စာနယ်ဇင်းကျင့်ဝတ် လိုက်နာဖို့က အဓိက

အခုတစ်လော ပြည်သူတွေကလည်း စိတ်အ၀င်စားဆုံး၊ စာနယ်ဇင်း သတင်းသမားတွေ
အတွက်လည်း အရေးအကြီးဆုံး သတင်းကို ပြပါဆိုရင် ယူနတီဂျာနယ်က တာဝန်ရှိသူ စီအီးအိုနဲ့
သတင်းထောက်တွေ အဖမ်းခံရတဲ့ သတင်းကို ပြောရမှာဖြစ်ပါတယ်။

ထုံးစံအတိုင်း အဖမ်းခံရတဲ့ သတင်းထောက်တွေကို ဥပဒေပါ အခွင့်အရေးတွေပေးဖို့ စာနယ်ဇင်း
အဖွဲ့အစည်းတွေကလည်း ကြေညာချက် ထုတ်ကြပါတယ်။

နိုင်ငံခြား စာနယ်ဇင်း အဖွဲ့အစည်း တချို့ကတော့ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

အလဲဗင်း သတင်းစာနဲ့ ဂျာနယ်အတွက် အလုပ်လုပ်တဲ့ ကယားပြည်နယ်က သတင်းထောက်မခိုင်
အိမ်ကျော်နင်းမှုနဲ့ ထောင်ကျ၊ အလဲဗင်းနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်၊
လမ်းလျှောက်ဆန္ဒပြပွဲတွေလုပ် စတဲ့ ပြဿနာတွေပေါ်ပြီး သိပ်မကြာခင် အခု ပြဿနာ ဆက်ဖြစ်
လာတာ ဖြစ်ပါတယ်။

စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ စာနယ်ဇင်းလောကထဲမှာ ဘာတွေဖြစ်နေသလဲ၊ ဘာကြောင့်ဖြစ်လာသလဲ၊
ဘယ်လိုနည်းနဲ့ ကောင်းအောင် လုပ်နိုင်မလဲ စတာတွေကို ခုတစ်ပတ်ဆွေးနွေးတင်ပြသွားပါမယ်။

ယူနတီတင်းဂျာနယ် ပြဿနာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ထုတ် ယူနတီ သတင်းဂျာနယ်
မျက်နှာဖုံးမှာ 'ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်မှ
လျှို့ဝှက် ဓာတုလက်နက် စက်ရုံ' ဆိုတဲ့ ခေါင်းစဉ်နဲ့ အတွင်းမှာ သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြပါ
ရှိပါတယ်။

စက်ရုံ ဓာတ်ပုံတချို့ အသုံးပြုထားပါတယ်။ ဒီ သတင်းဆောင်းပါးကိုပဲ နှစ်ပတ် ဆက်တိုက်ဖော်ပြပါ
တယ်။ သတင်းခေါင်းစဉ်က အတော်လန့်စရာ ကောင်းပါတယ်။ အားလုံးသိကြတဲ့အတိုင်း
ဓာတုလက်နက်ဆိုတာ လူသားမဆန် ဆိုးရွားလွန်းလို့ ဂျနီဗာကွန်ဗင်းရှင်းက မသုံးဖို့ ပိတ်ပင်ထား
တာပါ။ သိပ်မကြာခင်တုန်းကပဲ ဆီးရီးယား အစိုးရက သူပုန်တွေကို ဓာတုလက်နက် သုံးစွဲတိုက်ခိုက်
တယ်ဆိုတဲ့ သတင်းထွက်ပေါ်အပြီး ဆီးရီးယားကို အမေရိကန်က ၀င်တိုက်မယ် တကဲကဲ ဖြစ်ခဲ့တဲ့
သာဓကရှိပါတယ်။

ပြောရရင် ယူနတီဂျာနယ် မျက်နှာဖုံးမှာပါသလို အဲဒါတကယ်ပဲ ဓာတုလက်နက်စက်ရုံဆိုရင်
အတော့်ကို ခေါင်းကြီးစရာပါ။ နောက်ဆက်တွဲ မတွေးရဲစရာပါ။ ဒါပေမဲ့ တကယ့်တကယ် အတွင်းက
သတင်းဆောင်းပါးကို ဖတ်ကြည့်လိုက်တဲ့အခါ ဓာတုလက်နက် ထုတ်လုပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့
အထောက်အထားကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

