီကျုရဲ့ သုတေသီတစ်ဦးဖြစ်တဲ့
ဒေါ်မိုးသူဇာကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေမှာ
ပိုပြီးမြင့်မားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ငံဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆောင်ကြဉ်း
ပေးလိမ့်မယ်လို့ ဆိုပါတယ်။ ''ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေမှာ ဦးတည်ချက်အသစ်တွေနဲ့
မြန်မာနိုင်ငံကစတင်လျှောက်လှမ်းပါလိမ့်မယ်'' လို့ ဒေါ်မိုးသူဇာက ဆိုပါတယ်။

အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့အနေအထားက ဖြည်းဖြည်းငြိမ်ငြိမ်နဲ့ တိုးတက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံဟာ အာဆီယံမှာ ပါဝင်ခွင့်ရလာတာနဲ့အတူ
ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရာမှာ အာဆီယံအချက်အချာကျမှုနဲ့ အာဆီယံပေါင်းစည်းမှုကို
မြှင့်တင်နိုင်ခဲ့ပါတယ်။ အာဆီယံဒေသတွင်းနဲ့ ဆွေးနွေးဖက်နိုင်ငံတွေအကြား ပေါင်းစည်းမှုကို
မြန်မာနိုင်ငံက မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

အာဆီယံက ဦးဆောင်ကျင်းပတဲ့ ဆွေးနွေးပွဲတွေနဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေမှာ
မြန်မာနိုင်ငံက သံတမန် ရေးရာ အသားကျမှုနဲ့ အမြော်အမြင်ရှိမှုကို ပြသနိုင်ခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံသားတွေကို မျက်စိဖွင့်ပေးခဲ့တဲ့၊
နိုင်ငံတကာအထိအတွေ့များစွာ ပေးနိုင်ခဲ့တဲ့ နိုင်ငံတကာအဆင့် ဆွေးနွေးပွဲတွေ၊
ညီလာခံကြီးတွေ မြန်မာနိုင်ငံမှာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒီမိုကရေစီစနစ် ပြောင်းလဲဖြစ်ထွန်းလာမှုနဲ့အတူ နှစ်ပေါင်းများစွာ အပယ်ခံနိုင်ငံအဖြစ်
ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ရုတ်တရက်ချက်ချင်းဆိုသလို လူသိများထင်ရှားတဲ့ နိုင်ငံတစ်နိုင်ငံ
ဖြစ်လာခဲ့ပါတယ်။ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေ၊ အနောက်နိုင်ငံအုပ်စု နိုင်ငံတွေရဲ့
နိုင်ငံရေးအရ ဖိအားပေးမှုဒဏ်တွေကနေ မြန်မာနိုင်ငံက လွတ်မြောက်ခဲ့ပါတယ်။

ယုံကြည်မှုအသစ်နဲ့အတူ မြန်မာနိုင်ငံက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်
ခဲ့ပါတယ်။ ခရီးသွားကဏ္ဍမှာ နိုင်ငံတကာဧည့်သည်အရေအတွက် သိသိသာသာ
တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်များက ခရီးသွားဧည့်သည် ပမာဏလေးငါးသောင်းပဲ
လာရောက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်နှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားဧည့်သည်
လေးသန်းလောက် လာရောက်ခဲ့တယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက အဓိကကျတဲ့ အောင်မြင်မှုတွေရရှိခဲ့ပြီး
''နိုင်ငံကို အကျိုးထူးသက်ရောက်မယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာ
မြန်မာခေါင်းဆောင်တွေ သဘောပေါက်ခဲ့တယ်'' လို့ ဒေါ်မိုးသူဇာက ဆိုပါတယ်။

''ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တွန်းအားပေးနိုင်မယ့် လမ်းကြောင်းပေါ်ကို
ရောက်ရှိစေဖို့ မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေဖို့အာဆီယံက
သူတို့ရဲ့အခန်းကဏ္ဍကို ဖော်ပြခဲ့တယ်'' လို့ ဒေါ်မိုးသူဇာက ဆိုပါတယ်။ အာဆီယံမူဘောင်
အတွင်းမှာ ဖြစ်တည်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အကျိုးကျေးဇူးတွေကို မြန်မာက
ရရှိခဲ့ပါတယ်။ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ဒေသတွင်းပေါင်းစည်းဆက်သွယ်မှုနဲ့
လူမှုအဖွဲ့အစည်း တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အရည်အသွေးကို
မြှင့်တင်ပေးနိုင်ခဲ့တယ်။

