ကုလားတန်စီမံကိန်း ပွင့်လင်းမြင်သာရေး အိန္ဒိယအစိုးရထံ မေးခွန်းထုတ်

အိန္ဒိယ၏ စီးပွားရေးနှင့် နိုင်ငံရေးဩဇာ ကျယ်ပြန့်လာစေရန် ရည်မှန်းထားသည့် "အရှေ့မျှော် မူဝါဒ"
၏ မှတ်တိုင်တစ်ခုဖြစ်သည့် ကုလားတန် ဘက်စုံစီမံကိန်းအခြေအနေအား ပွင့်လင်းမြင်သာမှုရှိစွာ
သိရှိနိုင်ရေးအတွက် စီမံကိန်းအကောင်အထည်ဖော်မှုတွင် ပါဝင်သည့် မြန်မာ နိုင်ငံဘက်မှ
လွှတ်တော်ကိုယ်စားလှယ်များက အိန္ဒိယအစိုးရထံ မေးခွန်းထုတ်ခဲ့သည်။

စက်တင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ကျင်းပသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ
ဆက်ဆံရေး တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းအမျိုးသားပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇိုဇမ် နှင့် ရခိုင်
တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့က ကုလားတန် ဘက်စုံ
စီမံကိန်း နှစ်နိုင်ငံ လက်မှတ်ရေးထိုး ရာတွင် ပါဝင်ခဲ့သည့် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
အတွင်းဝန်ဖြစ်သူ မစ္စတာ ပီနစ်ရာဂျန် ချာကရာဗာတီ ထံမှတစ်ဆင့် အစိုးရအဖွဲ့ထံ မေးမြန်းခဲ့ခြင်း
ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၂၁၄ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားသော ကုလားတန်ဘက်စုံ စီမံကိန်းအား
အကောင်အထည်ဖော်ရန် အိန္ဒိယနှင့် မြန်မာအစိုးရသည် ၂၀၀၈ ခုနှစ်တွင် သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြသည်။

ယင်းစီမံကိန်းသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘင်္ဂလား
ပင်လယ်အော် ရေနက်ဆိပ်ကမ်းတစ်ခုနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် ရိမိဇိုရမ်ပြည်နယ်ကို
ဆက်သွယ်မည့် အဝေးပြေးလမ်းမ သယ်ယူပို့ဆောင်ရေးစနစ်နှင့် ပြည်တွင်းရေကြောင်းလမ်းတို့ကို
ပေါင်းစပ် တည်ဆောက်မည်ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံးနှင့် ဆင်းရဲချို့တဲ့မှု ပြဿနာ
ရင်ဆိုင်နေရသည့် ရခိုင်နှင့် ချင်းပြည်နယ်၌ ၂၀၁၀ ပြည့်နှစ်က စတင်အကောင်အထည်ဖော်လျက်
ရှိရာ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးရန် ရည်မှန်းထားသည်။

"ကျွန်တော်တို့ ဒေသခံလူထုတွေက စီမံကိန်းနဲ့ ပတ်သက်တဲ့ အစီအစဉ်ကို အခုထိ အတိအကျ
မသိရသေးဘူး။ သူတို့ဟာ စီမံကိန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သတင်းအချက်အလက်
တွေကို မရခဲ့သလို သူတို့ရဲ့ ခံစားချက်တွေကိုလည်း ဘယ်တော့မှ ပြောခွင့်မရခဲ့ပါဘူး" ဟု ဦးဇိုဇမ်
က ယင်းဆွေးနွေးပွဲ၌ ပြောသည်။

"ကျွန်တော်တို့ အခုလို လာရောက်ဆွေးနွေး ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်။ အိန္ဒိယ အစိုးရနဲ့
နှစ်နိုင်ငံချစ်ကြည်ရေးကို ရေရှည်ခိုင်မာဖို့အတွက် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်မယ့်
စီမံကိန်းတွေကို ပွင့်ပွင့်လင်းလင်း ပြည်သူကို အသိပေးတင်ပြဖို့ တောင်းဆိုချင်ပါတယ်"ဟု ရခိုင်
တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

"ကုလားတန် ဘက်စုံစီမံကိန်းဟာလည်း အိန္ဒိယ အရှေ့မြောက်နဲ့ မြန်မာပြည်ရဲ့ စစ်တွေဆိပ်ကမ်းကို
ချိတ်ဆက်နိုင်မယ့်အတွက် နှစ် နိုင်ငံ ကုန်သွယ်ရေးကို တိုးတက်ဖြစ်ထွန်းစေမှာပါ "ဟု မစ္စတာ
ပီနစ်ရာဂျန် ချာကရာဗာတီက ပြန်လည် ပြောကြားခဲ့သည်။

သို့သော် ကုလားတန်စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ၎င်းက ရှင်းလင်း
တင်ပြခြင်း မရှိခဲ့ပေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း