ပဲ၊ ပြောင်း၊ နှမ်းများ ရွေးကောက်ပွဲအပြီး အရောင်းအ၀ယ် ပိုမိုသွက်လာ

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်းတွင် ပဲ၊နှမ်းများကိုအရောင်းအ၀ယ်ပြုလုပ်ရန် ကြည့်ရှုနေကြစဉ်။လှိုင်ကျော်စိုး/မြန်မာတိုင်း(မ်)ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်းတွင် ပဲ၊နှမ်းများကိုအရောင်းအ၀ယ်ပြုလုပ်ရန် ကြည့်ရှုနေကြစဉ်။လှိုင်ကျော်စိုး/မြန်မာတိုင်း(မ်)

ပဲ၊ ပြောင်း၊ နှမ်းများ ရွေးကောက်ပွဲအပြီး အရောင်းအ၀ယ် ပိုမိုသွက်လာကြောင်း
မန္တလေးမြို့ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ အသင်းမှ တာဝန်ရှိသူများက ယခုလ
၁၃ ရက်တွင် ပြောကြားသွားသည်။

ရွေးကောက်ပွဲမတိုင်ခင်က အရောင်း အ၀ယ်အဖြစ်နည်းပြီး ကုန်များကို
သိမ်းဆည်းထားသူများ များပြားကာ ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အရောင်း
အ၀ယ်များ ပြန်လည် သွက်လာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်းမှ
မုံရွာပွဲရုံပိုင်ရှင် ဦးမျိုးဆွေက ပြောသည်။ "ရွေးကောက်ပွဲပြီးတော့ ချက်ချင်း
အရောင်းအ၀ယ်တွေ ပိုဖြစ်လာတယ်။ ရွေး ကောက်ပွဲမတိုင်ခင် လုပ်ငန်းတွေ
လည်း နားကြတော့ အရောင်းအ၀ယ် မဖြစ်ဘူး။ တရုတ်ဝယ်လက်တွေလည်း
လာဝယ်ပါပြီ" ဟု ၎င်းက ပြောသည်။ ၀ယ်လိုအားပေါ်မူတည်ပြီး မြန်မာ့ ပဲ၊
ပြောင်း၊ နှမ်းများ ဈေးကွက်တွင် ပိုမိုဈေး ကောင်းရကြောင်း၊ မြန်မာ့ ပဲပြောင်းနှမ်းများကို
အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က အများဆုံး ၀ယ်ယူကြောင်း ဦးမျိုးဆွေက ပြောသည်။
"အိန္ဒိယနဲ့ တရုတ်က သူ့တို့ ရာသီဥတု ပေါ်မူတည်ပြီး မြန်မာ့ပဲ၊ ပြောင်း၊ နှမ်းကို
ဝယ်ယူကြတာပါ။ ဈေးကွက်ကောင်းတာ နဲ့ ညံ့တာပဲရှိတယ်။ သူတို့ဆီမှာ
ရာသီဥတု ကောင်းလို့ သီးနှံအထွက်နှုန်းကောင်းရင် ၀ယ်လိုအားနည်းပြီး
ဈေးလည်း မကောင်း ပါဘူး။ လာမယ့်နှစ်မှာတော့ အိန္ဒိယဘက်က
ရာသီဥတုမကောင်းလို့ မတ်ပဲဆိုရင် စိုက်တုန်းပဲ ရှိသေးတယ်၊ ကြိုပြီးတော့
ဈေးကောင်းပေး ၀ယ်နေပြီ"ဟု ၎င်းက ပြောသည်။ ပဲ၊ ပြောင်း၊ နှမ်း
ဈေးနှုန်းများသည် နိုင်ငံခြားငွေဈေးပေါ် မူတည်ပြီး အတက် အကျရှိကြောင်း၊
ရွေးကောက်ပွဲ ပြီးဆုံးခဲ့ သော်လည်း ပဲ၊ ပြောင်း၊ နှမ်း ဈေးနှုန်း အပြောင်းအလဲ
မရှိကြောင်း၊ အရောင်း အ၀ယ် ပိုမိုကောင်းမွန်လာကြောင်း ဦးမျိုးဆွေက
ပြောသည်။

