မိုးကြိုမိုးဦးကောင်း၍ မန္တလေးတိုင်းတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရေး အဆင်ပြေနိုင်

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ်မေလနှင့် ဇွန်လအစောအပိုင်းက မိုးရွာသွန်းမှုကောင်းခဲ့ပြီး
ယခုနှစ် မိုးစပါးစိုက်ရာသီအတွက် အထောက်အကူပြုနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး
မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှမြင့်အောင်က ပြောသည်။ မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်ပြင်ဆင်နေသောတောင်သူများကို ယခင်နှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- သန်းနိုင်စိုး၊မြန်မာတိုင်းမ်မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်ပြင်ဆင်နေသောတောင်သူများကို ယခင်နှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- သန်းနိုင်စိုး၊မြန်မာတိုင်းမ်

တိုင်းဒေသကြီးအတွင်း၌ ၂၀၁၂ ခုနှစ် ၀န်းကျင်က စတင်ကာ မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့ခဲ့ရပြီး
သီးနှံစုံစိုက်ပျိုးမှုများတွင် စိုက်ဧကလျော့နည်းမှုများ ဖြစ်ပွားခဲ့ရကြောင်း၊ သို့သော် ယခုနှစ်အစောပိုင်းတွင်
မိုးရွာသွန်းမှု ကောင်းမွန်သောကြောင့် ဆည်မြောင်း၊ ကန်များတွင် ရေ၀င်ရောက်မှုမြင့်လာပြီး မေလ
အတွင်းက ရရှိခဲ့သည့်မိုးကြောင့် ယခုနှစ်မိုးစပါးပျိုးထောင်မှုအတွက် လိုအပ်သော မြေအစိုဓာတ်ရရှိရန်
အထောက်အကူပြုကြောင်း ယခုလ အစောပိုင်းတွင် ၎င်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

"မေလရဲ့မိုးရေချိန်က မန္တလေးတိုင်း မှာ ပျမ်းမျှ ၈ ဒသမ ၉၁ လက်မ ရွာထား တယ်။ မိုးရွာသွန်းမှုက
အခုနှစ်မှာ ကောင်းနေပါတယ်။ မိုးသီးနှံစိုက်ပျိုးဖို့ အတွက် (မြေ)အစိုဓာတ်ရရှိမှု ကောင်းနေတယ်။
မန္တလေးတိုင်းအနေနဲ့က ခြောက်သွေ့တဲ့ရာသီဥတုမှာ ပါဝင်တယ်။ မိုးနည်းတဲ့ပြဿနာတွေက လွန်ခဲ့တဲ့
သုံးနှစ်ဆက်တိုက်ဖြစ်လာတယ်ဆိုတော့ လျာထားချက် စိုက်ဧကတွေမှာ အနည်းငယ်လျော့နည်း
တာလေးတွေ ရှိပါတယ်။ အခုနှစ်ကတော့ ဆည်မြောင်းတွေမှာလည်း ရေ၀င်ထွက်မှုကောင်းနေတယ်
ဆိုတော့ ရေရရှိမှုကအဆင်ပြေနိုင်ပါတယ်" ဟု ဦးလှမြင့်အောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများအတွက် အကျိုးဖြစ်ထွန်း စေမည့် ရွာငံကျေးရွာ
အထက်တွင် တည်ရှိသော မြို့ကြီးဆည်တမံပြုပြင်ခြင်း လုပ်ငန်းများကို ယခင်နှစ်က ဆောင်ရွက်နေသည့်
အတွက်ကြောင့် ဆည်ရေရရှိမှု လျော့နည်းခဲ့ကြောင်း၊ သို့သော် ယခုနှစ် ဒီဇင်ဘာတွင် မြို့ကြီးဆည်
တမံပြင်ဆင်မှု ပြီးဆုံးမည်ဖြစ်သောကြောင့် ရေရရှိမှုကောင်းမွန်လာနိုင်ပြီး စိုက်ဧကတိုးလာ နိုင်ကြောင်း
၎င်းကပြောသည်။

"ပြီးခဲ့တဲ့နှစ်ကဆည်မြောင်းတွေမှာ ရေ၀င်ထွက်မှုလျော့နည်းခဲ့တယ်ဆိုတော့ ကျောက်ဆည်
ခရိုင်အတွင်းမှာဆိုရင် နွေစပါးစိုက်ပျိုးချိန်မှာ နှမ်းနဲ့ ပဲကိုစိုက်ပျိုး လိုက်ရတယ်။ စပါးကိုမစိုက်နိုင်ခဲ့ဘူး။
ဒါကြောင့်မို့ စိုက်ဧကတွေ လျော့နည်းခဲ့တာတွေ ရှိပါတယ်" ဟု ဦးလှမြင့်အောင် က ပြောသည်။

တိုင်းဒေသကြီးတွင် ယခင်နှစ်က မိုးသီးနှံလျာထားချက်အနေဖြင့် ၃၅ ဒသမ ၂၆ သိန်းဧက စိုက်ပျိုးရန်
လျာထားခဲ့ပြီး အမှန်တကယ်စိုက်ဧကအနေဖြင့် ၃၁ ဒသမ ၈ သိန်း ရှိခဲ့သည်။ ဆောင်းသီးနှံအနေဖြင့်
၁၅ ဒသမ ၈၁ သိန်းလျာထားခဲ့ပြီး အမှန်တကယ်စိုက်ဧကမှာ ၁၅ ဒသမ ၄၅ သိန်းဧကရှိခဲ့ကာ
နွေသီးနှံအနေဖြင့် ၂ ဒသမ ၆၉ သိန်းဧကလျာထားပြီး အမှန်တကယ်စိုက်ဧက ၁၀၉,၅၀၀ ဧက
စိုက်ပျိုးခဲ့ ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးမှုစာရင်း များအရ သိရသည်။ "အခုနှစ်မိုးဦးကိုက
ကောင်းတယ်ပြောလို့ ရတယ်။ မိုးစပါး ပျိုးထောင်ဖို့ အတွက်တော့ မြေအစိုဓာတ်ကောင်းနိုင်တာပေါ့။
အရင်နှစ်မိုးစပါးကတော့ တစ်ဧက တင်း ၁၀၀ ၀န်းကျင်လောက်ရလိုက်ပါ တယ်"ဟု
ကျောက်ဆည်မြို့နယ်နေတောင်သူ ဦးမြင့်ဝေက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း