သံဃာအတုအယောင်များ ဖယ်ရှားရန် ဧရာဝတီမှ သံဃာတော်များ လုပ်ဆောင်နေ

ထေရ၀ါဒ ဗုဒ္ဓသာသာနာတော် သန့်ရှင်းတည်တံ့ရေးအတွက် သံဃာ့အဖွဲ့ အစည်းကို ဗန်းပြ၍
လိမ်လည်နေကြသော သံဃာအတုအယောင်များကို ဖော်ထုတ်ဖယ်ရှားသွားမည်ဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ သံဃာ့ဂုဏ်ဆောင် ရဟန်းတော်များအဖွဲ့မှ ဥက္ကဋ္ဌ
ဆရာတော် ဦးဝိစိတ္တက မိန့်သည်။

"သံဃာအစစ်နဲ့ အတုက မြင်ရုံနဲ့ ခွဲခြားသိနိုင်တယ်။ ဗုဒ္ဓသာသနာကို ကြည်ညိုတဲ့သူတွေက အဲလို
လုံးဝ မလုပ်ကြဘူး။ ဒါတွေဟာ ဗုဒ္ဓသာသာကို ညစ်နွမ်းစေသလို မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ
ကိုလည်း ထိခိုက်စေတယ်။ နိုင်ငံတကာက သတင်းစာမျက်နှာတွေမှာ မြန်မာနိုင်ငံက လမ်းတွေ
ပေါ်မှာ တောင်းစားနေတဲ့ ဘုန်းကြီးတွေကို 'မြန်မာနိုင်ငံက သူတောင်းစား' တွေ အဖြစ်ရေးကြ၊
ဖော်ပြကြတာတွေကို စိတ်မကောင်းဖြစ်မိတယ်။ မြန်မာနိုင်ငံမှာ ဘုန်းကြီးသင်္ကန်းနဲ့ လိမ်စားနေတဲ့
ကိစ္စက နှစ်ပေါင်း ၄၀ ကျော်နေပြီ။ ဒါကို အာဏာပိုင်အဖွဲ့အစည်းက ထိထိရောက်ရောက် အရေးယူ
ပေးတာ မရှိဘူး" ဟု ဆရာတော်က မိန့်သည်။

"ဘုန်းကြီးကို ဖမ်းဖို့ ဆိုတာကလည်း လူပုဂ္ဂိုလ်တွေအနေနဲ့ ခက်ခဲတယ်ဆိုတာကို လက်ခံပါတယ်။
နိုင်ငံတော် သံဃာ့နာယကအဖွဲ့အစည်းကလည်း ဩ၀ါဒပေးလမ်းညွှန်ခြင်းလည်း မရှိတော့ လျစ်လျု
ရှုထားသလိုဖြစ်နေတယ်။ ဒါပေမဲ့လည်း အခုလို့ အဖွဲ့ဖွဲ့ ပြီးဆောင်ရွက်နေတာကိုတော့ မကန့်ကွက်
ကြပါဘူး။ သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်နေပါတယ်" ဟု
ဆရာတော် က မိန့်ကြားသည်။

ဇွန်လ ၈ ရက်နေ့တွင် တိုင်းဒေသကြီးဆိုင်ရာ သံဃာ့နာယကအဖွဲ့နှင့် ဂိုဏ်းပေါင်းစုံ သဘောတူ
ခွင့်ပြုချက်ဖြင့် မအူပင်မြို့နယ်ရှိ ကျောင်းတိုက် ၅၀ ကျော်မှ သံဃာတော်များ သဘောတူ
ထောက်ခံကာ သံဃာ့ဂုဏ်ဆောင် ရဟန်းတော်များအဖွဲ့ကို အဖွဲ့ဝင် သံဃာ ၅၀ ဖြင့် ဖွဲ့စည်းခဲ့သည်။

လက်ရှိအချိန်အထိ သံဃာအတုအယောင် ခုနစ်ဦးနှင့်၊ အယောင်ဆောင် အလှူခံစားကြသူ
အယောက် ၃၀ ကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။

သို့သော် မအူပင်ရဲစခန်းသို့ အဆိုပါသူများကို အပ်နှံသောအခါ စခန်းမှ မည်သို့မျှ တာဝန်မယူပေး
သည့်အတွက် အဖွဲ့မှ သံဃာများက ဩ၀ါဒဆုံးမစကားများပေးကာ ပြန်လွှတ်ပေးခဲ့ရကြောင်း
ဆရာတော်က မိန့်သည်။

"သူတို့ကို သင်္ကန်းကိုအယောင်ပြပြီး လိမ်လည်စားတဲ့ အပြစ်ကြီးတယ်။ ကြောက်ရကောင်းမှန်း
လည်း မသိကြဘူး။ စခန်းက တာဝန်မယူတော့ အဖွဲ့ကပဲ သင်္ကန်း ချွတ်ခိုင်းတယ်။ နောက်ဒါမျိုး
မလုပ်ဖို့ ဩ၀ါဒပေးတယ်။ မအူပင်မြို့နယ်အပါအ၀င် နီးစပ်ရာမြို့နယ်တွေကိုလည်း သူတို့အကြောင်း
ကို အကြောင်းကြားထားတယ်။ ဒီမှာလုပ်စားလို့မရရင် အခြားနေရာမှာ လုပ်စားနိုင်တယ်။
သာသနာတော် သန့်ရှင်းရေးအတွက် ရဟန်းအတုအယောင်နဲ့ အလှူခံယောင်ဆောင်တွေ
ဖော်ထုတ်ဖယ်ရှားရေးအတွက် ဧရာဝတီတစ်တိုင်းလုံးမှာ သံဃာအဖွဲ့အစည်းတွေက တစ်ဆင့်
စည်းရုံးသွားမယ်။ ပူးပေါင်းပါဝင်ကြဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်" ဟု ဆရာတော်က မိန့်ကြား
သည်။

သာသနာတော်ကို ညိုးနွမ်းအောင် လုပ်ဆောင်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်
နိုင်သော်လည်း လက်တွေ့ဆောင်ရွက်မှုများ အားနည်းနေကြောင်း ဆရာတော် က မိန့်သည်။

မန္တလေး၊ ကျိုက်လတ်နှင့် ဖျာပုံမြို့နယ်များတွင်လည်း သံဃာအတုအယောင်များ ဖော်ထုတ်ဖယ်ရှား
ခြင်းကို ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာဌာနများမှာလည်း ပူးပေါင်းဆောင်ရွက်မှုများလည်း
ရှိကြောင်း သိရသည်။

ယခုကဲသို့ လုပ်ဆောင်ချက်များသည် သာသနာတော် သန်ရှင်း တည်တံ့ရေးအတွက်သာမက
နိုင်ငံတော် အေးချမ်းသာယာရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်
အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း
အဖွဲ့က ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း