နေလောင်ပန်းကလေးများ မညှိုးနွမ်းစေချင်

ပရဟိတကျောင်း၌ စောင့်ရှောက်ထားသည့် ကလေးငယ်အား ကိုရင်တစ်ပါးက ထိန်းကျောင်းနေသည်ကို တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)ပရဟိတကျောင်း၌ စောင့်ရှောက်ထားသည့် ကလေးငယ်အား ကိုရင်တစ်ပါးက ထိန်းကျောင်းနေသည်ကို တွေ့ရစဉ်။ ၀လုံး/မြန်မာတိုင်း(မ်)

သင်္ကန်း ရောင်ချည်စကြိုးကလေး လက်နှစ်ဖက်စလုံးမှာ ချည်ထားတဲ့ အသားနုနု မဖြူမညို ပါးစုန့်
မို့မို့ နှုတ်ခမ်းထူထူနဲ့ ကလေးလေး တစ်ယောက် သူ့ရှေ့တည့်တည့်က အရာတစ်ခုကို မျက်တောင်
မခတ်ဘဲ တူရူငေးမောရင်း ငြိမ်သက်စွာကြည့်နေသည်။

"သူက ဘာမှ မသိသေးဘူးလေ၊ အသက်က အခုမှ သုံးလသာသာပဲရှိသေးတာ၊ ဘုန်းဘုန်းကျောင်း
ကို သူရောက်လာတဲ့ အချိန်တုန်းက အသက်က တစ်လကျော်ကျော်လေးပဲရှိသေးတာ"ဟု
လက်ထောက် ကိုရင်လေးတစ်ပါးက ပွေ့ပိုက်ထားသော ကလေးလေး တစ်ယောက် အကြောင်းကို
ကျောင်းထိုင်ဆရာတော် ဦးသုမန က မိန့်ကြားသည်။

သူ့ကို ကျောင်းထိုင်းဆရာတော်ကိုယ်တိုင် ဖိုးခွား ဟုအမည်ပေးထားသည်။

သူ့ကို ရွှေကျင်မြို့ ခုတင် ၁၀၀ ဆေးရုံကြီးတွင်မွေးဖွားခဲ့ပြီး နောက် ဆွေမျိုးသားချင်းဆိုသူများက
နိုင်ငံခြားဆေးကုမ္ပဏီတစ်ခု၏ အဆက်အသွယ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ဆရာတော်
ဦးသုမန၏ မိဘမဲ့ပရဟိတကျောင်းသို့ ပို့ခဲ့ခြင်း ဖြစ်သည်။

ဆင်ရိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ နှင့်မလှမ်းမကမ်းတွင်ရှိသည့် ပဲခူးရိုးမတောစပ်
တောင်ခြေမှ ဆရာတော် ဦးသုမန၏ သင်္ခရိုင် မိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင်စာသင်ကျောင်း
လေးတွင် အရွယ်မရောက်သေးသော မိဘမဲ့ကလေး ၈၀ ကျော် ခိုလှုံလျက်ရှိသည်။

ကျောင်းသို့လာရောက် အပ်နှံသော ကလေးများကို ဆရာတော်က စာရွက်စာတမ်းများနှင့် တကွ
ရပ်ကွက်၊ မြို့နယ်အာဏာပိုင်တို့၏ ထောက်ခံချက်များနှင့် စနစ်တကျလက်ခံကြောင်း ဆရာတော်က
မိန့်သည်။

ရှစ်လအရွယ် မဆုရတီနှင့် နှစ်နှစ်ခွဲ အရွယ် မစုစုဝေတို့ ညီမနှစ်ယောက်လည်း ဆရာတော်ဦးသုမန
ကျောင်းသို့ ဖိုးခွားနှင့် မရှေးမနှောင်းပင် ဆွေမျိုးသားချင်းများက ပို့ဆောင်ခဲ့ကြသည်။

"မအေက ရောဂါနဲ့ ဆုံးတယ်၊ သူတို့အဖေကတော့ နဂိုကတည်းက အရက်တစ်ချိန်လုံးမူးနေတာ
ဆိုတော့ ဒီကလေးနှစ်ယောက်ကို မကျွေးမွေးနိုင်ဘူး"ဟု မိန်းကလေးငယ်လေးများကို ၀ိုင်းဝန်းပြုစု
ပေးနေသော ကျောင်းထိုင်ဆရာတော်ကြီး၏ မိခင်က တိုးညှင်းစွာပြောသည်။

