ဆက်သွယ်ရေးတာဝါ စိုက်ရန်နေရာအခက်တွေ့

ပြည်တွင်းပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်
စတင်ပြင်ဆင်နေပြီဖြစ်ရာ ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူရေးလုပ်ငန်းတွင် မြေနေရာအခက်အခဲ
ဖြစ်နေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်
ဆက်သွယ်ရေးအခြေခံ အဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လာသည့် ကုမ္ပဏီများက
ပြောကြားသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများအား လုပ်ငန်းလိုင်စင်များ ချထားပေးခဲ့သည့်နည်းတူ ပြည်တွင်း
ဆက်သွယ်ရေး ကုမ္ပဏီများအားလည်း မကြာမီကာလအတွင်း လုပ်ငန်းလိုင်စင် ထုတ်ပေးသွားမည်
ဖြစ်သည့်အပြင် အခြားဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များလည်း ခွင့်ပြု
ပေးသွားရန်ရှိသည်ဟု အဆိုပါဆွေးနွေးပွဲတွင် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။

"ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းအားလုံးကို ၂၀၁၅ ခုနှစ်မတိုင်မီ ပုဂ္ဂလိကစနစ်နဲ့ သွားနိုင်ဖို့
ဆောင်ရွက်နေပါတယ်။ တယ်လီဖုန်း သိပ်သည်းဆကိုလည်း ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာ
အောင် ဆောင်ရွက်ဖို့ မျှော်မှန်းထားပါတယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများဖြစ်သော တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများသည် ပြီးခဲ့သည့်
ဇန်န၀ါရီလကုန်ပိုင်းတွင် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီးဖြစ်ရာ ဆက်သွယ်ရေး
တာဝါတိုင် စိုက်ထူရေးလုပ်ငန်းများအတွက် မိတ်ဖက်ကုမ္ပဏီများကိုလည်း ရွေးချယ်ထားပြီး
ဖြစ်လေသည်။

ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီအနေဖြင့် ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းများအတွက်
မြန်မာနိုင်ငံမှ ရိုးမကုမ္ပဏီနှင့် ပူးတွဲ လုပ်ကိုင်မည့် စင်ကာပူနိုင်ငံအခြေစိုက်  Digicel နှင့် Pen Asia
ကုမ္ပဏီတို့ကိုရွေးချယ်ထားပြီး နော်ဝေနိုင်ငံမှ တယ်လီနောကုမ္ပဏီသည် Apollo ကုမ္ပဏီနှင့်
တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်သည်ဟု သိရသည်။

"အစိုးရအနေနဲ့ အလုပ်တွေ အများကြီး လုပ်ပြီးသွားပါပြီ။ ဒါပေမဲ့ လုပ်စရာတွေလည်း အများကြီး
ကျန်နေပါသေးတယ်။ ဆက်သွယ်ရေးတာဝါစိုက်ထူတဲ့ လုပ်ငန်းမှာ ပို့ဆောင်ရေးနဲ့ လမ်းပန်း
ဆက်သွယ်ရေး၊ လျှပ်စစ်တို့လို အခက်အခဲတွေ အများကြီးရှိနေပါတယ်။ မြေနေရာကတော့
တာဝါကုမ္ပဏီတွေအတွက် အဓိကအခက်အခဲပါပဲ"ဟု Golden Towers ကုမ္ပဏီ၏ ဒါရိုက်တာ
တစ်ဦးဖြစ်သူ Thomas Thalhammer က ပြောကြားသည်။

တာဝါတိုင်စိုက်ထူရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေဖို့ မကြာမီအပြီးသတ် ထွက်ပေါ်လာမည့်
အသေးစိတ်ဆက်သွယ်ရေး နည်းဥပဒေများကိုလည်း စောင့်မျှော်နေသည်ဟု ၎င်းက ပြောကြား
သည်။

"အပြီးသတ်ထွက်ပေါ်လာမယ့် ဆက်သွယ်ရေးနည်းဥပဒေတွေက တိတိကျကျဖြစ်ဖို့ လိုပါတယ်။
ဒါတွေထွက်မလာခင် ခုချိန်ထိ ကျွန်တော်တို့ လုပ်ငန်းတွေ မစနိုင်သေးပါဘူး။ လောလောဆယ်
တော့ တာဝါတိုင်စိုက်ထူရေးလုပ်ငန်း ရရှိထားတဲ့ကုမ္ပဏီတွေက မြေနေရာ လိုက်ရှာနေကြတယ်။
အဲဒီမှာ အခက်အခဲတွေ အများကြီး ရှိနေပါတယ်"ဟု Ericssion Myanmar ကုမ္ပဏီ ၏
ဥက္ကဋ္ဌဖြစ်သူ John Adler က မြန်မာတိုင်း(မ်) ကို ပြောကြားခဲ့သည်။

ဆက်သွယ်ရေးကဏ္ဍ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်ရာတွင် လုပ်ထုံး
လုပ်နည်း၊ နည်းဥပဒေ၊ အစိုးရဖွဲ့စည်းပုံ၊ မြေပိုင်ဆိုင်မှု၊ အခွန်ပေးဆောင်မှုနှင့် လုံခြုံရေးဆိုင်ရာ
အခက်အခဲများရှိနေသည်ဟုလည်း ဆွေးနွေးပွဲတွင် ၎င်းက တင်ပြဆွေးနွေးခဲ့သည်။

"ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အပြီးသတ်ထွက်ပေါ်လာမယ့် ဆက်သွယ်ရေးနည်းဥပဒေတွေက
အထောက်အကူပြုမယ်လို့လည်း မျှော်လင့်ထားပါတယ်"ဟု John Adler က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း