ဂျပန်နှင့် မြန်မာလေကြောင်းလိုင်း အကျိုးတူ ပူးပေါင်းရေး အစိုးရခွင့်ပြုချက် ယူရဦးမည်

Asian Wings လေကြောင်းပိုင်လေယာဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ စိုးသန်းဝင်း/အေအက်ဖ်ပီAsian Wings လေကြောင်းပိုင်လေယာဉ်များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ စိုးသန်းဝင်း/အေအက်ဖ်ပီ

ပထမဦးဆုံး နိုင်ငံတကာ လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းမှုဖြစ်သည့် ဂျပန်နိုင်ငံမှ ANA
(All Nippon Airways) လေကြောင်းလိုင်းနှင့် ပြည်တွင်းမှ Asian Wings လေကြောင်းလိုင်းတို့
အကျိုးတူ ပူးပေါင်းရန် မူအားဖြင့် သဘောတူညီမှုများ ရရှိထားသော်လည်း မြန်မာအစိုးရထံမှ
ဌာနဆိုင်ရာ ခွင့်ပြုချက်များ ရယူရဦးမည်ဖြစ်သည်ဟု ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော
သတင်းစာရှင်းလင်းပွဲတွင် Asian Wings လေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။

"ဒီနေ့ပွဲကတော့ ဂျပန်လေကြောင်းလိုင်းနဲ့ ပူးပေါင်းလုပ်ကိုင်ရေးအတွက် အသိပေးလို့ရတဲ့
အနေအထားလေးတွေကို အသိပေးပြောကြားဖို့ပါ။ ကျွန်တော်တို့ နောက်ဆုံး သဘောတူလက်မှတ်
ရေးထိုးတဲ့အခါ ခမ်းခမ်းနားနားလုပ်ဖို့ ရှိပါတယ်။ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ
နိုင်ငံတော်ပါနေတဲ့အတွက် ကျွန်တော်တို့ပြောတဲ့နေရာမှာ မှားသွားမှာ၊ မပြောသင့်သေးတဲ့
အချက်တွေ ပါသွားမှာ စိုးတဲ့အတွက်ပါ" ဟု Asian Wings လေကြောင်းလိုင်း၏ အမှုဆောင်
အရာရှိချုပ်ဖြစ်သူ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ အကြီးဆုံးလေကြောင်းကုမ္ပဏီအုပ်စု ဖြစ်သည့် ANA လေကြောင်းလိုင်းအနေဖြင့်
မြန်မာနိုင်ငံမှ Asian Wings လေကြောင်းလိုင်းတွင် ၄၉ ရာခိုင်နှုန်းထည့်ဝင်၍ အမေရိကန် ဒေါ်လာ
၂၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု အဆိုပါလေကြောင်းလိုင်းက ဩဂုတ်လ ၂၇ ရက်နေ့က
ကြေညာခဲ့သည်။

ဂျပန်လေကြောင်းလိုင်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် Asian Wings ဘက်မှ ထည့်ဝင်
မည့် ရင်းနှီးမြှုပ်နှံမှုပမာဏကို လတ်တလော အချိန်တွင် ပြောကြားနိုင်ခြင်းမရှိသေးဘဲ ပူးတွဲကုမ္ပဏီ
တည်ထောင်ရာတွင် ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မှု ရှိမည်ဟု Asian Wings လေကြောင်းလိုင်း၏
အမှုဆောင်ဒါရိုက်တာဖြစ်သူ ဦးလွင်မိုးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက အကြိုညှိနှိုင်းမှုများ ရှိခဲ့သည့် ဂျပန်လေကြောင်းလိုင်းနှင့်
မြန်မာနိုင်ငံမှ Asian Wings လေကြောင်းလိုင်းတို့၏ အပြီးသတ် သဘောတူစာချုပ်ကို ယခုနှစ်ကုန်
ပိုင်းတွင်ချုပ်ဆိုရန် ရည်မှန်းထားသည်ဟုလည်း ၎င်းကပြောခဲ့သည်။

အဆိုပါ လေကြောင်းလိုင်းတို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဂျပန်လေကြောင်းလိုင်း အေအင်န်အေက
ဝန်ဆောင်မှုအပိုင်းနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာ နည်းပညာ အကူအညီများ ထောက်ပံ့ပေးသွား
မည့်အပြင် လေကြောင်းပျံသန်းရေးအတွက် လာမည့် ၂၀၁၈ ခုနှစ်အတွင်း အဲဘတ်စ်လေယာဉ်
၁၀ စင်း အထိ ဖြည့်တင်းသွားရန် ရှိသည်ဟုလည်း သိရှိရသည်။

ဂျပန်လေကြောင်းလိုင်း အေအင်န်အေသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် အသားတင်အမြတ်ငွေ
အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိခဲ့ပြီး Asian Wings လေကြောင်းလိုင်းနှင့် အကျိုးတူ
ပူးပေါင်း၍ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ စတင်
ပျံသန်းရန် ရည်မှန်းထားသည်ဟုလည်း အေအင်န်အေလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။

Asian Wings လေကြောင်းလိုင်းသည် ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် မှတ်ပုံတင်ခဲ့သည့်
မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် လေကြောင်းပျံသန်းမှု
လုပ်ငန်းများ စတင်ခဲ့ရာ လက်ရှိအချိန်တွင် အေအာရ်တီ လေယာဉ်နှစ်စင်း ဖြင့် ပြည်တွင်းခရီးစဉ်
၁၃ ခု ပြေးဆွဲပေးနေသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း ရှစ်ခုက စုစုပေါင်းလေယာဉ် ၄၆ စင်းဖြင့် ပြည်တွင်းနှင့်
နိုင်ငံတကာခရီးစဉ်များ ပြေးဆွဲနေသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း