"အိမ်မပြန်ချင်ဘူး"ဟု နှစ်နှစ်ခွဲအရွယ် မစုစုဝေက လူကြီးများပြောဆိုနေသော စကားများကို
နားလည်ဟန်ဖြင့် အသံမပီကလာ ပီကလာ ပြောသည်။

မွန်းလွဲချိန်ရောက်သည်နှင့် သုံးလသား အရွယ် ဖိုးခွားလေးမှာ ဆရာတော့်အခန်းရှိ ခရမ်းရောင်
ဇာပ၀ါခြင်ထောင်ပါးလေးပါရှိသော ပုခက်အမြင့်ကလေးထဲတွင် ဘေးနားရှိ နို့ဘူးလေးပေါ်လက်
တစ်ဖက်တင်ကာ ငြိမ်သက်စွာ အိပ်ပျော်လျက်ရှိသည်။

မိဘမဲ့ကျောင်းသို့ ရောက်လာခဲ့ကြသည့် ကလေးငယ်တိုင်းတွင် ခါးသီးသော ဘ၀အတွေ့အကြုံ
ကိုယ်စီရှိခဲ့ကြသည်။

သင်္ခရိုင်ပရဟိတကျောင်း ပရ၀ဏ်အတွင်း မန်ကျည်းပင်၊ အင်ပင်၊ ၀ါးရုံ စသည့် အရိပ်ရအပင်များရှိပြီး
စိမ်းညို့ညို့ ပဲခူးရိုးမတောင်တန်းသွယ်များနှင့် ဧကပေါင်းများစွာကျယ်ပြန့် သော ဘော်ဘင်ဆည်၏
နက်ပြာရောင်ရေပြင်တို့ကို နောက်ခံထားပြုထားသည်။

"ကျွန်တော်တို့ ရောက်သွားတဲ့ အချိန်မှာတွေ့ရတာက ကလေးတွေ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း
လှဲအိပ်နေကြတာ"ဟု ဖေဖော်ဝါရီလ အတွင်းက သွားရောက်လေ့လာခဲ့သည့် ရန်ကုန် အခြေစိုက်
ပရဟိတလူငယ်များကွန်ရက်မှ ကိုစန်းနိုင်က ပြောသည်။

ရန်ကုန်အခြေစိုက် ပရဟိတလူငယ်ကွန်ရက်မှာ သဘာဝဘေးကြောင့် အရေးပေါ်အကူအညီများ
လိုအပ်နေသောနေရာများနှင့် ပညာရေးအတွက် လိုအပ်သော အကူအညီများကို ဆောင်ရွက်နေ
သည့် ပရဟိတအဖွဲ့များစွာပါဝင်သော ကွန်ရက်တစ်ခုဖြစ်သည်။

သင်္ခရိုင်ကျေးရွာမှာ ကြို့ပင်ကောက်မြို့နယ်နှင့် ၁၈ မိုင်ကွာဝေးပြီး အင်တိုင်းတောနှင့် ဂ၀ံမြေသားများ
ကို ဖြတ်ကာ ဖောက်လုပ်ထားသည်။

မြေသားလမ်းတစ်လျှောက်တွင် ကြီးမားသော သစ်ပင်များမရှိဘဲ အင်ပင်ငယ်များ၊ မြက်ရိုင်းများ၊
မီးရှို့ထားသော ယာခင်းများ နှင့် လွင်တီးခေါင်ဖြစ်နေပြီး မိုးရာသီအတွင်း ရိုးမတောင်ကုန်းများဆီမှ
တိုက်ရိုက်ဆင်းလာသည့် မိုးရေကြောင့် လမ်းပမ်းဆက်သွယ်ရေး ပျက်စီးရသည်။

"အခက်အခဲဖြစ်ဆုံးအချိန်ကတော့ မိုးတွင်းပါပဲ၊ ဒီကလမ်းကလည်းမိုးတွင်းဆို သွားလို့ မရတော့ဘူး၊
ဒါ့ကြောင့် မိုးတွင်းအတွက် ရိက္ခာကိုရသလောက် ကြိုပြီးတော့စုရတယ်"ဟု ကျောင်းထိုင်ဆရာတော်
ဦးသုမန ကဆိုသည်။

ကျောင်းအိပ်ကျောင်းစား ကလေးငယ်များ အတွက် တစ်နေ့စာ ကုန်ကျစရိတ်မှာ ဆန်နှစ်အိတ်နှင့်
ကျပ် ၅၀,၀၀၀ ၀န်းကျင်ဖြစ်သည်။

