လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးတရားစွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပြင်ဆင်ရေး လွှတ်တော် လက်ခံဆွေးနွေးမည်

ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက တားဆီးနေသည်ကိုတွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ဝင်များက တားဆီးနေသည်ကိုတွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ကို တရားစွဲဆိုထား
သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်းစုစီ) ပြင်ဆင်ရေး အဆိုကို ပြည်သူ့
လွှတ်တော်သို့ နိုဝင်ဘာလ ၁၃ ရက်က တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။

တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ
ဥက္ကဋ္ဌ၊ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရ ဦးအောင်ကိုက "ပြည်သူ
တွေက ပြင်ချင်ကြတယ်။ ရအောင်ပြင်မယ်"ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး
မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဆန္ဒဖော်ထုတ်လိုသူပြည်သူများအနေဖြင့် ငြိမ်းစုစီဥပဒေပါ ပုဒ်မ ၁၈ ဖြစ်သော မြို့နယ် ရဲတပ်ဖွဲ့မှူး၊
မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် ငါးရက်ကြိုတင်ခွင့်ပြုချက်တင်ရခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်
ပါက ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ်သုံးသောင်း (သို့မဟုတ်) ဒဏ်ငွေနှစ်ရပ်စလုံး
ပြစ်ဒဏ်ခံရမည်ဆိုသော အချက်များကို ပယ်ဖျက်ရန် ပါရှိသည်ဟု သူရဦးအောင်ကိုက ပြောသည်။

"တားမြစ်တယ်ဆိုတာကို လုံးဝလက်မခံပါဘူး။ အသိပေးတာပဲရှိရပါမယ်" ဟု လွတ်လပ်စွာဆန္ဒ
ဖော်ထုတ်ခွင့်ကို တားမြစ်ခြင်းနှင့် ပတ်သက်၍ သူရဦးအောင်ကိုက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က အခြေခံဥပဒေပုဒ်မ ၃၅၄ တွင် ပြည်သူများ
၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပြုထားသော်လည်း မြို့နယ်ရဲတပ်ဖွဲ့ မှူးခွင့်ပြုချက် ယူရခြင်းသည်
အခြေခံဥပဒေကို ကျော်လွန်နေသည်ဟု ပြောသည်။

"ပုဒ်မ ၁၈ က မရှိသင့်ပါဘူး။ ကျွန်တော်တို့က ကြိုဆိုပါတယ်"ဟု ၎င်းက ပြောသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားမရှိစေရ ဟု ကတိပြု
ထားသည်ကို အကောင်အထည်ဖော် နိုင်စေရန် ကူညီနေခြင်းဖြစ်သည်ဟု သူရ ဦးအောင်ကိုက
ပြောသည်။

ငြိမ်းစုစီဥပဒေပယ်ဖျက်ရေးကို စတင်ပြုစု ရေးသားခဲ့ခြင်းဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်
နာယက သူရဦးရွှေမန်းက ပယ်ဖျက်ခြင်းထက် ပြည်သူများ မထိခိုက်အောင် ပြင်ဆင်ခြင်းက
ပိုမိုကောင်းမွန်သည်ဟု ပြောဆိုသည့်အတွက် ယခုကဲ့သို့ ပြင်ဆင်ချက်တင်သွင်းရ ခြင်းဖြစ်သည်ဟု
၎င်းက ဆိုသည်။

"ကျွန်တော်တို့ကတော့ ဒီလိုဥပဒေပုဒ်မတွေမရှိစေချင်ပါဘူး"ဟု ၂၀၁၂ ခုနှစ်တွင် ငြိမ်းစုစီဥပဒေနှင့်
စမ်းချောင်း၊ ရွှေပြည်သာ၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များတွင် အမှုရင်ဆိုင်နေရသူ ကိုနေလင်းဦး
က ပြောသည်။

တော်ဝင်ပရိဘောဂ စက်ရုံလုပ်သားဖြစ်သူ ကိုနေလင်းဦးနှင့် လုပ်သား ၃၀၀ ခန့်သည် ဦးဝိစာရလမ်း
ရှိ စက်ရုံ ရုံးခန်းသို့ အလုပ်ရှင်နှင့် ညှိနှိုင်းရန်သွားစဉ် ယခုကဲ့သို့ တရားစွဲဆိုခံရ ခြင်းဖြစ်သည်ဟု
ဆိုသည်။

"သုံးမှုက ဒဏ်ငွေကျပ် တစ်သောင်းစီ၊ သုံးမှု သုံးသောင်းပြတ်သွားပြီ။ နောက်တစ်မှု ဆက်ရင်ဆိုင်
နေရသေးတယ်"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း