ရှစ်လေးလုံးဟာ ဒီမိုကရေစီ လှုပ်ရှားမှုစခဲ့တဲ့ လူထုအရေးအခင်းပါ

ကနေ့ ဩဂုတ်လ ၈ ရက်နေ့သည် လွန်ခဲ့သည့် ၂၅ နှစ်က စွန့်လွှတ် စွန့်စား ဦးဆောင်ခဲ့သော
ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ အလွှာစုံမှ လူထု၊ လူတန်းစားအသီးသီးတို့ ပါဝင်ကာ
အာဏာရှင်အစိုးရကို စတင်ဖြုတ်ချခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံ၏ ငွေရတု
အထိမ်းအမှတ်နေ့ပင် ဖြစ်သည်။

ထို့ကြောင့် '၈' လေးလုံး ကျောင်းသား ဟောင်းများအဖွဲ့မှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က
လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့အား လွှတ်တော်ရုံးခန်းတို့သို့ လူကိုယ်တိုင် လာရောက်ဖိတ်ကြားစာ
ပေးပို့လာခြင်း၊ အဖွဲ့အစည်းအသီးသီးတို့က နိုင်ငံတစ်ဝန်း၌ အဆိုပါ ငွေရတု အခမ်းအနားများကို
ကျင်းပရန် စီစဉ်လျက်ရှိခြင်းတို့နှင့် ပတ်သက်၍ 'ဒီမိုကရေစီ မိခင်ကြီး' ဟု တင်စားခေါ်ဝေါ် ခံရသော
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များက
'၈' လေးလုံး ငွေရတုပွဲအပေါ် ဤသို့ပြောကြားကြသည်။

"နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ရေးဆိုတာ အချိန်ကာလ တစ်ခုတည်းနဲ့ ချိတ်ဆက်ထားလို့မရဘူး။
ဒါပေမဲ့ '၈' လေးလုံး အရေးအခင်းကတော့ အများကြီး အရေးပါပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုက
အဲဒီကနေ စသွားခဲ့တာပဲ။ သမိုင်းဆိုတာ မေ့လို့လည်းမရဘူး။ ဒါပေမဲ့ သမိုင်းဟာ အတိတ်ဆိုတာ
အနာဂတ်တိုးတက်ရေးအတွက် အထောက်အကူပဲဖြစ်ရမယ်။ ချုပ်ကိုင်ထားတာမျိုး မဖြစ်ရဘူး။
တချို့ က သမိုင်းရဲ့ချုပ်ကိုင်မှုကို အရမ်းခံနေတယ်လို့ အန်တီမြင်တယ်။ အန်တီကတော့ သမိုင်းရဲ့
ချုပ်ကိုင်မှုကို မခံစေချင်ဘူး။ ရှေ့ကိုတိုးတက်စေချင်တယ်။ ဒီတော့ ၈၈ အရေးအခင်းဟာ နောင်
အရှည်တိုးတက်ဖို့အတွက် သင်ခန်းစာတွေ ယူနိုင်တဲ့ အရေးတော်ပုံပဲဖြစ်ရမယ်။ နောင်အရှည်
တိုးတက်ရေးကို ပိတ်ဆို့တဲ့ အရေးတော်ပုံမျိုး မဖြစ်စေရဘူး" ဟု အမျိုးသားရင်ကြားစေ့ရေးမူကို
၁၉၈၈ ခုနှစ်ကတည်းက ယနေ့အထိ အစဉ်ကိုင်စွဲ ကျင့်သုံးလျက်ရှိသော ကော့မှူးမဲဆန္ဒနယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့၌
လွှတ်တော်အတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုစဉ်က အမျိုးသားရင်ကြားစေ့ရေးမူကို ကိုင်စွဲကျင့်သုံးခဲ့သည့် မူလရည်ရွယ်ချက်တွင် အဓိက
ရည်ရွယ်သည်မှာ အမှန်တကယ် စိတ်ဝမ်းကွဲပြားလျက်ရှိကြသော ပြည်သူနှင့် တပ်မတော်ကြား
အဆင်ပြေရေးပင်ဖြစ်သည် ဆို၏။