နောက်တစ်ပတ် ထွက်လာတဲ့ ယူနတီဂျာနယ်မှာ 'ကပစ (၂၄) ဓာတုလက်နက် စက်ရုံ မဟုတ်ဟု
စက်ရုံတာဝန်ခံ ငြင်းဆို၊ ဒေသခံများက ဓာတုလက်နက်စက်ရုံဖြစ်ကြောင်း အခိုင်အမာပြော' ဆိုပြီး
ဆက်ဖော်ပြပါတယ်။

အဲဒီမှာတော့ စက်ရုံတာဝန်ခံ တပ်ကြပ်ကြီး စိုးမိုးသိန်းရဲ့ ဖြေရှင်းချက်ကိုပါ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အဲဒီမှာလည်း ဓာတုလက်နက်စက်ရုံ ဖြစ်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ
ဖော်ပြထားတာ မတွေ့ရပါဘူး။

နောက်ပိုင်း ဂျာနယ် စီအီးအို၊ နယ်သတင်းထောက်တစ်ယောက်နဲ့ ရန်ကုန်က သတင်းထောက်
သုံးယောက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ
ပုဒ်မ၃(၁)(က)၉ နဲ့ အရေးယူထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အာဏာပိုင်တွေရဲ့ ဒီလို ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး MJN, MJA, MJU နဲ့ ပင်မြန်မာပေါင်းလေးဖွဲ့
ကနေ အစိုးရ အာဏာပိုင်တွေရဲ့ ဒီဖမ်းဆီးမှု လုပ်ရပ်ဟာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း မမှန်ဘူး၊
အရင် စစ်အစိုးရလုပ်ပုံအတိုင်းပဲလို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ထူးထူးခြားခြား ကြေညာချက် နောက်ဆုံးအပိုဒ်မှာမှ သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်း
တွေကို သိရှိပြီး ကျင့်သုံးလိုက်နာကြဖို့ တိုက်တွန်းပါတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။

ပြဿနာ အရင်းခံ ဒီနေရာမှာ ပြဿနာ နှစ်ခု တွေ့ရပါတယ်။

ယူနတီရဲ့ သတင်းဖော်ပြချက်ဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတာ၊ နောက်တစ်ချက်ကတော့
မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲ
ဖမ်းဆီးအရေးယူတယ်ဆိုတဲ့ ကိစ္စတွေဖြစ်ပါတယ်။

စွပ်စွဲဖမ်းဆီး အရေးယူမှုတွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ စာနယ်ဇင်းအဖွဲ့အစည်း
တွေက တိုက်တွန်းထားပြီးဖြစ်သလို စာနယ်ဇင်းကောင်စီကလည်း ကြားဝင်ဖြေရှင်းပေးချင်တယ်လို့
ပန်ကြားထားပြီဖြစ်တဲ့အတွက် ဒီပြဿနာ မဆွေးနွေးလိုတော့ပါဘူး။

အဓိကကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီတဲ့ သတင်းဖော်ပြမှုဖြစ်ပါတယ်။

ဖမ်းဆီးမခံရခင် အချိန်တုန်းက ဂျာနယ်စီအီးအို ဦးတင်ဆန်းက ဒီသတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး
သူတို့ပြောချင်တာဟာ ဓာတုလက်နက်စက်ရုံကိစ္စက အဓိက မဟုတ်ဘူး။

အဲဒီ လက်နက်စက်ရုံဆောက်ဖို့ တောင်သူတွေရဲ့ လယ်တွေကို အတင်းအဓမ္မသိမ်းယူတာကို အဓိက
ပြောချင်တာ ဖြစ်တယ်လို့ သတင်း မီဒီယာတွေကို ပြောပါတယ်။

ကောင်းပါပြီ၊ ဒါဆိုရင်လည်း လက်နက်စက်ရုံလုပ်တယ်၊ မြေဧကပေါင်း ၃၀,၀၀၀ ကျော် မတရား
သိမ်းယူထားတယ်ဆိုရင်လည်း ပြီးတာပါပဲ။

ပြည်သူတွေ စိတ်ဝင်စားအောင် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးလို့ရပါတယ်။ ဒါပေမဲ့ အဲလို မရေးခဲ့
တဲ့အတွက် ခုလိုပြဿနာပေါ်ရတာလို့ သုံးသပ်နိုင်ပါတယ်။

