ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတိုးမြှင့်

 သတင်းစာရှင်းလင်းပွဲတွင် ဒုတိယသမ္မတဦးမြင့်ဆွေ ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ - အေပီ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယသမ္မတဦးမြင့်ဆွေ ရှင်းလင်းပြောကြားနေစဉ်။ ဓာတ်ပုံ - အေပီ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ခရိုင်ဒေသတွင်း ထပ်မံဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်
မှုများကို တားဆီးနိုင်ရန် လုံခြုံရေးတိုးမြှင့်ချထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က
ယခုလ ၈ ရက်၌ ထုတ်ပြန်ကြေညာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော တောင်ပိုင်းဒေသတွင် ယခုလ ၃ ရက်က ဒေသခံကျေးရွာသား
ခြောက်ဦးဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပြီး ထိုသတ်ဖြတ်ခံရမှုကို အကြမ်းဖက်တိုက်ခိုက်မှုဟု သတ်မှတ်
ကြောင်း၊ ရသေ့တောင်မြို့နယ် အောက်နန်း ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို မွတ်စလင်
ဘင်္ဂါလီအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်မှုများ ကို ကာကွယ်ရန် အဆိုပါဒေသများတွင်
လုံခြုံရေး တိုးမြှင့်ချထားဆောင်ရွက်လျက်ရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

''စိုးရိမ်ကြောင့်ကြမှုမရှိစေရေးအတွက် ယင်းနေရာများတွင် တပ်မတော်၊ နယ်ခြားစောင့်ရဲ၊ မြန်မာနိုင်ငံရဲ
တပ်ဖွဲ့အင်အားများ ကို တိုးမြှင့်တာဝန်ချထားပြီးဖြစ်ပါသည်'' ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ဒေသတွင်း ယခုလ အစောပိုင်းက စတင်၍ အကြမ်းဖက်
သတ်ဖြတ်ခံရမှုတချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရမှု ရှိလာခဲ့ခြင်းကြောင့် တပ်မတော်
စစ်ကြောင်းအပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကလည်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်
မြောက်ပိုင်း ကိုင်းကြီးကျေးရွာမှ ဒေသခံမြိုတိုင်းရင်းသား ရှစ်ဦးသည် ယခုလ ၃ ရက်က ပျောက်ဆုံး
သွားခဲ့ပြီး ၄င်းတို့အနက် ခြောက်ဦး၏ အလောင်းကို ဓားဒဏ်ရာ၊ သေနတ်ဒဏ်ရာများနှင့်အတူ
ယခုလ ၄ ရက်တွင် တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးနေဆဲ ကျန်နှစ်ဦးအနက် တစ်ဦး၏ အလောင်းကို
ယခုလ ၅ ရက်ကတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဘူးသီးတောင်နှင့်ရသေ့တောင်ဒေသရှိ ကျေးရွာအချို့မှ ဒေသခံ လူပေါင်း
တစ်ထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးဦးသန်းနိုင်က ပြောသည်။

''အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စိုးရိမ်ပြီး မြို့ပေါ်လုံခြုံတဲ့နေရာကို နေရပ်စွန့်ပြေးလာနေကြတယ်။
ရသေ့တောင်ဘက်ရွာတွေထဲက လူ ၇ဝဝ နီးပါးလောက် ဘုန်းကြီးကျောင်းမှာ နေကြတယ်'' ဟု
၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်၏
အချုပ်အခြာအာဏာကို ထိပါးနေခြင်းကြာင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရတို့က
လုံလောက်သည့် လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က
ယခုလ ၇ ရက်တွင် တောင်းဆိုခဲ့သည်။

''ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အသတ်ခံရတာတွေ ရှိတယ်။ အကြမ်းဖက်မှုတွေ ရှိတယ်။
တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့ဗျာ။ အစိုးရက တရားဥပဒေစိုးမိုးအောင် လုပ်ပေးသင့်တယ်'' ဟု
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဖြစ်မြောက်ရေး ဦးဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

မောင်တောဒေသတွင်း နယ်မြေ လုံခြုံရေးများ ထပ်မံတိုးမြှင့်ခြင်းကြောင့် အကြမ်းဖက်မှုများကို
ကာကွယ်နိုင်မည်ဟု ဆိုသော်လည်း ထုတ်ပြန်ကြေညာရုံနှင့်မပြီးဘဲ လက်တွေ့၌ စနစ်ကျတင်း
ကျပ်သော လုံခြုံရေးကို ချထားဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်တွေမြို့ ရွှေစေတီကျောင်း
ဆရာတော် အရှင်အရိယာဝံသက မိန့်သည်။

''ကြေညာချက်ကတော့ ထုတ်လိုက်ပြီ။ ဘာမှဆက်မလုပ်ဘူးဆိုရင်တော့ ဘာအကျိုးသက်ရောက်မှုမှ
ရှိမှာမဟုတ်ပါဘူး''ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က
ပြောသည်။