"အန်တီက အဲဒီအချိန်မှာကတည်းက ပြည်သူနဲ့ တပ်မတော်ကြား ရင်ကြားစေ့ရေး၊ အဆင်ပြေရေး
ပြောခဲ့တယ်။ ဘယ်တုန်းကမှ ဒီကိစ္စနဲ့ပတ်သက်လို့ အန်တီ မယိမ်းယိုင်ခဲ့ဘူး။ အဲဒီတော့ အခုအချိန်
ကျမှ အန်တီက တပ်မတော် အပေါ်မှာ မေတ္တာထားတယ်လို့ ပြောရပါကောင်းလားဆိုတော့
အံ့အားသင့်တယ်။ ဘယ်တုန်းက အဲဒီလို အန်တီမပြောခဲ့လို့လဲ။ အဲဒီလူတွေဟာ အရင်တုန်းက
နားထောင်မနေလို့လား။ သဘောမပေါက်လို့လား။ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ စကားအနေ
နဲ့ပြောပြီး တကယ် စိတ်ထဲကမပါဘူး ထင်လို့ပဲလား။

"အဲဒီလိုကိစ္စမျိုးတွေပေါ့နော်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ရှိရင် အရှေ့အနောက် မညီတာကို အန်တီက
သိပ်မကြိုက်ဘူး။ အရှေ့အနောက်မညီတာ မကြိုက်တဲ့အတွက် အန်တီက ကတိလွယ်လွယ်
မပေးဘူး။ တစ်ခုခုကို လုပ်ပါ့မယ်ဆိုပြီးတော့ ချည်နှောင်လို့ မရတဲ့အချိန်မှာ မချည်နှောင်တာဘဲ
ကောင်းတယ်။ နောက်တော့မှ ရုန်းထွက်ချင်ရင်ခက်တယ်။ အန်တီက တံခါးပိတ်နိုင်ငံရေးမျိုး
မလုပ်ချင်ဘူး။ တံခါးဖွင့်ထားမယ်။ ဘာမလုပ်ဘူး၊ ဘာလုပ်မယ်ဆိုတာ အခုဆုံးဖြတ်ပြီး နောက်ကျမှ
ပြန်ပြီးတော့ ပြောင်းရရင် မကောင်းဘူး။ ကိုယ်ပြောထားတဲ့ စကားတစ်ခုကို ပြောင်းလဲလွယ်ရင်
ပြည်သူက ဘာကို စဉ်းစားရမလဲ။ ဘာကိုယုံကြည်ရမလဲ။ ပြည်သူနဲ့ အလုပ်လုပ်တယ်ဆိုတာ
ယုံကြည်မှုကို အခြေခံပြီးတော့လုပ်ရတယ်။ ဒါကြောင့် ၈၈ အရေးအခင်းနဲ့ ပတ်သက်လို့ ၈၈ က
အရေးပါခဲ့တယ်။ ဒါပေမဲ့ နောင်အရှည်တိုးတက်ဖို့အတွက် သင်ခန်းစာတွေ ယူနိုင်တဲ့ အရေးတော်ပုံ
ဖြစ်ရမယ်။ အန်တီတို့ ရှေ့ဆက်သွားကြမယ့် လမ်းက အမျိုးသား ရင်ကြားစေ့ရေးပဲ။ အဲဒီ ရင်ကြား
စေ့ရေးထဲမှာ တိုင်းရင်းသားတွေတင်မကဘူး။ တပ်မတော် လည်းပါတယ်။ အန်တီက ဒါကို စကား
မှားပြီး ပြောခဲ့တာမဟုတ်ဘူး။ ရည်ရွယ်ချက်နဲ့ကို ပြောတာ" ဟုလည်း ပြည်သူ့ လွှတ်တော်
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ပြောကြားသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အား '၈' လေးလုံး
အရေးအခင်းတွင် ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းခဲ့သူများအပေါ် ဖော်ထုတ်အရေးယူသွားဖို့ ပြည်သူများ
က တောင်းဆိုသင့်သလား၊ သို့မဟုတ် မည်သို့ သဘောထားပါသလဲဟု မြန်မာတိုင်း(မ်)က
မေးသည်ကို ၎င်းက

"အဲဒါကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကျွန်တော်တို့နိုင်ငံကို မပြောနဲ့၊
တောင်အာဖရိကနိုင်ငံရဲ့ အတွေ့အကြုံကို ကြည့်ရင် နယ်လ်ဆင်မင်ဒဲလားတို့၊ ဘီကလပ်တို့ဟာ
ရင်နာနာနဲ့ ခွင့်လွှတ်ရတာတွေ အများကြီးရှိပါတယ်။ ဒီမှာလည်း ဒီအတိုင်းပဲ သွားရမှာပါ။
အဲဒီကာလတုန်းက တကယ့်ကို စွန့်လွှတ် စွန့်စားတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ ကျောင်းသူ
ကျောင်းသားတွေဟာ တစ်ပါတီ အာဏာရှင်စနစ်ကို အလဲထိုး နိုင်ခဲ့ကြတယ်ဆိုတာ ငြင်းလို့မရတဲ့
သမိုင်း ဖြစ်ရပ်ပါ။ ဒီအရေးအခင်းကြီးမှာ ပြည်သူတွေလည်း ပါဝင်ခဲ့ကြသလို တိုင်းပြည်ကိုချစ်တဲ့
ဗိုလ်ချုပ်တင်ဦးတို့လို၊ ဦးလွင်တို့လို စစ်ဘက်အရာရှိ ဟောင်းတွေလည်း ပါခဲ့တယ်။
သူတို့ အားလုံးရဲ့ ဆောင်ရွက်ခဲ့တဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုနိုင်ဖို့ ကျွန်တော် ဒီလွှတ်တော်
အစီအစဉ်ကနေ တစ်စုံတစ်ရာ ဆောင်ရွက်ထားတာ ရှိပါတယ်။ အခုတော့ ကြိုတင်မပြောလိုသေး
ပါဘူး။

"အဲ အရေးကြီးဆုံးကတော့ ကျောင်းသားတွေက '၈'လေးလုံးလှုပ်ရှားမှုက ပေးခဲ့တဲ့ ဒီလှုပ်ရှားမှုကြီး
ကို နိုင်ငံရေး ခေါင်းဆောင်ဆိုတဲ့ သူတွေက ဒီမိုကရေစီ ဇာတ်သိမ်းခန်းဖြစ်အောင် မလုပ်ပေးနိုင်
ခဲ့တာပါပဲ။ ဒီအနှစ် ၂၀ ဖြတ်သန်းခဲ့ကြရမှုတွေဟာ ဒီအချက်ပေါ်မှာ စကားပြောတာပါ။ ဒီတော့
ဘာအကြောင်းပဲဖြစ်ဖြစ် မိုးသီးဇွန်အပါအ၀င် ကျောင်းသား ခေါင်းဆောင်တွေက သူ့တို့ဆောင်ရွက်
နိုင်သမျှ ဆောင်ရွက်ခဲ့တဲ့အတွက် သူတို့မှာ အားနည်းချက်တွေရှိရင်တောင် ကျွန်တော် နားလည်
သဘောပေါက်ပါတယ်။ အဓိကကတော့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဟာ အဲဒီနေ့က သမိုင်း
ကွေ့မှာ ပေးလာခဲ့တဲ့ အခြေအနေကို လက်တွေ့အကျိုးရှိရှိလုပ်နိုင်ခဲ့လား၊ မလုပ်နိုင်ခဲ့လားဆိုတာ
တွေ၊ အဲဒီအချိန်က ဦးနုဖွဲ့ခဲ့တဲ့ စင်ပြိုင်အစိုးရ မအောင်မြင်ခဲ့တာ ဘာကြောင့်လဲဆိုတာ ဒီနေ့ သမိုင်း
က မှန်မှန်ကန်ကန်ရေးပါလိမ့်မယ်" ဟု ဖြေကြားခဲ့သည်။

ထိုစဉ်က '၈'လေးလုံး ကျောင်းသား အဖွဲ့တွင် ပါဝင်ခဲ့သည့် အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း '၈'လေးလုံးလှုပ်ရှားမှု သမိုင်းကို မမေ့ကောင်းသောအရာ
အဖြစ် လွှတ်တော်၌ မှတ်တမ်းတင်နိုင် အောင်ဆောင်ရွက်ရမည်ဟု ပြောကြားသည်။