"ရွေးကောက်ပွဲမတိုင်ခင်ကတော့ အရောင်းအ၀ယ်က တစ်နေ့ကို
နှစ်ယောက်၊ သုံးယောက်ပဲ ဖြစ်တာ။ အခု ရွေးကောက်ပွဲ ပြီးတော့
တရုတ်ဝယ်လက်တွေလည်း ရှိလာတော့ ငါးယောက်၊ ခြောက်ယောက်
ဖြစ်လာပါတယ်။ ဈေးနှုန်းတွေကတော့ တရုတ်နဲ့ အိန္ဒိယငွေဈေး အတက်အကျ
ပေါ် မူတည်ပါတယ်"ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲမတိုင်ခင်နှင့်
ရွေးကောက် ပွဲအပြီး အရောင်းအ၀ယ်ဖြစ်ပွားမှု သိသိ သာသာ ပြောင်းလဲ
လာကြောင်း၊ အရောင်း အ၀ယ် ပိုမိုကောင်းမွန်လာမည့် အခြေအနေ ရှိကြောင်း၊
လာမည့် ဇန်န၀ါရီလဆန်း ပဲပေါ် ချိန်တွင် နိုင်ငံခြားအရောင်းအ၀ယ်များ ပိုမို
သိသာစွာ ပြောင်းလဲနိုင်ကြောင်း အသင်း၏ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး
တာဝန်ရှိသူ ဦးကျော်သွင်က ပြောသည်။

"ပဲပေါ်ချိန်က မရောက်သေးတော့ မပြောနိုင်သေးဘူး။ ရွေးကောက်ပွဲပြီးတဲ့
အချိန်မှာတော့ သိသိသာသာလေး အရောင်းအ၀ယ်တွေ ပြန်ဖြစ်လာတယ်ပေါ့။
ပဲတွေကုန်တဲ့ အချိန်ဖြစ်တော့ ပဲတွေ က လိုသလောက် မရှိသေးပါဘူး။ အ၀ယ်
များတာက ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံတွေ ကို အိန္ဒိယနဲ့ တရုတ်က အ၀ယ်များတယ်။
ပို့ကုန်တွေကိုလည်း ဖြေလျှော့မှုတွေ ရှိလာ ရင် ပိုမို ကောင်းမွန်လာနိုင်ပါတယ်"ဟု
၎င်းက ပြောသည်။

လက်ရှိ တရုတ်က ၀ယ်ယူရာတွင် ပဲယဉ်း သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၅၅,၀၀၀၊
စွန်တာပြာ တစ်အိတ် ကျပ် ၅၂,၀၀၀၊ နှမ်းဖြူ တစ်အိတ် ကျပ် ၁၁၅,၀၀၀ မှ ၉၈,၀၀၀
ကြား၊ နှမ်းနက် တစ်အိတ် ကျပ် ၁၆၀,၀၀၀ မှ ၁၃၈,၀၀၀ ကြား၊ စမုန်နှမ်းနက်
တစ်အိတ် ကျပ် ၂၂၀,၀၀၀ မှ ၂၀၀,၀၀၀ ကြားနှင့် နှမ်းညို တစ်အိတ် ကျပ် ၈၆,၀၀၀ မှ
၈၀,၀၀၀ အထိ ရှိပြီး ပြည်တွင်းဈေးကွက်တွင် ကုလားပဲ တစ်အိတ် ကျပ် ၁၁၅,၀၀၀ မှ
၁၁၂,၀၀၀ အထိ ဈေးကွက်အတွင်း အရောင်းအ၀ယ် ဖြစ်ကြောင်း ၎င်းတို့က
ပြောသည်။

ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း တွင် အရောင်းအ၀ယ်ပြုလုပ်နေသူ
အသင်းသူ၊ အသင်းသား စုစုပေါင်း ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားကုန်သည်များလည်း
လာရောက် လေ့လာလျက်ရှိကြောင်း၊ အသင်း သက်တမ်း ၈၁ နှစ်အထိ
ရှိပြီဖြစ်ကြောင်း ဦးကျော်သွင်က ပြောသည်။ "နိုင်ငံခြား ဧည့်သည်တွေ
အနေနဲ့ တရုတ်နဲ့ အိန္ဒိယက အလာများတယ်။ ဂျပန် တို့၊ ကိုရီးယားတို့လည်း
လာပါတယ်။ တစ်နှစ်ကို နိုင်ငံခြား ဧည့်ကုန်သည်တွေ ရာဂဏန်းအထိ
လာပါတယ်" ဟု ၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း