ဦးဂန္ဘီရကို စွဲချက်တင်အမိန့်ချခဲ့ရာ ၎င်း၏ရှေ့နေက တရားလိုပြသက်သေ သုံးဦးကို ပြန်လည်စစ်ဆေးရန် လျှောက်ထား

ဦးဂန္ဘီရ နှင့် ၎င်း၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင် တို့ကို မဟာအောင်မြေတရားရုံး၌ တွေ့ရစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)ဦးဂန္ဘီရ နှင့် ၎င်း၏ ရှေ့နေ ဦးရောဘတ်ဆန်းအောင် တို့ကို မဟာအောင်မြေတရားရုံး၌ တွေ့ရစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးဂန္ဘီရ (ခေါ်) ဦးညီညီလွင်ကို
တရားမ၀င်နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၊
ဦးစီးမှူး ဦးသောင်းတန် က တရားစွဲဆိုထားရာ ခြောက်ကြိမ်မြောက်ရုံးချိန်းတွင် မြို့နယ်တရားသူကြီးမှ
စွဲချက်အမိန့်ချမှတ်ခဲ့ရာ ဦးဂန္ဘီရ၏ ရှေ့နေက တရားလိုပြသက်သေများအနက် သုံးဦးကို
ပြန်လည်စစ်ဆေးရန် ရုံးတော်သို့ လျှောက်ထားခဲ့ကြောင်း မဟာအောင်မြေမြို့နယ် တရားရုံးမှ
မတ်လ ၁၀ ရက်နေ့တွင် သိရသည်။

ထပ်မံစစ်ဆေးရန် ခေါ်ထားသည့် တရားလိုပြသက်သေ သုံးဦးမှာ လ၀ကဦးစီးမှူး ဦးသောင်းတန်၊
သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် ကျော်စွာလင်း နှင့် ပါဝါဟိုတယ်စာရင်းကိုင် မဇာနည်မော် တို့ဖြစ်သည်။

"စွဲချက်အမိန့်ချလိုက်တယ်။ စွဲချက်တင်ခြင်းက အပြစ်ပေးခြင်းမဟုတ်ဘူးလို့ စီရင်ထုံးတွေမှာ
ဆိုထားပေမဲ့ လွတ်လွတ်လပ်လပ် ဘ၀နဲ့ ဖြေရှင်းရတာ မဟုတ်ဘဲနဲ့ အချုပ်ဘ၀နဲ့ ဖြေရှင်းရတာ ဖြစ်လို့
လွတ်လွတ်လပ်လပ်နဲ့ ဖြေရှင်းရတယ်လို့တော့ မဆိုနိုင်ဘူး။ မလွတ်မလပ်ဘ၀ နဲ့
စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ ဖြေရှင်းရတဲ့ အစဉ်အလာတွေ နိဂုဏ်းချုပ်နိုင်ပါစေလို့ အစိုးရသစ်လက်ထက်မှာ
မျှော်လင့်ပါတယ်။ တရားလိုပြသက်သေ သုံးဦးကို လိုအပ်တဲ့ အကြောင်းအရာတွေထပ်ပြီး စစ်ဆေးဖို့
ရုံးတော်ကိုလျှောက်ထားပြီး ခေါ်ခိုင်းထားပါတယ်။ စွဲချက်အမိန့်ချလိုက်ပြီဆိုတော့ ကျွန်တော်တို့က
လိုအပ်တဲ့ အထောက်အထား သက်သေတွေအတွက် ပြင်ဆင်ထားပါတယ်။ ချစ်ကြည်ရေးတံတားမှာ
တရားဝင်သွားလာထားတဲ့ အထောက်အထားတွေကို သွားယူမှာပါ" ဟု ဦးဂန္ဘီရ၏
ရှေ့နေတရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင် က မြန်မာတိုင်း(မ်) ၏ မေးမြန်းမှုကို
ပြန်လည်ဖြေကြားသည်။

ဦးဂန္ဘီရ၏ ကျန်းမာရေးအခြေအနေအရ အာမခံရရှိရန် နှစ်ကြိမ်တိုင်တိုင် လျှောက်ထားခဲ့သော်လည်း
ရရှိခဲ့ခြင်း မရှိသည့်အတွက် ဆက်လက်လျှောက်ထားတော့မည် မဟုတ်ကြောင်းနှင့် အမှုဆက်လက်
ရင်ဆိုင်ဖြေရှင်းရန် တရားခံ ပြသက်သေအဖြစ် ထိုင်းနိုင်ငံပြည်ထဲရေးဝန်ကြီး နှင့် ထိုင်းနိုင်ငံ လ၀က
ဝန်ကြီးဌာနတို့ကိုပါ သက်သေအဖြစ် ထည့်သွင်းသွားရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယခု တရားစွဲဆိုခြင်းမှာ တစ်ဦးတစ်ယောက်ထဲမှ သက်သေအထောက်အထား မပါဝင်ပဲ နှုတ်မိန့်ဖြင့်
တရားစွဲဆိုသည့် ပုံစံဖြစ်နေကြောင်း ၎င်း က ဆက်လက်ပြောသည်။

"ကျွန်တော့်မှာ လုံးဝ အပြစ်မရှိပါဘူး။ ထိုင်းဘက်ကို တရားဝင်သွားပြီး ဆေးကုသခဲ့တာပါ" ဟု
ဦးဂန္ဘီရ က တရားရုံးချိန်အပြီး ပြောသည်။

ဦးဂန္ဘီရ သည် ၂၀၁၃ ခုနှစ် ၊နိုဝင်ဘာလ ၊ ၁၂ ရက်နေ့ တွင် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့်
ထိုင်နိုင်ငံ၊ မယ်ဆိုင်သို့ ထွက်ခွာပြီး ချင်းမိုင်မြို့၊ ဆီပူလင်းဆေးရုံတွင် ဆေးကုသ၍ မြန်မာနိုင်ငံသို့
ပြန်လာခြင်းမရှိဘဲ တရားမ၀င်နေထိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ၊ဇန်န၀ါရီလ ၁၆ ရက်နေ့တွင်
တာချီလိတ်မြို့ ၊ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မယ်ဆိုင်သို့ တရားမ၀င်ဖြတ်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ (၃) ၂
ကို ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့သည်ဟုဆိုကာ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၀ ရက်နေ့တွင်
မဟာအောင်မြေမြို့နယ် လ၀ကဦးစီးမှူး ဦးသောင်းတန် က တိုင်းတန်းသဖြင့် ဦးဂန္ဘီရ (ခေါ်) ဦးညီညီလွင်
ကို (ပ) ၅၇ / ၂၀၁၆ လ၀ကအက်ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် အမှတ် (၉) မြို့မ ရဲစခန်း၌ အမှုဖွင့်
တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၈ ရက်နေ့တွင် တရားလိုပြသက်သေ သုံးဦးကို ပြန်လည်စစ်ဆေးရန် ရုံးချိန်းကို
ထပ်မံချိန်းဆိုလိုက်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း