တာဝန်မကျေတဲ့ စာနယ်ဇင်း အဖွဲ့အစည်းတွေ တကယ်တော့ ခုလို နိုင်ငံ့ခေါင်းဆောင်အဟောင်းတွေ၊
လက်ရှိ ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ နာမည်တပ်ပြီး ရေးချင်တာရေးနေတာ
ယူနတီဂျာနယ်တစ်စောင်တည်းတော့ မဟုတ်ပါဘူး။

တချို့ဂျာနယ်တွေဆို လူမျိုးရေး မုန်းတီးမှု၊ ဘာသာရေး မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေး အသရေဖျက်မှုတွေ
ပြောင်ပြောင်တင်းတင်းရေးသား ဖော်ပြတာတွေလည်း လုပ်ကြပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့ ဘယ်စာနယ်ဇင်း အဖွဲ့အစည်းကမှ မည်မည်ရရ ဝေဖန်တာ ထောက်ပြတာ
မတွေ့ရပါဘူး။

အဲ.. စာနယ်ဇင်းသမား တစ်ယောက်ယောက် ပြဿနာပေါ် အရေးယူခံရပြီဆိုမှ ထပြီးကြေညာချက်
ထုတ်တာ လုပ်လေ့ရှိပါတယ်။ သိပ်မကြာခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့ အလဲဗင်းသတင်းထောက်
မခိုင်နဲ့ အမျိုးသမီးတစ်ယောက် တရားတဘောင် ဖြစ်တဲ့ ကိစ္စမှာလည်း မဆီမဆိုင် တရားသူကြီးက
မတရားထောင်ချတယ်ဆိုပြီး ကြေညာချက်တွေထုတ်၊ လမ်းလျှောက် ဆန္ဒပြတာတွေပါ လုပ်ခဲ့ကြပါ
တယ်။

သတင်းအပို့ကောင်းလို့ နိုင်ငံတကာ သတင်းအဖွဲ့အစည်း တချို့ကလည်း ဘုမသိ ဘမသိကြေညာ
ချက်ထုတ်၊ အစိုးရနဲ့ မဆိုင်တဲ့ ကိစ္စမှာ အစိုးရကို ကန့်ကွက်ခဲ့ကြပါသေးတယ်။

သတင်းထောက်တစ်ယောက်ဟာ သာမန်ပြည်သူတွေလိုပဲ ဥပဒေကို လိုက်နာရမယ်၊ သတင်းယူရင်
လည်း ဥပဒေမချိုးဖောက်ဘဲ အခြားပြည်သူတွေရဲ့ ပိုင်ခွင့်ကို မချိုးဖောက်ပဲ ယူရမယ်လို့ ပြောဆိုတဲ့
မီဒီယာ၊ သတင်းအဖွဲ့ အစည်း တစ်ခုမှမရှိခဲ့ပါဘူး။

ပြောရရင် စာနယ်ဇင်း သတင်းလောကမှာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေး ဆိတ်သုဉ်းနေခဲ့တာပါ။
ကိုယ့်လောက ကောင်းအောင်၊ အရည်အချင်းမြင့်မားလာအောင် ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာပါ။
တကယ်ဆို ယူနတီဂျာနယ်မှာ ဓာတုလက်နက်စက်ရုံလို့ ခေါင်းစဉ်တပ် ထုတ်ဝေလိုက်ကတည်းက
တာဝန်သိ စာနယ်ဇင်းအဖွဲ့အစည်းတွေဆိုရင် အဲဒီကိစ္စ ပြောဆိုမေးမြန်းရပါမယ်။

လက်မခံရင် စာနယ်ဇင်းကျင့်ဝတ်နဲ့ တိုင်းတာပြီး ကြေညာချက်ထုတ် ဝေဖန်ရပါမယ်။ အသေအချာ
ကြည့်လိုက်ရင်လည်း ယူနတီဂျာနယ် တာဝန်ရှိသူတွေရော၊ သတင်းထောက်ငယ်လေးတွေပါ
စာနယ်ဇင်း ကျင့်ဝတ်တင်မက သတင်းယူ၊ သတင်းရေး၊ သတင်းဖော်ပြရာမှာ သာမန်နိုင်ငံသားတွေ
လို ဥပဒေကို လိုက်နာရမယ်ဆိုတာကိုလည်း သိပုံမရပါဘူး။

ဒါကြောင့်လည်း ဒီလောက် မလွတ်မကင်း အန္တရာယ်များတဲ့ ဆောင်းပါးမှာ ရေးတဲ့သူ နာမည်တွေ
တန်းစီ ဖော်ပြခဲ့ကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အားလုံးဟာ စစ်တပ်က အတင်းအဓမ္မ လယ်သိမ်းယာသိမ်းခံလိုက်ရတဲ့
ရွာသူရွာသားတွေကို စာနာပြီး ဒီဆောင်းပါးရေးခဲ့တယ် ဆိုတာကတော့ ပေါ်လွင်ပါတယ်။

စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ စာနယ်ဇင်းသမားတွေရဲ့ အရည်အချင်း အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊
နှစ်လည်ကမှ စာပေစိစစ်ရေး ဖျက်သိမ်းပြီး စာနယ်ဇင်း လွတ်လပ်ခွင့်ပေးခဲ့တာပါ။

ဒါဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် ဂုဏ်ယူစရာ အကောင်းဆုံးအလုပ်ပါ။ ဘာမှ
ရေးခွင့်မရှိ အကြီးအကျယ် ဖိနှိပ်ထားရာကနေ၊ ဘာမဆို ရေးလို့ရ၊ ဘယ်သူ့ကိုမဆို ဝေဖန်လို့ရတဲ့
အခြေအနေအထိ ရုတ်တရက် ၉၀ ဒီဂရီ လှည့်ပြောင်းသွားတာပါ။

ဒါပေမဲ့ စာနယ်ဇင်းသတင်းသမားတွေကတော့ ရုတ်ခြည်းတိုးတက်ရလာတဲ့ လွတ်လပ်ခွင့်နဲ့
အဆင်သင့်မဖြစ်ခဲ့ကြပါဘူး။ ဒါကလည်း သဘာဝကျပါတယ်။ အရည်အချင်းဆိုတာ တဖြည်းဖြည်း
မြှင့်တင်ရတာမျိုးဖြစ်လို့ ရေရှည်သွားရမယ့် ကိစ္စပါ။ ပြဿနာက အဲဒီမှာ စတာပါ။

စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီး တစ်နှစ်တာကာလအတွင်း ဘာမဆို ရေးလို့ရတာ ပေါ်လွင်လာတဲ့
နောက်၊ အစိုးရဌာနဆိုင်ရာအပါအ၀င် စစ်တပ်ဘက်က ဘာရေးရေး တရားစွဲတာမျိုး မရှိတဲ့နောက်
စာနယ်ဇင်း သတင်းရေးသားဖော်ပြမှုတွေ ပရမ်းပတာ ဖြစ်စပြုလာပါတယ်။

အရင်စစ်အာဏာရှင်ဟောင်းတွေ ခရိုနီတွေကို ဆဲပြဆိုပြတဲ့ စာစောင်တွေ၊ ရောင်းကောင်းရင်
အဲဒီနောက်လိုက်ပြီး ဆဲပြဆိုပြတာ ဖော်ပြကြပါတယ်။

လူမှုကွန်ရက်က မမှန်သတင်းတွေ ဖော်ပြကြပါတယ်။ ဒီလိုနည်းနဲ့ စာဖတ်သူသည်း ခြေကြိုက်
အရေးအသားတွေ လွှမ်းမိုး၊ အမြတ်အစွန်းတွေလည်း ရလာတဲ့အခါ ပြင်ပက စာနယ်ဇင်းလုပ်ငန်းကို
လုံးဝ နားမလည်သူတွေလည်း ၀င်ရောက် လုပ်ကိုင်လာကြပါတယ်။

ဒီလိုနဲ့ စာနယ်ဇင်း လောကဟာ ပျော်ပျော်ကြီး လုပ်လို့ရတဲ့နေရာ ဖြစ်လာပါတယ်။ ဘာရေးရေး၊
ဘယ်သူမှ တရားမစွဲ၊ ကိုယ့်ချင်းချင်းလည်း ဝေဖန်မှုမရှိ၊ စာနယ်ဇင်း အဖွဲ့အစည်းတွေကလည်း
ကိုယ့်အချင်းချင်း မထိန်းကျောင်းတဲ့အပြင် တစ်ခုခုမှားသွားရင်တောင် ၀ိုင်းပြီး ကန့်ကွက်ပေး၊
နိုင်ငံတကာက ၀ိုင်းအော်ပေး၊ နိုင်ငံတကာ အကူအညီ အထောက်အပံ့ တောင်းဆိုပေး ဆိုတဲ့
အခြေအနေမျိုး ရောက်လာတော့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ ခပ်ပျော်ပျော်ကြီး ချီတက်နေကြပါ
တော့တယ်။

