တိုင်း(မ်)သတင်းထောက် ဗီဇာ ငြင်းပယ်ခံခဲ့ရမှုကို သတင်းသမားအချို့ လက်ခံ

တိုင်း(မ်)မဂ္ဂဇင်း၏ သတင်းထောက် ဟန်နာဘိရှ် ရန်ကုန်မြို့၌ ကျင်းပနေသည့် နိုင်ငံတကာ
မီဒီယာညီလာခံ တက်ရောက်ရန် ဗီဇာလျှောက်ထားမှုနှင့်ပတ်သက်၍ ပွဲအနှောင့်အယှက် ဖြစ်မည်
စိုးရိမ်သဖြင့် အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဟန်နာဘိရှ်သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် သတင်းများစွာကို နှစ်ပေါင်းများစွာ ရေးသားခဲ့သူ
တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်း(မ်)မဂ္ဂဇင်းတွင် မြန်မာနိုင်ငံက
ပဋိပက္ခများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ အစွန်းရောက်များဟု မျက်နှာဖုံးဆောင်းပါး ရေးသားခဲ့
သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် အစိုးရကို ဒေါသထွက်စေခဲ့သည်။

"ဟန်နာဘိရှ်က ဒီညီလာခံကို တက်ရောက်ဖို့ ပြည်ဝင်ခွင့်ဗီဇာ တောင်းခံခဲ့ပေမယ့် အခုအချိန်က
သူမြန်မာပြည်လာရမယ့် အချိန်အခါကောင်း မဟုတ်သေးပါဘူး။ လူတွေက သူ့ကို စိတ်ဆိုး
နေကြဆဲပဲ။ ဒါကြောင့် သူဒီပွဲကို လာတက်ရင် သူအတွက်လည်း မကောင်းဘူး။ ဒီပွဲကိုလည်း
အနှောင့်အယှက်ဖြစ်စေနိုင်တယ်"ဟု ဦးရဲထွဋ် က မတ်လ ၁၀ ရက်နေ့တွင် ပြောသည်။

ညီလာခံသို့ နိုင်ငံတကာမှ သတင်းထောက်များနှင့် သတင်းမီဒီယာနှင့် ပတ်သက်သူ နိုင်ငံခြားသား
၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ဟန်နာဘိရှ် တစ်ဦးတည်းကိုသာ ဗီဇာငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း
ဦးရဲထွဋ်က ပြောသည်။

အဆိုပါညီလာခံသို့ တက်ရောက်နေသူ Missouri School of Journalism ၏ ဥက္ကဋ္ဌ Amy
McCombs ကမူ ယခုကဲ့သို့ သတင်းသမားတစ်ဦးကို ငြင်းဆိုခြင်းမှာ သင့်တော်ခြင်းမရှိဟု ထင်မြင်မိ
ကြောင်း ပြောသည်။

"ဦးရဲထွဋ်က ဘာကြောင့် လုံခြုံရေးအကြောင်းပြပြီး အခုလိုငြင်းဆိုလိုက်တာလဲတော့ ကျွန်မ
နားမလည်ပါဘူး။ ဟန်နာဘိရှ် အနေနဲ့တော့ သူ့ကိုယ်သူ လုံခြုံစိတ်ချရတယ်ထင်လို့ ဒီပွဲကို တက်ဖို့
ကြိုးစားခြင်းဖြစ်မှာပါ"ဟု ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

အဆိုပါညီလာခံကို ကြီးမှူးကျင်းပနေသည့် East-West Center မှ တာဝန်ရှိသူများက ယခုကိစ္စနှင့်
ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း မြန်မာ သတင်းသမားများက အစိုးရ၏
လုပ်ရပ်ကို ထောက်ခံခဲ့သည်။

မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂအဖွဲ့ မှ ဦးဇော်သက်ထွေးက သတင်းထောက် တစ်ဦး၏
ရပိုင်ခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်ထက် တစ်မျိုးသားလုံးတည်ငြိမ်မှုက ပိုပြီးအရေးကြီးကြောင်း
ပြောသည်။

"အခုအချိန်မှာ အခြေအနေအရ နိုင်ငံရဲ့ လူမျိုးရေး၊ ဘာသာရေး အခြေအနေကိုကြည့်ပြီး သူ့ကို
အခုလို ပြည်ဝင်ခွင့်မပေးသေးတဲ့ အစိုးရ ရဲ့ဆုံးဖြတ်ချက်ကို လက်ခံတယ်လို့ပဲ ပြောရမှာပဲ။ ဒါပေမဲ့
သတင်းထောက် တစ်ယောက်ကို အမြဲတမ်းတော့ ပြည်ဝင်ခွင့် မပိတ်သင့်ပါဘူး"ဟု ၎င်းက
ပြောသည်။

အလွတ်သတင်းထောက် တစ်ဦးဖြစ်ပြီး ဆောင်းပါးရှင် တစ်ဦးဖြစ်သည့် စည်သူအောင်မြင့်က
ယခုကိစ္စနှင့် ပတ်သက်ပြီး ပြည်ဝင်ခွင့် ငြင်းဆန်ခဲ့သည့် အကြောင်းအရာသည် လက်ခံ နိုင်စရာ
ရှိကြောင်း ပြောသည်။

"ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေက ဥရောပတိုင်းပြည်တွေလို ဒီမိုကရေစီအပြည့်အဝ
မရသေးဘူး။ ဒါကြောင့် အဲဒီအချက်ကို ထည့်စဉ်းစားရမယ်"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ

အကြည့်အများဆုံး - ပြည်တွင်းသတင်း