အင်န်အယ်လ်ဒီ၏ လုပ်ဆောင်မှု များကို စောင့်ကြည့်ပြီးမှဝေဖန်ရန် လေ့လာသူများက ပြောကြား

လူငယ်အင်အားစုပါဝင်မှု နည်းပါးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်
အဖွဲ့သစ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူ
များက သုံးသပ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အဖြစ် ပြန်လည်ရွေးချယ်
တင်မြှောက်ခံ ခဲ့ရသည့် ၁၅ ဦးနှင့် အရန်အဖွဲ့ဝင် ငါးဦး အနက် ယခင်လူဟောင်းများသာ ပြန်ရွေး
ချယ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်မည်ဖြစ်သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များတွင် ယခင် ပါတီပြန်လည် မှတ်ပုံမတင်မီကာလကပင်
ကျန်ရှိနေခဲ့သည့် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့် တို့ကပင် ဦးဆောင်သူများအဖြစ် ပြန်
ပါဝင်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အလားအလာအကောင်းဆုံး နိုင်ငံရေး ပါတီတစ်ခုအဖြစ် ရေပန်းစား
နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၅ နှစ် တာကာလအတွင်း ပထမဆုံးအကြိမ် ပြုလုပ်
သည့် ညီလာခံမှတစ်ဆင့် အရေးပါသည့် ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်ခဲ့ခြင်းလည်းဖြစ်ရာ
ဝေဖန်ပြောဆိုမှုများလည်း ရှိနေခဲ့သည်။

အထူးသဖြင့် ခေါင်းဆောင်ပိုင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာများရှိနေသည်ဟု
သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

ညီလာခံမကျင်းပခင်ကပင် ညီလာခံ ကိုယ်စားလှယ်လေးဦးကို တရားဝင်ထုတ်ပယ်ခြင်းနှင့်
ပတ်သက်ပြီး သတင်းမြောက်မြားစွာ ထွက်ပေါ်ခဲ့ကာ ပါတီ၏ လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို နေရာအပြောင်းအလဲလုပ်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့်လားဟူသော မေးခွန်းများလည်း
ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ပါတီ၏အနာဂတ်အတွက် တစ်ဦးတည်းသော ခေါင်း
ဆောင်နိုင်သူဖြစ်သည်ဟူသော အများဆန္ဒအရ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခံခဲ့ရ
သည်။

"ဘယ်သူပဲ ဥက္ကဋ္ဌဖြစ်လာဖြစ်လာ၊ အသစ်ပြန်လည်ရွေးချယ်တာ ဖြစ်တဲ့အတွက် သူဟာ ဥက္ကဋ္ဌ
အသစ်ပါပဲ" ဟု ပါတီ၏ တည်ထောင်သူတစ်ဦးလည်းဖြစ်၊ နာယကလည်းဖြစ်သူ ဦးဝင်းတင်က
ပြောကြားသည်။

ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခြင်းခံရသည့်အတွက် ပါတီ၏ ရှေ့အနာဂတ် ခြေလှမ်းများတွင် ပိုမို
အလုပ်လုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် လူငယ်များစွာ မပါဝင်
ခြင်းသည်လည်း အရေးကြီးလှသည့် ကိစ္စမဟုတ်သေးကြောင်း သုံးသပ်သူများလည်း ရှိသည်။

"ဒေါ်အောင်ဆန်းစုကြည်က အရင်ကလည်း ပါတီဥက္ကဋ္ဌ၊ အခုလည်း ပြန်ရွေးခံရတာ ပါတီအတွက်
ကောင်းပါတယ်။ အမှုဆောင်တွေဆိုရင်လည်း အတွေ့ အကြုံရှိပြီးသားသူတွေချည်းပဲ။ လူငယ်
အင်အားတွေ ပါမလာသေးတာက အခု ပါတီပြန်ဖွဲ့ပြီးတော့ အစပိုင်းမှာ အတွေ့ အကြုံရှိတဲ့သူတွေ
ကိုပဲ လိုအပ်တဲ့အချိန် ဖြစ်လို့ ဖြစ်ပါလိမ့်မယ်"ဟု ဒီမိုကရက် တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက
ပြောသည်။

