ဇွဲကပင် ကေဘယ်ကားစီမံကိန်း၌ ပါဝင်ရန် မြန်မာပညာရှင်၊ လုပ်ငန်းရှင်များကို ဖိတ်ခေါ်

အောင်ကျော်မင်း မြန်မာနိုင်ငံ၌ ပထဦးဆုံး ဆောက်လုပ် မည့် ဇွဲကပင်တောင် ကေဘယ်ကား
စီမံကိန်းတွင် မြန်မာအတတ်ပညာရှင်များ၊ ဆောက်လုပ်ရေးကုမ္ပဏီကြီးများနှင့် စီးပွားရေးလုပ်ငန်း
ရှင်များကို ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း စီမံကိန်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ
က ပြောကြားသည်။

"ကုမ္ပဏီတွေအနေနဲ့ လာရောက်ကမ်းလှမ်းထားတွေတော့ရှိတယ်။ အရေအတွက်အားဖြင့် နည်းနေ
သေးတယ်။ အခြားသော ဆောက်လုပ်ရေးအင်ဂျင်နီယာ ပညာရှင်များကိုလည်း အလွန်ထူးခြား
လှတဲ့ စီမံကိန်းကြီးမှာ မြန်မာလူမျိုးများအနေနဲ့ လုပ်ငန်းတာဝန်တွေကို အတူတကွမျှဝေပြီး ပူးပေါင်း
ပါဝင်ဆောင်ရွက်ဖို့ ထပ်မံ ဖိတ်ခေါ်ပါတယ်။ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက်
အများကြီးကို လိုအပ်နေပါတယ်" ဟု ဥက္ကဋ္ဌ ဦးယဉ်ထွေးဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဇွဲကပင်တောင် ကေဘယ်ကားစီမံကိန်းသည် ယခင်အချိန်ကတည်းက ရည်ရွယ်ထားခဲ့ခြင်းဖြစ်ပြီး
အကြောင်း အမျိုးမျိုးကြောင့် ယခုအချိန်ရောက်မှ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊
ထိုစီမံကိန်းသည် ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး အမှတ်သင်္ကေတအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပြီး
ဇွဲကပင်တောင်နှင့် ကရင်ပြည်နယ်သည် ခွဲခြားမရနိုင်ကြောင်း၊ ကေအင်န်ယူ အဖွဲ့အစည်း၏
၈၀ ရာခိုင်နှုန်းသည်လည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြကြောင်း၊ ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေး
အမှတ်သင်္ကေတ အောင်မြင်ရေးအတွက် ဆွေးနွေးပွဲကို တက်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း၊
ဖြစ်မြောက် ရေးဆွေးနွေးပွဲသို့ တက်ရောက်လာခဲ့သည့် ကေအင်န်ယူအဖွဲ့မှ ဖဒိုတူးတူးလေးက
ပြောကြားသည်။

စီမံကိန်းဖြစ်မြောက်ရေးအတွက် ကရင်ပြည်နယ်တွင် ကော်မတီ ကိုးခုခန့် ဖွဲ့စည်းထားပြီး
ကေအင်န်ယူ ဗဟိုကော်မတီဝင် ဖဒိုတူးတူးလေး၊ ဒီကေဘီအေမှ ဦးစောကျော်သန်း၊ နယ်ခြား
စောင့်တပ်မှ ဦးစောချစ်သူနှင့် အခြားသော ပုဂ္ဂိုလ်များလည်း ပါဝင်သည်။

ကရင်ပြည်နယ်၏ အမျိုးသားအကျိုး စီးပွားအတွက်သာမက မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ
အနေဖြင့်ရော၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများတွင်ပါ တိုးတက်အောင်မြင်မည် ဖြစ်ပြီး
ကရင်ပြည်နယ် ငြိမ်းချမ်းရေးမှတ်ကျောက်အဖြစ် ပေါ်ပေါက်လာခဲ့ ခြင်းဖြစ်ကြောင်း၊ ကရင်ပြည်နယ်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။

စီမံကိန်းကြီးကို မဟာသန္တိသုခ ကျောင်းတော်ကြီး၏ မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်
တောင် ဆရာတော်၊ သာသနာ့ ဇေယျမင်္ဂလာ ပရိယတ္တိစာသင်တိုက် ဆရာတော်တို့က ကြီးမှူး
ဦးဆောင်မှုဖြင့် မလေးရှားနိုင်ငံ SMET SDA BHD ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ
ပညာရှင်များ ပူးပေါင်း အကောင်အထည်ဖော်ရန် စီစဉ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်
ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

ဤစီမံကိန်းကြီးကို ယခုနှစ် ဩဂုတ်လ အတွင်းက စတင်ခဲ့သည်။

ကေဘယ်ကားသည် လူအယောက် ၄၀ အထိ စီးနင်း လိုက်ပါနိုင်ပြီး တစ် ကမ္ဘာလုံးတွင် အသုံးပြု
နေသည့် လျှပ်စစ်မော်တာဖြင့် အသုံးပြုသည့်စနစ် ဖြစ်ပြီး လိုအပ်သည့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများ
ကို ဆွစ်ဇာလန်နှင့် ဩစတြေးလျတို့မှ မှာယူမည်ဖြစ်သည်။

ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် ခုနစ်မိုင်ခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်
အထက် ၂,၇၃၄ ပေခန့် မြင့်ပြီး တောင်ပေါ်ရှိ ဆံတော်ရှင် စေတီတော်မြတ်ကို ဖူးမြော်ရန် ခြေလျင်
တက်ရောက်မည်ဆိုပါက သုံးနာရီဝန်းကျင်ခန့် ကြာမြင့်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း