ပြင်ဦးလွင် ရပ်ကွက်ကြီး ၉ ရှိ အမှိုက်ကန်ကို နေရာပြောင်းမည်

ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၉ ရှိ လူနေအိမ်နှင့် အလွန်နီးကပ်နေသည်ဆိုသော အမှိုက်ကန်၌ စွန့်ပစ်ပစ္စည်းများ ရှာဖွေနေသူများကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။စည်သူလွင် / မြန်မာတိုင်း(မ်)ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၉ ရှိ လူနေအိမ်နှင့် အလွန်နီးကပ်နေသည်ဆိုသော အမှိုက်ကန်၌ စွန့်ပစ်ပစ္စည်းများ ရှာဖွေနေသူများကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။စည်သူလွင် / မြန်မာတိုင်း(မ်)

ပြင်ဦးလွင်တစ်မြို့လုံး၏ နေ့စဉ်ထွက်ရှိနေသည့် အမှိုက်များနှင့် အညစ်အကြေးများကို
ရပ်ကွက်ကြီး ၉ ရှိ အမှိုက်ကန်သို့ စွန့်ပစ်နေရာ လူနေအိမ်များနှင့် နီးကပ်လာပြီး
ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးရွားစွာ ဖြစ်ပေါ်နေသည့်အတွက် ရက် ၃၀ အတွင်း
နေရာသစ်သို့ ပြောင်းရွှေ့နိုင်ရေး ကြိုးစားလုပ်ဆောင်နေကြောင်း ပြင်ဦးလွင်မြို့နယ်
စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

" ဒီနေရာမှာ အမှိုက်ပစ်ခဲ့ကြတာကတော့ ဆယ်စုနှစ် မကတော့ပါဘူး။ ဟိုးအရင်တုန်း
ကတော့ ရပ်ကွက်နေသူတွေနဲ့ ဝေးတာပေါ့။ အခုနောက်ပိုင်း မြေနေရာယူမှုတွေကြောင့်
အမှိုက်ကန်နဲ့ နီးပြီး အနံ့အသက် မကောင်းတာ တွေ ဖြစ်ပေါ်လာရတာပါ။
ဩဂုတ် ၂၁ ရက်က အမှိုက်ကန်အသစ်အတွက် ကွင်းဆင်း စစ်ဆေးပြီးပါပြီ။
သစ်တောမြေနေရာလည်း မဟုတ်ပါဘူး။ ပလပ်နေရာပါ။ အဲဒီနေရာကို အမြန်ဆုံး
ပြောင်းရွှေ့သွားမှာပါ"ဟု ပြင်ဦးလွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်
အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးသန်းဝင်း က မြန်မာတိုင်း(မ်)ကို
စက်တင်ဘာ ၁၁ ရက်က ပြောသည်။

အမှိုက်ကန်ပြောင်းရွှေ့ပေးနိုင်ရန် ရပ်ကွက် နေပြည်သူများက တင်ပြတောင်းဆိုလာခဲ့ရာတွင်
သုံးနှစ်အတွင်း သုံးကြိမ်တင်ပြတောင်းခံ ခဲ့သော်လည်း ထူးခြားလာခြင်းမရှိဘဲ
လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊
စည်ပင်သာယာရေးကော်မတီ အဖွဲ့များ၊ အင်ဂျင်နီယာအဖွဲ့များပူးပေါင်း၍
နေရာသစ် ရှာဖွေသတ်မှတ်ခဲ့ကြသည်။

"အမှိုက်ပုံကိုပြောင်းရွှေ့ပေးဖို့ စာတင်ခဲ့ တာ ၂၀၁၂ ခုနှစ်လောက်ကတည်းက
ဘာမှ မထူးခြားခဲ့ဘူး။ ၂၀၁၅ မှာလည်း စာထပ်တင် တယ်။ လွန်ခဲ့တဲ့
နှစ်လလောက်ကလည်း စာထပ်တင်ခဲ့တယ်။ အမြန်ဆုံး ပြောင်းရွှေ့ ပေးစေချင်ပြီ။
အမှိုက်နဲ့အတူ မစင်အညစ်အကြေးတွေကိုလည်း စွန့်ကြတော့ ပတ်ဝန်းကျင်သန့်ရှင်းမှု
အနံ့အသက် အညစ်အကြေး က တော်တော်လေးကို ဆိုးရွားတယ်။ မိုးတွင်းမှာ
ဆိုနေလို့မရအောင်ပါပဲ။ ရေရှည်ဖြစ်လာ မယ်ဆိုရင် ကျန်းမာရေးပြဿနာတွေ ဖြစ်လာ
နိုင်တယ်"ဟု ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်အသစ် အဖွဲ့ဝင်
ရပ်ကွက်ကြီး ၉ ၌ နေထိုင်သူ ဦးဝင်းမြင့်က မြန်မာတိုင်း(မ်)ကို စက်တင်ဘာ ၁၂ ရက်က
ပြောသည်။

