သရက်မြို့၌ သစ်ပင်စိုက်ပျိုးပွဲနှင့် အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်း ဟောပြောမည်

သစ်ပင်စိုက်ပျိုးပွဲနှင့် အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်း ဟောပြောပွဲကို သရက်မြို့ သာယာကုန်း
ကျေးရွာ၌ ဇူလိုင် ၆ ရက်နေ့တွင် မြန်မာ အနာကြီးရောဂါ သာသနာပြုလုပ်ငန်းမှ ကျင်းပပြုလုပ်မည်
ဖြစ်ကြောင်း သိရသည်။

သရက်မြို့ စိန့်ထရေးဇာ အနာကြီး ရိပ်သာ၌ ပြုလုပ်မည်ဖြစ်ပြီး အော်ဂဲ နစ် စိုက်ပျိုးရေးအကြောင်း
ရှမ်းမောမြေ ကုမ္ပဏီမှ ဆရာဦးစောရွှေက ဟောပြော ပို့ချပေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ တိုးမြင့်လာသော သစ်တောပြုန်းတီးမှုနှင့် ထင်းရှားပါးမှုများကို ကာကွယ်ကြရန်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ဒေသအလိုက် တိုးမြှင့်ဆောင်ရွက်
ရန်လိုအပ်ကြောင်း မြန်မာပြည် အနာကြီးရောဂါ သာသနာပြုလုပ်ငန်းမှ ဆရာစောအယ်ထူးက
ဆိုသည်။

"အခု သရက်ဒေသမှာ ထင်းရှားလာပြီ။ အရင်က တစ်တောင် နှစ်တောင်လောက်ဆို ထင်းတော
ရောက်ပေမယ့် အခုဆို ထင်းတောရောက်ဖို့ တစ်နာရီကျော် လမ်းလျှောက်ဝင်နေရပြီ။ ထင်းကို
သူ့ထက်ငါ အရင်ရအောင်ခုတ်ကြတော့ ထင်းကရှားလာတယ်။ နောက် ၀ါးလည်း မရှိသလောက်
ဖြစ်နေတယ်။ သူတို့က မျှစ်တူးကြတယ်။ ဒီလိုပဲ သူတူး ငါတူးနဲ့ ၀ါးဖြစ်လာဖို့တောင် မချန်တော့ဘူး။
ဒါတွေကို ဘယ်လိုကာကွယ်မလဲဆိုတာကို အဓိကထားပြီး သူတို့ နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်
ကို ဘယ်လို ထိန်းသိမ်းကာကွယ်ရမယ်ဆိုတဲ့ အသိပညာတွေပေးပါတယ်။ နောက် တစ်နိုင်ငံလုံးကို
လည်း ဒီလို အသိပညာပေးဖို့ လိုအပ်တယ်" ဟု ဦးစောအယ်ထူးက ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဧရိယာမှာ ၂၄ ရာခိုင်နှုန်းခန့်သာ ကျန်ရှိပြီး ကမ္ဘာတွင် စတုတ္ထမြောက်
သစ်တောပြုန်းတီးသည့်နိုင်ငံဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ ဆောင်းပါးအရ
သိရသည်။

လယ်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုဗေဒမြေဩဇာ နှင့် ဓာတုပိုးသတ်ဆေးများ
အသုံးပြုခြင်းမှာ ရေပန်းစားလျက်ရှိသည်။ ၎င်း ဓာတုဆေးများသည် ပတ်ဝန်းကျင်ကို ရေရှည်တွင်
ဆိုးကျိုးများပေးလာနိုင်သည်ကို သတိပြုမိစေရန်အတွက် အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာ
ကိုလည်း ဟောပြောပို့ချသွားမည်ဖြစ်သည်။

ဓာတုဗေဒ မြေဩဇာအစား ဇီဝမြေဩဇာကို မိမိတို့၏ကျေးရွာက ထွက်ရှိသော အမှိုက်၊ နွားချေး၊
ပဲမှော် စသော သဘာဝပစ္စည်းများဖြင့် ပြန်လည်အသုံး ပြုရန်လိုအပ်သည်။

ဇီဝမြေဩဇာကို အသုံးပြုခြင်းဖြင့် သီးနှံများတွင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မဖြစ်ပေါ်စေဘဲ
စားသုံးသူကို အကျိုးရှိစေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အလားတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်၊ သစ်တောပြုန်းတီးမှုနှင့် ထင်းရှားပါးမှု
အတွက် လောင်စာ ချွေတာရန် ရွှံ့မီးဖို အသုံးပြုနည်းကိုလည်း သင်ကြားပေးရန် ရည်ရွယ်ထား
သည်။

မီးဖိုကို ရွှံ့၊ စပါးခွံများ အခြေခံပြီး ကုန်ကျစရိတ်သက်သာစေရန် ပြုလုပ်ထားကြောင်း သိရသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း