လက်နက်အင်အား၊ အမိန့်အာဏာတို့နှင့် ညီညွတ်ရေးမရနိုင်ဟု အင်န်အယ်လ်ဒီ ကြေညာ

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားများကြားတွင် ရှိနေသော ပြဿနာများမှာ
လက်နက်ဖြင့် ဖြေရှင်း၍မရ နိုင်ဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှသာ ခိုင်မာသော ညီညွတ်ရေးကို
တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

"ညီညွတ်ရေးဆိုတာ လက်နက်အင်အား၊ အမိန်အာဏာတို့နဲ့ ရယူနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။
နှလုံးသားထဲက ပေါက်ဖွားလာတဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီချင်စိတ်၊ ချစ်ချစ်ခင်ခင်လက်တွဲပြီး
အနာဂတ်ကို အတူ ရင်ဆိုင်ချင်စိတ်တွေနဲ့သာ ခိုင်မာတည်မြဲမယ့် ညီညွတ်ရေးကို တည်ဆောက်နိုင်
မှာ ဖြစ်ပါတယ်"ဟု အင်န်အယ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ကို ကြေညာချက်
တွင် ထည့်သွင်းဖော်ပြထားသည်။

အင်န်အယ်ဒီက ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်၌ ပြုလုပ်သော ပြည်ထောင်စုနေ့
အခမ်းအနားတွင် အင်န်အယ်လ်ဒီနာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ
ခေါင်းဆောင်များ၊ နိုင်ငံတကာ သံတမန်များအပါအ၀င် အင်န်အယ်ဒီပါတီဝင် အင်အား ၁၀၀
ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများအပေါ် အစိုးရနှင့်
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆာင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်
နိုင်ငံရေးရင်ကြားစေ့ ရေးအောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း
အင်န်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးက ပြောသည်။

"ကြိမ်ဖန်များစွာ ရင်ကြားစေ့ရေး ဆွေးနွေးတာတွေ ရှိခဲ့ပါလျက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ
တွေပြုလုပ်ခဲ့ပါလျက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းပြန်တော့ မအောင်မြင်တာ
တွေပဲဖြစ်ရတယ်... တိုင်းရင်းသား ပြည်သူပြည်သားတွေ မိမိအခြေချ နယ်မြေတွေကနေ
ဘေးလွတ်အောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခတွေဟာ ယနေ့တိုင် နယ်စပ်တွေမှာ၊ တစ်ဖက်
နိုင်ငံတွေမှာ ကြီးမားတဲ့ ဒုက္ခတွေ အတောမသတ်နိုင်အောင် ဖြစ်လျက်ရှိနေကြပါသေးတယ်"ဟု
၎င်းကပြောသည်။

"ပင်လုံစာချုပ်ဟာ စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာချုပ်မဟုတ်ပါဘူး။ ပြည်ထောင်စုကို လိုလား
ယုံကြည်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးဟာ သွေးစည်းညီညွတ်မှုကို ယုံကြည်ပါတယ်
ဆိုပြီးတော့ နှလုံးသားပေါ်မှာ ရေးထိုးထားတဲ့ ကတိက၀တ်လည်းဖြစ်ပါတယ်" ဟု
ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း