ဆယ်စုနှစ်ငါးခုကြာလောက် အာဏာရှင်စနစ်နဲ့ ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံဟာ
အရှေ့တောင်အာရှဒေသမှာ ဒီမိုကရေစီမီးပြတိုက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
မေးခွန်းကတော့ ဒီမိုကရေစီနည်းကျ ပေါ်ထွက်လာ ခဲ့တဲ့မြန်မာအရပ်သားအစိုးရသစ်ဟာ
ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာပါပဲ။ အာဆီယံအရေးမှာ အရင်အစိုးရချိတ်ဆက်ထားခဲ့တဲ့
ရပ်တည်ချက် လုပ်ငန်းစဉ်တွေနဲ့ပဲ ရှေ့သွားမလား၊ အာဆီယံအရေးကို ဘေးဖယ်ထားပြီး
ပြည်တွင်းမှာ စိန်ခေါ်မှုဖြစ်နေတဲ့အရေးတွေကိုပဲ အလေးပေးဆောင်ရွက်မလားဆိုတာ
မေးစရာဖြစ်နေပါတယ်လို့ ၂ဝ၁၆ ခုနှစ်အတွင်း Oxford Business Group က ထုတ်ပြန်ခဲ့တဲ့
အစီရင်ခံစာတစ်စောင်က ဆိုပါတယ်။

အာဆီယံရဲ့ အန္တိမရည်မှန်းချက်ကတော့ ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့အဖွဲ့အစည်း
ဖြစ်ပေါ်လာဖို့ပါပဲ။ ဒေသတွင်းမှာ ဦးဆောင်သူအဖြစ်နဲ့ အာဆီယံဟာ အပြင်မျှော်ကြည့်နိုင်သူ၊
ကမ္ဘာ့အရေးတွေမှာ ခြယ်လှယ်နိုင်သူဖြစ်ဖို့ပါပဲ။

အာဆီယံနဲ့ နိုင်ငံတကာအရေးတွေမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရသစ်ဟာ
လူထုအခြေပြု နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊
အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူက ပြောပါတယ်။

''ပြီးခဲ့တဲ့နှစ်က လာအိုနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ရော၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးတွေက ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်
သဘောထားတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အာဆီယံရဲ့ အခန်းကဏ္ဍ၊ အာဆီယံရဲ့
ဆုံးဖြတ်နိုင်စွမ်းမှာ အာဆီယံရဲ့အချက်အချာကျမှု၊ သတ္တိနဲ့ တစ်သမတ်တည်းဖြစ်မှုတွေ
အရေးကြီးပုံကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်'' လို့ ဦးမြင့်သူကမြန်မာတိုင်း(မ်)ကို
ပြောပါတယ်။

''အာဆီယံခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လေစားမှုပြခဲ့တယ်။ သူ့ရဲ့
ဆွေးနွေးချက်တွေကိုလည်း လက်ခံကြိုဆိုခဲ့တယ်။ အာဆီယံအနေနဲ့ ကမ္ဘာ့အရေးတွေမှာ
ဦးဆောင်သူဖြစ်ချင်တယ်ဆိုရင် စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်။ အင်အားကြီး
နိုင်ငံတစ်ခုခုရဲ့ လွှမ်းမိုးမှုက အာဆီယံစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်'' လို့ ဦးမြင့်သူက ဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ အာဆီယံဒေသတွင်းက ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေကို
ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေက သူ့ရဲ့လူထုအခြေပြုနိုင်ငံခြားရေး
မူဝါဒ တစ်စိတ်တစ်ပိုင်းအဖြစ် အဲဒီနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက်
သွားရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံခရီးစဉ်အတွင်းမှာ နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ဖို့နဲ့ ထိုင်းနိုင်ငံရောက်
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးဖို့ ထိုင်းအစိုးရနဲ့ သဘောတူညီမှုတွေ
လက်မှတ်ရေးထိုးခဲ့တယ်။ စင်ကာပူနိုင်ငံ ခရီးစဉ်မှာလည်း အစိုးရသစ်နဲ့ ကဏ္ဍအားလုံးမှာ
ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဆက်လက်ကူညီပေးဖို့ စင်ကာပူအစိုးရက သဘောတူခဲ့ပါတယ်။