ဘာနဲ့ ထိန်းမလဲ တကယ်တော့ ဒီလို အခြေအနေ မရောက်အောင် ထိန်းကျောင်းဖို့ စာနယ်ဇင်း
ကျင့်ဝတ်ဆိုတာ ရှိပြီးသားပါ။ လက်ရှိ စာနယ်ဇင်းကျင့်ဝတ် လိုက်နာတဲ့ သတင်းစာ ဂျာနယ်ဆိုတာ
လက်ချိုး ရေလို့ရပြီး ကျန်အများစုကြီးကတော့ တချို့သိလည်း မသိ၊ တချို့သိပေမယ့် မလိုက်နာ၊
တချို့ ကောင်းကောင်းသိပြီး တမင်တကာ အသေအချာ ချိုးဖောက်နေကြတာတွေတောင်
ရှိနေပါတယ်။

အခု စာနယ်ဇင်းသတင်းမီဒီယာ လောကထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းခံဟာ စာနယ်ဇင်း
ကျင့်ဝတ်မသိ၊ မလိုက်နာကြတာက အခြေခံပါ။ စာနယ်ဇင်းသမားတွေရဲ့ အရည်အချင်း မြှင့်တင်ရေး
နဲ့ ပတ်သက်ရင် ကာလတစ်ခု အချိန်ယူရမှာ ဖြစ်ပေမယ့် စာနယ်ဇင်း ကျင့်ဝတ်နဲ့ ထိန်းကျောင်းဖို့
ဆိုတာကတော့ ချက်ခြင်းလက်ငင်း ဆောင်ရွက်လို့ရတဲ့ လုပ်ငန်းပါ။

အခြေခံ စာနယ်ဇင်းကျင့်ဝတ်ကို စာနယ်ဇင်းသမားတွေ သိလာအောင် ပညာပေး ဖြန့်ဖြူးတာ
လုပ်ရပါမယ်။ အများသဘောတူနိုင်တဲ့ အခြေခံ စာနယ်ဇင်းကျင့်ဝတ်ရလာအောင် အမြန်
အကောင်အထည် ဖော်ရပါမယ်။

အရေးတကာ့ အရေးအကြီးဆုံး အချက်ကတော့ စာနယ်ဇင်းထုတ်ဝေသူတွေ၊ စီအီးအိုဆိုသူတွေ၊
အယ်ဒီတာချုပ်စတဲ့ မီဒီယာတစ်ခုခု၊ စာစောင်တစ်ခုခုကို ဦးစီးထုတ်ဝေနေသူတွေ အဲဒီ အခြေခံ
စာနယ်ဇင်းကျင့်ဝတ် လိုက်နာပါ့မယ်ဆိုတဲ့ ကတိခံဝန်ချက်ရအောင် ကြိုးစားဖို့လိုပါတယ်။

တစ်ဆက်တည်း စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်နေတာတွေကို စောင့်ကြည့်ပြီး ပုံမှန်ဝေဖန်
ထောက်ပြ နေရပါမယ်။ သိပ်ဆိုးနေတာတွေကို ကြေညာချက်ထုတ်ပြန် ဝေဖန်ရပါမယ်။

ဒါကို စာစောင် ထုတ်ဝေနေသူတွေ၊ စာနယ်ဇင်း အဖွဲ့အစည်းတွေ အားလုံးလုပ်ကြရပါမယ်။
ကိုယ့်အချင်းချင်း ဝေဖန်ထောက်ပြရင် တရားစွဲခံရနိုင်တယ်ဆိုပြီး ကြောက်ရွံ့ တွန့်ဆုတ်နေမယ်
ဆိုရင်တော့ စာနယ်ဇင်းကျင့်ဝတ်လိုက်နာရေးကိစ္စ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲဒီအခါ ခုလိုပဲ စာနယ်ဇင်း ကျင့်ဝတ်ချိုးဖောက်မှု၊ ဥပဒေ မလိုက်နာမှု၊ အဲဒီကမှ တစ်ဆင့်
တရားတဘောင် ပြဿနာ၊ အဲဒီကမှ တစ်ဆင့် စာနယ်ဇင်း အဖွဲ့အစည်းတွေက ကန့်ကွက်တဲ့
ကြေညာချက်ထုတ်၊ နိုင်ငံတကာကလည်း ၀ိုင်းအော်၊ အထောက်အပံ့တွေပို့ပေးဆိုတဲ့ သံသရာ
ဝဲဂယက်က ရုန်းမထွက်နိုင်ဖြစ်နေဦးမှာပဲဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း