သို့သော် လူဟောင်းဆိုသည်မှာ သွေးသစ်မှတစ်ဆင့် ဟောင်းနွမ်းလာသည် ဖြစ်သောကြောင့်
သွေးလေးတတ်သည့် သဘောရှိသဖြင့် ပါတီ၏ တက်ကြွလှုပ်ရှားမှုများကို သွေးလေးမသွားအောင်
ဆောင်ရွက်ရန် လိုအပ်သည်ဟု မှတ်ချက်ပြုသည်။

"သွေးဟောင်းဆိုတာ ကြာလာရင် တက်ကြွမှု နည်းသွားတဲ့အတွက် သွေးသစ်လောင်းပေးဖို့တော့
လိုတယ်" ဟု ဦးသုဝေက ပြောသည်။

လူငယ်သွေးသစ်လောင်းရန် အရေးကြီးသကဲ့သို့ ထိုလူငယ်များကို အရည်အချင်းရှိသူများ ဖြစ်လာ
နိုင်ရန် ပျိုးထောင်ပေးရန်မှာလည်း အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်း
ထောက်တစ်ဦးက ပြောသည်။

"အခုပြန်ဖွဲ့တဲ့အဖွဲ့မှာ လူငယ်မပါတာကို ထောက်ပြလို့ရနိုင်ပေမယ့်ရှိတဲ့ လူငယ်ကကော ဘယ်
လောက်အထိ အရည်အချင်းရှိပြီး စည်းရုံးရေးပိုင်းမှာ လုပ်ပြနိုင်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည်လို
နိုင်ငံတကာဆက်ဆံရေးတွေ မှာ ရုပ်ပြကောင်းတဲ့ သူမျိုးလိုတယ်"ဟု ၎င်းက ပြောသည်။

ပါတီပြန်လည်တည်ထောင်သည်မှာ နှစ်နှစ်မပြည့်သေးသည့်အတွက် အချိန်တိုအတွင်း ပါတီခေါင်း
ဆောင်ဟောင်းများက ကိုင်တွယ်ပြီး လာမည့် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင်မူ အဆိုပါခေါင်းဆောင်
များနေရာတွင် လူငယ်မျက်နှာသစ်များ အစားထိုး ၀င်ရောက်လာနိုင်ဖွယ်ရှိ ကြောင်းလည်း သုံးသပ်
ကြသည်။

"လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလ ပါတီ အခက်ခဲဆုံးအချိန်မှာ ဦးဆောင်ခဲ့တာလည်း ဒေါ်အောင်ဆန်း
စုကြည်ပဲလေ။ အခုပြန်ရွေးချယ်ခံရတော့ နောင်မှာ ပိုပြီး လူကြိုက်များလာအောင်လုပ်ဖို့ တာဝန်ရှိ
လာပြီ။ အချိန်ယူစောင့်ကြည့် လေ့လာဖို့လိုပါတယ်"ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားခဲ့သူ
ဦးကျော်လင်းဦးက ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ထပ်မံကျင်းပနိုင်ဖွယ်ရှိသည့် ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ
တွင် ယခု ဦးဆောင်နေသူများ ပြန်လည်ပါဝင်နိုင်ရန်မှာ မသေချာတော့ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် ပါတီသည် ဗဟိုဦးစီးစနစ်ကိုသာ ကျင့်သုံးနေသေးကြောင်း ဝေဖန်မှုများရှိနေပြီး ပါတီ၏
နာယက တစ်ဦးဖြစ်သူ ဦးတင်ဦးက မူ ဗဟိုဦးစီးစနစ်ကျင့်သုံး ခြင်းမရှိပါဟု ပါတီညီလာခံတွင်
ထုတ်ဖော် ပြောဆိုခဲ့သည်။

ယခု ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်ခဲ့ခြင်းမှာလည်း ဒီမိုကရေစီ နည်းလမ်းကျကျ
လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း