''အစပိုင်းမှာ သံသယလေးတွေရှိခဲ့ပေမဲ့ အာဆီယံ မြန်မာဆက်ဆံရေးက
ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ အတော့်ကိုကောင်းပါတယ်။ သူက အာဆီယံနဲ့
ပိုပြီးပူးပေါင်းဆောင်ရွက်လိုတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းပေါင်းစည်း
ဆက်သွယ်မှုမှာ အာဆီယံက မြန်မာနိုင်ငံကို အများကြီး အထောက်အကူပြုနိုင်တယ်ဆိုတာ
ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်တယ်'' လို့ ထိုင်းအခြေစိုက် အာဆီယံရေးရာ ကျွမ်းကျင်သူ
ကဝီက မြန်မာတိုင်း (မ်) ကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ အစဉ်အဆက် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို
ကျင့်သုံးခဲ့တယ်။ ဒီအတိုင်းပဲ ဆက်သွားဖို့ရှိတဲ့ နိုင်ငံခြားရေးမူဝါဒတစ်ခုလုံးရဲ့ လားရာ
အစိတ်အပိုင်းတစ်ခုအဖြစ် အင်န်အယ်လ်ဒီ အစိုးရရဲ့ အာဆီယံအပေါ် သဘောထားရှိလိမ့်မယ်။
အဓိကကတော့ နိုင်ငံတကာနဲ့ ဒေသတွင်းအရေးအခင်းတွေက ဘက်လိုက်ခြင်း မရှိစေဖို့ပါပဲလို့
ဒေါ်မိုးသူဇာက ပြောပါတယ်။ ''၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးကတည်းက
အာဆီယံစည်းလုံးညီညွတ်မှုအရ ထားရှိတဲ့ ဦးစားပေးအစီအစဉ်တွေကို မြန်မာက
သဘောပေါက်နားလည်ထားပါတယ်'' လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်ဖြစ်မှု၊ မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေကြား၊ မြန်မာနိုင်ငံနဲ့
အင်အားကြီးနိုင်ငံတွေကြား ဆက်ဆံရေးတွေဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်
အာဆီယံ မြန်မာဆက်ဆံရေးမှာ အရေးပါနေပါတယ်။

စူပါပါဝါဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံအတွက်သာမက အာဆီယံ
ဒေသတွင်း နိုင်ငံတွေအတွက်ပါ အရေးကြီးနေပါတယ်။ တရုတ်နိုင်ငံနဲ့ အရမ်းနီးကပ်ခဲ့တဲ့အတွက်
တရုတ်မြန်မာ ဆက်ဆံရေးအပေါ် အာဆီယံက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ နိုင်ငံရေးအရရော
စီးပွားရေးအရပါ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီနေခဲ့တာပါ။
ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးလို့ နှစ်နိုင်ငံစလုံးကသတ်မှတ်လက်ခံထားကြပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ
ဖော်ဆောင်ခဲ့သလို အမေရိကန်အစိုးရဲ့ နီးကပ်ဖို့ကြိုးစားခဲ့တဲ့အတွက် တရုတ် မြန်မာ
ဆက်ဆံရေးအဖုအထစ်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေးမှာ မရေရာ မသေချာမှုလေးတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ၂ဝ၁၃ ခုနှစ်မှာ
နှစ်နိုင်ငံခေါင်းဆောင်တွေ ပေကျင်းမှာတွေ့ဆုံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်
မှုနဲ့ အပြန်အလှန် အကျိုးရှိမှုကို ဖော်ဆောင်ဖို့ ထပ်မံကတိပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အတိုက်အခံပါတီဖြစ်ခဲ့တဲ့ အင်န်အယ်လ်ဒီအာဏာရဖို့
နီးကပ်လာချိန်မှာ တရုတ်အစိုးရကလည်း ခြေလှမ်းပြင်ခဲ့ပါတယ်။ အင်န်အယ်လ်ဒီအစိုးရ
အာဏာရရချင်း အချိန်မှာပဲ နေပြည်တော်ကိုတရုတ်နိုင်ငံခြားရေးဝန်ကြီးစေလွှတ်ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးစေခဲ့ပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရ
လက်ထက်မှာ ပထမဆုံးလာရောက်တွေ့ဆုံခဲ့တဲ့ နိုင်ငံတကာသံတမန်လည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာရပြီးအချိန် ခဏအတွင်းမှာပဲ နိုင်ငံခေါင်းဆောင်
တစ်ယောက်အနေနဲ့ တရုတ်နိုင်ငံကို ဦးစွာသွားရောက်ခဲ့ပါတယ်။ ဒါက အိမ်နီးနားချင်း
အင်အားကြီးနိုင်ငံရဲ့ ထောက်ကူမှုတွေ ဆက်လက်ရရှိစေဖို့နဲ့ အပြန်အလှန်လေးစားမှုကို
ပြသဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့အတွက် အာရှဒေသမှာ အပြုသဘောဆောင်တဲ့
အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ စင်ကာပူနိုင်ငံခရီးစဉ်အတွင်း
Channel News Asia သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က
ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

''ကျွန်မတို့ဟာ အိမ်နီးနားချင်းတွေပဲ။ အိမ်နီးနားချင်းတွေဆိုတာ တစ်ဦးနဲ့တစ်ဦး
ဖယ်ခွာလို့မရပါဘူး။ ဒါကြောင့် အိမ်နီးနားချင်းကောင်းတွေအဖြစ် ကျွန်မတို့နေထိုင်နေတယ်
ဆိုတာ သေချာဖို့လိုအပ်ပါတယ်။ အချင်းချင်း ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး တည်ဆောက်
ထားနိုင်ဖို့ကို အာရုံစိုက်ရမှာပဲ ဖြစ်ပါတယ်'' လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

