ဒေါ်လာ ၇၄ သန်းကို ကားစက်ရုံ အတွက် နစ်ဆန်းက ရင်းနှီးမြှုပ်နှံမည်

ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်သည့် NISSAN Motor Co.,Ltd နှင့် Tan Chong တို့ပူးပေါင်း၍
အမေရိကန်ဒေါ်လာ ၇၄ သန်းရင်းနှီးမြှုပ်နှံပြီး ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန်တွင် စက်ရုံ တည်ကာ
၂၀၁၅ ခုနှစ်တွင် မော်တော်ကားများ စတင်ထုတ်လုပ်ရောင်းချသွားမည်ဟု NISSAN Motor
Co.,Ltd ၏ အမှုဆောင်အရာရှိချုပ် Carlos Ghosn က နေပြည်တော်၌ စက်တင်ဘာလ ၂၀ ရက်
နေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ပဲခူးစက်မှုဇုန်ရှိ မြေဧက ၈၀ ပေါ်တွင် နောက်ဆုံးပေါ်စက်မှုအဆောက်အအုံဖြင့် NISSAN အမှတ်
တံဆိပ်မော်တော်ကားများ တပ်ဆင်ထုတ် လုပ်မှုနှင့် အပိုပစ္စည်းများ ထုတ်လုပ်ရောင်းချသွားမည်
ဖြစ်သည်။

စက်ရုံကို သုံးနှစ်စီမံကိန်း ဖြင့် အကောင်အထည်ဖော်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အင်ဂျင်နီယာများ
လုပ်သားဝန်ထမ်းအင်အား ၃၀၀ ခန့်ကို ခေါ်ယူသွားမည်ဖြစ်ကာ တစ်နှစ်လျှင် မော်တော်ကားစီးရေ
၁၀,၀၀၀ ထုတ်လုပ်ရောင်းချမည်ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ထုတ်လုပ်မှာဖြစ်တဲ့အတွက် ဈေးသက်သက်သာသာနဲ့ ၀ယ်နိုင်မှာပါ။
ကားထုတ်လုပ်မှုအား ပိုကောင်းလာလေ ဈေးလျှော့ပြီး ရောင်းနိုင်ပါမယ်။ အခြေခံအဆောက်အအုံ
လိုအပ်ချက်တွေကိုလည်း အစိုးရက ပူးပေါင်းကူညီမှာဖြစ်တဲ့အတွက် လျှပ်စစ်မီး လိုအပ်ချက်ကို
လည်း စိုးရိမ်မှုမရှိပါဘူး။ နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံကြောင့် အခက်အခဲတွေက
မထူးဆန်းပါဘူး။ အောင်မြင်ဖို့ဆိုတာ ချက်ချင်းတော့ မဖြစ်နိုင်ပါဘူး။ အချိန်တော့ နည်းနည်းယူရ
ပါဦးမယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ၁,၀၀၀ တွင် ခုနစ်ဦးသာ မော်တော်ကား စီးနိုင်သေးသည့် အနေအထားမှ
၄၅ ဦးအထိ စီးနိုင်စေရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ ၇၄ သန်းတွင် သန်း ၅၀ ကို စက်ရုံတည်ဆောက်ရေးနှင့် ၀န်ထမ်းများ
အတွက်သုံးစွဲမည်ဖြစ်ပြီး ကျန်ရှိသည်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သောက်သုံးရေ
ရရှိရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့တွင် သုံးစွဲမည်ဖြစ်သည်။

Tan Chong Group သည် NISSAN ၏ မော်တော်ကား ထုတ်လုပ်ခွင့်အား မလေးရှား၊ စင်ကာပူ၊
ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် တစ်ဦးတည်းမူပိုင် ရရှိထားသည်။

"ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံဟာ အင်ဒိုချိုင်းနားဒေသမှာ တိုးတက်ဖွံ့ဖြိုးမှုအတွက် တွန်းအား
တစ်ရပ် ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ အတွေ့အကြုံ
တွေနဲ့ မြန်မာနိုင်ငံမှာ တိုးချဲ့ဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်
အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မြင့်မားတဲ့ဈေးကွက်ကိုလည်း ဒီမှာမျှော်မှန်းထား
ပါတယ်"ဟု Tan Chong Group ၏ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Dato' Tan Heng Chew
က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း