"အသားတု၊ ငါးပိရည်၊ တို့စရာ၊ အရွက်ကြော် တစ်မျိုးနဲ့ပဲ နေ့တိုင်း တစ်နေ့ကို သုံးခါကျွေးရတယ်၊
အသားဟင်းကတော့ မပါသလောက်ပါပဲ"ဟု ကိုရင်ကုမာရက ပြောသည်။

ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ဖြစ်သောကြောင့် အရိပ်ရ အင်ပင်ကြီးတစ်ပင်အောက်တွင် ဆံပင်တို
နှံ့နှံ့သနပ်ခါးဘဲကျားနှင့် ရှစ်နှစ် ကိုးနှစ်အရွယ် ကျောင်းသူကလေးများ သစ်ရွက်များ၊ သဲများနှင့်
ထမင်းချက်တမ်း ကစားနေကြသည်။

"ဒီမှာနေရတာ ပျော်တယ်၊ သူငယ်ချင်းတွေလည်း ရှိတယ်"ဟု အင်္ကျီခပ်နွမ်းနွမ်းဝတ်ဆင်ထားသော
အသက် ရှစ်နှစ်အရွယ်ကျောင်းသူ ကလေးတစ်ဦးက ဆိုသည်။

မိန်းကလေးများအတွက် သီးသန့်အဆောင် တစ်ခုထားရှိပြီး အငြိမ်းစားကျောင်းအုပ်ဆရာမကြီး
တစ်ဦးက လာရောက်စောင့်ရှောက်ပေးလျက်ရှိသည်။

"ကျွန်မတို့ မိန်းကလေးတွေနေတဲ့ အဆောင်ကို တက်ကြည့်ခွင့်ရတော့ သူတို့နေတဲ့ နေရာမှာ
စောင်တို့ ခြင်ထောင်တို့မပြောနဲ့၊ အောက်မှာ ဖျာတွေဘာတွေ အချို့နေရာမှာမရှိဘူး၊ ဒီအတိုင်းလေးပဲ
အိပ်နေရတာဆိုတော့ ဒုက္ခရောက်တာပေါ့"ဟု ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များ ကွန်ရက်မှ
မမေမြတ်သူက ပြောသည်။

"ဒီကလေးလေးတွေရဲ့ ဘ၀ကို ကျွန်မတို့ စာနာမိတယ်၊ သူတို့အတွက် နိုင်သလောက် ၀ိုင်းပြီးတော့
ထောက်ပံ့ ပေးချင်တယ်၊ အကူညီတွေလည်း ပေးချင်တယ်"ဟု မမေမြတ်သူက ပြောသည်။

သင်္ခရိုင်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပဲခူးတိုင်းအစိုးရက ပြီးခဲ့သည့်
၂၀၁၁ ခုနှစ်မှ စတင်ခါ ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းကျောင်းအဖြစ် တရားဝင်အသိအမှတ်
ပြုခဲ့သည်။

မိဘမဲ့ကလေးများ အပါအ၀င် ကျောင်းသားဦးရေ စုစုပေါင်း ၂၂၃ ဦးရှိသည်။

ချစ်ချစ်တောက်ပူနေသော နေရောင်ကြောင့် အရိပ်ရ သစ်ပင်များအောက်တွင် ကလေးငယ်များ
ဝိုင်းဖွဲ့ကာ ကစားနေကြသည်။

ဘော်ဘင်ဆည်ကို ဖြတ်တိုက်လာသော လေနုအေးက အပူဒဏ်ကို သက်သာစေသည်။

အနောက်ပဲခူးရိုးမ တောင်တန်းများဆီတွင် မိုးရိပ် လေရိပ်များ သန်းမလာသေး။

နေမကွယ်ခင်အချိန်အထိ ကျောင်းဝင်းအတွင်း ကလေးငယ်များ ရယ်မောပျော်ရွင်စွာ ဆော့ကစား
နေကြဆဲ ဖြစ်သည်။

(သင်္ခရိုင်ပရဟိတကျောင်း ဆရာတော် ဦးသုမနထံ တိုက်ရိုက်ဆက်သွယ်လိုပါက
ဖုန်း ၀၉၄၃၁၅၆၆၃၂၊ ရန်ကုန်အခြေစိုက် ပရဟိတ လူငယ်များကွန်ရက်သို့ ဆက်သွယ်လိုပါက
မမေမြတ်သူ ၀၉၇၃၀၆၆၅၃၈၊ ကိုသန့်စင်စိုး ၀၉၄၂ ၅၀၁၈၄၇၆ သို့ ဆက်သွယ်နိုင်သည်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း