တရုတ် မြန်မာ ဆက်ဆံရေးနဲ့ အာဆီယံ မြန်မာ ဆက်ဆံရေးတွေဟာ သီးခြားစီဖြစ်ပြီး
တစ်ခုကိုတစ်ခု တည်မှီနေခြင်းမရှိဘူးလို့အမေရိကန်နိုင်ငံအခြေစိုက် Thinktank တစ်ခုဖြစ်တဲ့
Stimson စင်တာရဲ့ အကြီးတန်းပညာရှင်နဲ့ အာရှရေးရာ ကျွမ်းကျင်သူ မစ္စဆွန်ယန်က ပြောပါတယ်။

''လက်ရှိအချိန်မှာ မြန်မာ တရုတ်ဆက်ဆံရေးက အဆင်ပြေနေပါတယ်။ ပြဿနာ ကြီးကြီးမားမား
တစ်ခုမှ ရှိမနေပါဘူး။ တောင်တရုတ်ပင်လယ်အရေးလို ကိစ္စတွေကြောင့် ဒေသတွင်းမှာ
မြန်မာနိုင်ငံရဲ့ဖြစ်တည်မှုနဲ့အာဆီယံပူးပေါင်းပါဝင်မှုကို ပြောင်းလဲသွားစေနိုင်လိမ့်မယ်လို့
မထင်ပါဘူး'' ဟု မစ္စဆွန်ယန်က မြန်မာတိုင်း (မ်) ကို ပြောပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့
လွှမ်းမိုးမှုအနေအထားကို ချိန်ဆနေရပါတယ်။ အရှေ့တောင်အာရှဒေသမှာ တရုတ်ရဲ့
အင်အားကြီးထွားလာမှုကို ကန့်သတ်လိုတဲ့ အမေရိကန်ရဲ့ သဘောထား၊ ဂျပန်ရဲ့
အင်အားချိန်ခွန်လျှာညှိမှု၊ တရုတ်နိုင်ငံရဲ့ သမုဒ္ဒရာနှစ်ခု စိုးမိုးရေး မူဝါဒ၊ အိန္ဒိယနိုင်ငံရဲ့
အရှေ့ကြည့် စီမံရေးမူဝါဒ (ယခင်အရှေ့မျှော်ဝါဒ)တွေမှာ တစ်ယောက်တစ်မျိုးစီ
ချဉ်းကပ်မှုတွေရှိနေတယ်လို့ ထိုင်းနိုင်ငံ Assumption တက္ကသိုလ်က စောသာဝါး
ပြုစုခဲ့တဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ သဘောတရားတွေအကြောင်း ၂ဝ၁၆ ခုနှစ်မှာ
ရေးသားပြုစုခဲ့တဲ့ အဲဒီစာတမ်းအဆိုအရ ဒေသတွင်းနဲ့ မိတ်ဖက်ပေါင်းစုံ အဖွဲ့အစည်း
ကြီးတွေအကြား ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအားပြိုင်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်
အာဆီယံကို မြန်မာက ရွေးချယ်ခဲ့ရတာလို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် မြန်မာအနေနဲ့ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို
ခံနိုင်ရည်ရှိမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ တရုတ်နိုင်ငံ ပါဝင်လာစေဖို့ မြန်မာကလည်း
အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပါလိ့မ်မယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံကို
လိုအပ်နေဆဲဖြစ်ပြီး အထူးသဖြင့် အင်န်အယ်လ်ဒီအစိုးရအတွက် အရေးပါဆုံး
လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့
ဆက်ဆံရေးမှာ တရုတ်နိုင်ငံကအများကြီးထောက်ကူပေးနိုင်တဲ့ အနေအထားရှိပါတယ်။
တရုတ်ရဲ့ကြီးမားတဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ၂၁ ရာစု ပိုးလမ်းမစီမံကိန်းမှာ
မြန်မာနိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် အချက်အချာကျမှုကို အသုံးချနိုင်ဖို့
အင်အားကြီးနိုင်ငံတွေအားလုံးဟာ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး ရည်မှန်းချက်
ကိုယ်စီရှိနေကြပါတယ်။မြန်မာကလည်း အားလုံးနဲ့ပူးပေါင်းရင်း ဖွံ့ဖြိုးတိုးတက်မှုကို
လိုလားနေမှာ အမှန်ပါပဲ။

(ယခုဆောင်းပါးကို ကနေဒါ အခြေစိုက် Probe Foundation ၏ ထောက်ပံ့မှုဖြင့်
ASEAN Media Fellowship အစီအစဉ်အရ ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း