ရိုးရာအသုပ်မျိုးစုံ ရနိုင်တဲ့ နန်းရှေ့က ဗထူး

လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ မန္တလေးမြို့ မှာ ဒေသအလိုက် စားစရာတွေ အမည်စုံလှ
ပါတယ်။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယ၊ ရှမ်းနဲ့ ကချင်ရိုးရာ အစားအစာတွေကို အာသီသ မရှိဘဲ
မြန်မာ့ရိုးရာ အစားအစာကိုပဲ ချင်ခြင်း တပ်နေမယ်ဆိုရင်တော့ နန်းရှေ့က သက်တမ်း
၃၅ နှစ်ရှိပြီဖြစ်တဲ့ ဗထူးအသုပ်စုံဆိုင်ကို ညွှန်းချင်ပါတယ်။

မိသားစုနဲ့ဖြစ်စေ၊ မိတ်ဆွေ အပေါင်း အသင်းနဲ့ဖြစ်စေ အေးအေးဆေးဆေး စကားပြောချင်တယ်
ဆိုရင်တော့ တိတ်ဆိတ် ငြိမ် သက်တဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဲဒီအသုပ်ဆိုင်လေးဟာ
အရမ်းအဆင်ပြေစေမှာပါ။

မနက် ၉ နာရီကနေ ည ၁၀ အထိဖွင့်တဲ့ အတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာအတွက်
သုံးဆောင်နိုင်သလို အဆာပြေလည်း ရပါ တယ်။ အသီးအရွက်သုပ် အမျိုး ၂၀ လောက် နဲ့
သားငါးအသုပ် ၁၀ မျိုးနီးပါးက စားသုံးသူ တွေ စိတ်တိုင်းကျရွေးချယ်ဖို့ အခွင့်အလမ်း တွေ
အများကြီး ပေးထားပါတယ်။

နေ့စဉ်စားသောက်နေတဲ့ သမားရိုးကျ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ်၊ ချင်းသုပ်၊ ပဲလှော်ကြော်သုပ်၊
ရှောက်သီးသုပ်၊ ကုလားပဲသုပ်၊ ကျောက်ပွင့်သုပ်၊ မုန်လာချဉ်သုပ်၊ ကြာဆံအာလူးသုပ်တွေအပြင်
တညင်းသီးသုပ်၊ မြင်းခွာရွက်သုပ်၊ မဲဇလီဖူးသုပ်၊ ကြောင်လျှာ ပွင့်သုပ်၊ ကြောင်လျှာသီးသုပ်၊ ငရံ့ပတူသုပ်၊
သခွတ်ပွင့်သုပ်၊ ကြက်တက်ရွက်သုပ်၊ ညောင် ချဉ်ဖူးသုပ်၊ တရုတ်စကားဖူးသုပ်၊ မြူရွက်သုပ်၊
ထနောင်းရွက်သုပ်တွေကို ထမင်း ဆီဆမ်း၊ ထမင်းသုပ်၊ လက်ဖက်ထမင်း စတာ တွေနဲ့ ကြိုက်နှစ်သက်
သလို တွဲဖက် သုံးဆောင် နိုင်ပါတယ်။ အသားမပါဘဲ မစားတတ်ဘူးဆိုရင်လည်း ကြက်သားသုပ်၊
ကြက်အမြစ် အသည်းသုပ်၊ ဆတ်သားသုပ်၊ ကြက်ဥသုပ်၊ ငုံးဥသုပ်၊ ငါး သေတ္တာသုပ်၊ ဖီတန်သုပ်၊
ငါးဖယ်သုပ်တွေ ကို မှာယူနိုင်သလို ကြာဆံဟင်း၊ ဆိတ်ဝမ်းတွင်း သား စတဲ့ ဟင်းရည်တွေလည်း
ရနိုင်ပါ တယ်။ ဒါ့ပြင် ငါးမုန့်ကြော်၊ ပါပရာကြော်၊ တိုဟူးကြော်တို့ကိုလည်း ရေနွေးကြမ်း ပူပူလေးနဲ့
မြည်းစမ်းနိုင်ပါသေးတယ်။

တကယ်တော့ ဗထူးအသုပ်စုံဆိုင်ဟာ အသုပ်ဆိုင်တစ်ခုထက်ပိုပါတယ်။ ယောက်ျားသားတို့အတွက်
ဘီယာနဲ့ ၀ီစကီတွေ ရနိုင် သလို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အတွက် လက်ဖျော်
အသီးဖျော်ရည်မျိုးစုံနဲ့ သံဘူးအချိုရည်မျိုးစုံလည်း ရနိုင်ပါတယ်။ စားပွဲဝိုင်းက ၀ိုင်း ၂၀ နီးပါးရှိတဲ့
အတွက် မိတ်ဆွေတစ်ဦးစ၊ နှစ်ဦးစနဲ့ စကားစမြည်း ပြေားရင်း လာရောက် သုံးဆောင်နိုင်ရုံသာမက
အပေါင်းအသင်းများပြီး ရက်ရောတယ် ဆိုရင် မိတ်ဆွေတွေ အများကြီးခေါ်လာပြီး မြန်မာ့ရိုးရာ
အသုပ်မျိုးစုံကို မျက်နှာပန်းလှစွာ ဧည့်ခံနိုင်ပါတယ်။ ဗထူးအသုပ်ဆိုင်ကို ကျွန်တော်နဲ့ သူငယ်ချင်းတို့
ရောက်သွားတဲ့နေ့က ကျွန်တော်က ထမင်းဆီဆမ်း၊ ကုလားပဲသုပ်နဲ့ ဆိတ်ဝမ်း တွင်းသားမှာခဲ့ပြီး ကျွန်တော့်သူငယ်ချင်းက ရှောက်သီးသုပ်နဲ့ တိုဟူးကြော်မှာပါတယ်။

နေ့စဉ် ဆီပြန်ဟင်းတွေနဲ့ နှစ်ပါးသွားနေတဲ့ ကျွန်တော့်အတွက် အခုလို တစ်ခါတလေ စားတဲ့
အသုပ်လေးတွေဟာ အရသာတစ်မျိုး တော့ ထူးခြားနေပါတယ်။ မိတ်ဆွေတို့အနေနဲ့ အစား
လည်းဖြစ်၊ ဆေးဖက်လည်းဝင်တဲ့ အသုပ်မျိုးစုံကို စားချင် တယ်ဆိုရင် မန္တလေးကျုံးအရှေ့ဘက်
၁၉ လမ်းအတိုင်းသွားပြီး နန်းရှေ့ဘောလုံးကွင်း နားအရောက်မှာ ရတနာမိုး (၃) လမ်းထဲကို
ချိုးဝင်သွားလိုက်ပါ။ အရသာမျိုးစုံ မြည်းစမ်းနိုင်မယ့် ဗထူးအသုပ်စုံဆိုင်က ဆီးကြိုနေပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း