အမှိုက်ကန်နေရာသစ်အတွက် ပိန္နဲကုန်း (တောင်) ရွာအနီးရှိ နှစ်ဧကကျော်ရှိသည့်
ချောက်ကြီးအတွင်း သတ်မှတ်ထားပြီး အမှိုက် နှင့်အတူ အညစ်အကြေးများကိုပါ ပူးတွဲစွန့်ပစ်သွားမည်ဖြစ်ကာ ပြင်ဦးလွင်မြို့နှင့် လေးမိုင်ခန့် ကွာဝေးသည်။

ပြင်ဦးလွင်မြို့ တစ်မြို့လုံးအတွက် အမှိုက် သိမ်းခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်၊
ဩဂုတ် ၂၆ ရက်မှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်သည့် မြို့ဂုဏ်ဆောင်
သန့်ရှင်းရေး ၀န်ဆောင်မှုကုမ္ပဏီအား လွှဲပြောင်းပေးခဲ့ပြီး စနစ်တကျသိမ်းယူ
ခွင့်ပြုခဲ့ကြောင်း ပြင်ဦး လွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြောသည်။

"ကိုယ့်အတွက် အကျိုးအမြတ်ထက် မြို့ သန့်ရှင်းသာယာလှပရေးကို အဓိကထားပြီး
လုပ်ဆောင်ခဲ့တာပါ။ နေ့စဉ်နဲ့ အမျှ တစ်မြို့လုံး အတွက် အမှိုက်ကား ၁၈ စီးလောက်နဲ့
သိမ်း ရတယ်။ တစ်ရက်ကို အမှိုက်တန် ၁၅၀ ကျော် ကို သိမ်းပေးရတယ်။ စာသင် ကျောင်းတွေ၊
ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံတွေရဲ့ အမှိုက်တွေ
ကိုတော့ အခမဲ့သိမ်းဆည်းပေးတယ်။ အခု အမှိုက်ကန်နေရာ ပြောင်းတော့မယ်ဆိုရင်
အဲဒီအမှိုက်ကန်ကို သွားဖို့ လမ်းကို စည်ပင်သာယာကနေ ဖောက်လုပ်ပြီး ပြုပြင်ဆောင်ရွက်ပေးရမယ်။
ဒါမှ အဆင်ပြေနိုင်မယ်" ဟု မြို့ဂုဏ်ဆောင်သန့်ရှင်းရေး ၀န်ဆောင်မှု ကုမ္ပဏီ၏ ဒါရိုက်တာ
ဦးညီညီလွင်က ပြောသည်။

စည်ပင်သာယာရေးအဖွဲ့ထံသို့ မြို့ဂုဏ်ဆောင် သန့်ရှင်းရေး ၀န်ဆောင်မှုကုမ္ပဏီက အမှိုက်နှင့်
အညစ်အကြေး သိမ်းယူခွင့်အဖြစ် တစ်နှစ်အတွက် အမှိုက်ခွန်ကျပ် ၅၇ သိန်းနှင့် အညစ်
အကြေးခွန်အတွက် ငွေကျပ် ၁၀ သိန်း ပေးဆောင်ရပြီး စည်ပင်သာယာအဖွဲ့မှ အမှိုက်
သိမ်းကားများ ထားရှိရန်နေရာ ၊ အမှိုက်သိမ်းဝန်ထမ်းများနေထိုင်ရန်နေရာနှင့် စွန့် ပစ်အမှိုက်များ
ချောက်အတွင်းချရန် ကား တစ်စီးတို့ကို ပံ့ပိုးကူညီထားသည်။

" အခုနှစ်အတွက် စာချုပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဆီကိုတင်ပြထားပြီးပါပြီ။
တစ်နှစ်လုံးအတွက် သိန်းခုနစ် ဆယ်ပဲ စည်ပင်သာယာက ရတယ်။ ကုမ္ပဏီ ကို အမှိုက်ခွန်
အတွက် အနည်းဆုံး ကျပ် ၁,၀၀၀ ကနေ အများဆုံးကျပ် ၁၀, ၀၀၀ထိပဲ ကောက်ခံဖို့
သဘောတူထားပါတယ်။ ကျွန်တော်တို့ စည်ပင်သာယာက ကောက်တဲ့နှုန်းထားထက်
အဆလေးဆယ်လောက် ပိုကောက်ခွင့်ပြုထားတယ်။ နောက်ထပ် ဘဏ္ဍာနှစ်တွေအတွက်က
သူ့ကိုပဲပေးမလား၊ တင်ဒါခေါ်မလား ဆိုတာကတော့ အစိုးရအဖွဲ့ဆီကိုတင်ထားတဲ့
စာချုပ်ပြန်လာမှပဲ ဆုံးဖြတ်ရမှာပါ"ဟု ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိနှင့် ဒုတိယညွှန်ကြား ရေးမှူးဖြစ်သူ ဦးသန်းဝင်းက မြန်မာတိုင်း(မ်)ကို
စက်တင်ဘာ ၁၁ ရက်က ပြောကြားခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း