အစိုးရတစ်ရပ်အနေဖြင့် ပြည်သူဘက်မှကာကွယ်မည်ဆိုပါက လက်တွေ့ကျရန် အရေးကြီးကြောင်း၊
ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးသည် အရေးကြီးကြောင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

''အစိုးရရဲ့လုပ်ဆောင်ချက်တွေက ပြည်သူကိုထင်ဟပ်စေတဲ့ လုပ်ဆောင်ချက်ဖြစ်ရဲ့လားဆိုတာ
စဉ်းစားဖို့ လိုပါတယ်။ ထွက်ပြေးနေကြတဲ့ ပြည်သူတွေက ဒီကြေညာချက်ကိုဖတ်နိုင်ဖို့က
မလွယ်ဘူး။ ဒါကြောင့် လက်တွေ့လုံခြုံမှုပေးနိုင်မှ သူတို့လည်း အိမ်ပြန်ရဲမှာဖြစ်ပါတယ်''ဟု
ဒေါ်ထုမေက ပြောသည်။

ဒုတိယသမ္မတဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင်က
ယခုလ ၆ ရက်တွင် အပြီးသတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အစိုးရအနေဖြင့် မောင်တောဒေသ
တည်ငြိမ်ရေးအတွက် မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်သင့်ကြောင်း
တိုက်တွန်းခဲ့သည်။

''မောင်တောဒေသမှာ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ဖို့ ကြံစည်ဆောင်ရွက်နေတာတွေ
တွေ့ရတယ်'' ဟု မောင်တောဒေသစုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက
ပြောသည်။

ပြည်နယ်တွင်းမဖြေရှင်းနိုင်သေးသောပြဿနာအခြေအနေပေါ်မူတည်ပြီး ပြည်ပက ငွေကြေး
အထောက်အပံ့၊ ဒေသတွင်း မွတ်စလင်များကို အကြမ်းဖက်သမားများက သွေးထိုးလှုံ့ဆော်နေသည်ကို
လေ့လာတွေ့ရှိရသည်ဟု ၄င်းက ပြောသည်။

''မောင်တောဒေသအပါအဝင် ရခိုင်ပြည်နယ် နယ်မြေတည်ငြိမ်းရေးဆောင်ရွက်ရာမှာ ကြီးမားသော
စိန်ခေါ်မှုရှိနေပြီး ဒေသတွင်း အုပ်ချုပ်ရေးကို မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်သလို အုပ်ချုပ်ရေး
ခိုင်မာဖို့လည်း လိုအပ်နေတယ်'' ဟု ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောသည်။

နိုင်ငံတော်သမ္မတရုံးသို့ ပေးပို့ခဲ့သည့် ကော်မရှင်၏ အစီရင်ခံစာတွင် မောင်တောဒေသစုံစမ်းစစ်ဆေးမှု
ရလဒ်များပေါ် အခြေခံ၍ အကြံပြုချက် ၄၈ ချက်ကို ဖော်ပြခဲ့ရာတွင် နယ်မြေအုပ်ချုပ်ရေးကဏ္ဍဆိုင်ရာ
အကြံပြုချက် ၁၃ ချက်နှင့် အမျိုးသား လုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် အကြံပြုချက် ၁၂ ချက်ကို
အဓိက ထားဖော်ပြခဲ့ပြီး၊ နှစ်ဖက်စလုံး၏ ရပ်တည်ချက်များနှင့် တွေးဆမှုများသည် ငြိမ်းချမ်းစွာ
အတူနေထိုင်ရေးအတွက် အလှမ်းဝေးနေဆဲဖြစ်သည်ကိုတွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

''ရခိုင်ပြည်နယ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ အဆင့်မြင့်ကော်မတီတစ်ရပ်ကို
ပြည်ထောင်စုအစိုးရက ဖွဲ့စည်းတာဝန်ပေးအပ်သင့်တယ်'' ဟု ကော်မရှင်အတွင်းရေးမှူး ဦးဇော်မြင့်ဖေက
ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုတောင်တန်းပေါ်မှာ အကြမ်းဖက်သမားများ ခိုအောင်နေထိုင်နိုင်
သည့် စနစ်တကျတည်ဆောက်ထားသော လိုဏ်ခေါင်းများနှင့် အကြမ်းဖက်သင်တန်းနေရာများကို
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂ဝ ရက်က ရှာဖွေတွေ့ရှိထားခဲ့ကြောင်း အကြမ်းဖက်မှု
စတင်ဖြစ်ပွားခဲ့သည့် ယမန်နှစ် အောက်တိုဘာလကစပြီး ယခုနှစ် ဇူလိုင်လကုန်ထိ ဒေသခံ
အရပ်သား ၄ဝ ကျော် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦးနှင့် အရပ်သား
၂ဝ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက
သတင်းထုတ်ပြန်ထားသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း