" '၈၈ ဟာ မမေ့ပျောက်နိုင်တဲ့ ကိစ္စကြီး ဖြစ်တဲ့အပြင် ဒီမိုကရေစီအလင်းရောင် ထူးထူးခြားခြား
ပေါ်ထွက်လာစေတဲ့ ဖြစ်ရပ်ကြီးပါ။ ဒါကြောင့် လွှတ်တော်ကသာ မဟုတ်ဘဲ တစ်နိုင်ငံလုံးက
ဒီသမိုင်းကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၈၈ ငွေရတုအခမ်းအနားအတွက် ဇူလိုင် ၂၉ ရက်နေ့မှာ
လွှတ်တော်ဥက္ကဋ္ဌနှစ်ပါးဆီကို ဖိတ်စာလာ ဖိတ်စဉ်ကတောင် လွှတ်တော် အကြီးအကဲနှစ်ဦးက
သူတို့ ကိုယ်တိုင် ဒီအခမ်းအနားကို တက်ချင်တယ်လို့ လှိုက်လှိုက်လှဲလှဲပြောပါတယ်။ သူတို့
စိတ်ထဲမှာ ဒီအခမ်းအနားအပေါ် အသိအမှတ်လည်းပြုသလို ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုလည်း
သဘောကျကြတယ်။ သုံးရက်ကျင်းပမယ့် အခမ်းအနား အစီအစဉ်ကိုလည်း သူတို့သဘောကျတဲ့
အတွက် ဆွေးနွေးချင်တယ်လို့တောင် ပြောခဲ့ကြပါတယ်။ တစ်ဖက်က ခံစားချက်တွေလည်းရှိတဲ့
အတွက် အဲဒီ ခံစားချက်တွေနဲ့ ပြောဆိုမှုတွေအပေါ် သည်းခံပေးဖို့ ပြောတဲ့အခါ သူတို့က နားလည်
ပါတယ်လို့ ပြန်ပြောပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားကြရမယ့် နိုင်ငံရေးခရီးမှာ အာဃာတတွေ
ကို အတတ်နိုင်ဆုံးဖျောက်ပြီး သွားကြရမှာပါ။ ဒီဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး နောင်မဖြစ်အောင်
လည်း ဆောင်ရွက်ကြရမှာပါ" ဟု ၎င်းကပြောသည်။

၈၈ အရေးအခင်း၌ မန္တလေးဆေးတက္ကသိုလ်မှ ၀န်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး အရေးအခင်းတွင် ပါဝင်ခဲ့
သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်ကမူ ၎င်းအရေးအခင်း၏
အချက်အလက်မှန်များကို ရှာဖွေဖော်ထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။

"မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဆိုပါစို့။ ၁၃၀၀ ပြည့် တောင်သူလယ်သမား အရေးတော်ပုံမှာ တောင်သူ
လယ်သမားတွေပဲ ပါခဲ့တယ်။ သခင်ဖိုးလှကြီးရဲ့ ရေနံ မြေသပိတ် အရေးတော်ပုံမှာလည်း အလုပ်
သမားတွေပဲ ပါခဲ့တယ်။ အဲဒီနောက်ပိုင်း ၁၉၆၉ ခုနှစ်ကနေ ၁၉၇၄ စသဖြင့် ကျောင်းသားသပိတ်
တွေ ဖြစ်ခဲ့တယ်။ '၈'လေးလုံးကတော့ လူထုတစ်ရပ်လုံး ပါဝင်ခဲ့တဲ့ သမိုင်းမှာ တန်ဖိုးအရှိဆုံး
အရာပဲ။ ဘာပဲပြောပြော အာဏာဆိုတာ လူထုက ဆင်းသက်တယ်ဆိုတာ '၈' လေးလုံးက
ပြခဲ့တာပဲ။ အာဏာက လူထုက ဆင်းသက်သလို လူထုကပဲ အာဏာရှင်အစိုးရကို ဖြုတ်ချလို့
ရတယ်ဆိုတာ သက်သေပြခဲ့တယ်။

"အခုလို နိုင်ငံတော်အပြောင်းအလဲကာလမှာ ကျွန်တော်တို့ ဆန္ဒကတော့ ငြိမ်းချမ်းစွာ ပြောင်းလဲ
ခြင်းပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့ မနေ့က ရုပ်ရှင် (ဇူလိုင် ၃၁ တွင် လွှတ်တော်အတွင်း၌ ပြသခဲ့သော
ရုပ်ရှင်) 'ကြယ်စင်မော်ကွန်း'ကို ကြည့်လိုက်တဲ့အခါမှာ 'သမိုင်းဆိုတာ ညာလို့ မရဘူး'ဆိုတဲ့
message ကို ပေးထားတာ တွေ့ရတယ်။ တောင်အာဖရိကမှာ ဆိုရင် Truth Finding
Commission ဆိုတဲ့ အမှန်တရား ဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့တယ်။ အဲဒါကို ဖွဲ့ပြီး သမိုင်းမှာ
ဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုတော့ ပြည်သူလူထုကို တရားဝင် အသိပေးတယ်။ ပြီးတဲ့အခါ
အမျိုးသားပြန်လည် သင့်မြတ်ရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းလိုက်ကြတယ်။

"နောင်ဒါမျိုးမဖြစ်အောင် ဥပဒေပြုရေးပိုင်းကရော၊ ဘက်စုံကပါ ၀ိုင်းဝန်းပြီး အလုပ်လုပ်ကြရမယ်။
ဒါပေမဲ့ အမှန်တရားကိုတော့ မြေမြှုပ်ပစ်လို့ မရဘူး"ဟု ၎င်းက ပြောခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း