သုံးစွဲရန်ခွင့်မပြုသည့် ဓာတုဆိုးဆေးပါဝင်သော စားသောက်ကုန်ရောင်းချမှုများ ဆိုင်ခန်းပိတ်သိမ်းသည်အထိ အရေးယူမည်

အစားအသောက်အတွက် သုံးစွဲရန် ခွင့်မပြုသည့်ဓာတုဆေးဝါးများ ပါဝင်သည့် စားသောက်ကုန်များ
ရောင်းချသည့်ဆိုင်များကို အောက်တိုဘာလက နောက်ဆုံအကြိမ် သတိပေးခဲ့ပြီးအရေးယူမှုများ
လုပ်ဆောင်သွားတော့မည်ဖြစ်သည်။

မန္တလေးဈေးချိုရှိ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့် ရောင်းချသည့်ဆိုင်များမှ စားသောက်ကုန်ပစ္စည်းများကို တာဝန်ရှိသူများက နမူနာကောက်ယူနေသည်ကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)မန္တလေးဈေးချိုရှိ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့် ရောင်းချသည့်ဆိုင်များမှ စားသောက်ကုန်ပစ္စည်းများကို တာဝန်ရှိသူများက နမူနာကောက်ယူနေသည်ကို တွေ့ရစဉ်။ စည်သူလွင်/ မြန်မာတိုင်း(မ်)

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) ဌာနခွဲ (FDA) နှင့် မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီဈေးနှင့် သားသတ်ဌာနတို့ ပူးပေါင်းကာဘေးအန္တရာယ်ကင်းရှင်းသော
အစား အသောက်များ ပြည်သူများ စားသောက်နိုင်ရေးအတွက် ဆိုးဆေးပါဝင်သော
စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များ၏ ကုန်ပစ္စည်းများကို နောက်ဆုံးအကြိမ် စစ်ဆေးခဲ့ရာတွင်
အစားအသောက်အတွက် သုံးစွဲရန်ခွင့်မပြုဓာတုဆေးဝါးများ ပါဝင်သည့်အတွက်အဆိုပါဆိုင်များကို
အောက်တိုဘာ ၂၇ ရက်ကထပ်မံခေါ်ယူ သတိပေးပြီး ဆိုင်ပိတ်သိမ်းသည်ထိ အရေးယူသွားမည်
ဖြစ်ကြောင်း ဈေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

''FDA ဌာနနဲ့ ပူးပေါင်းပြီး နောက်ဆုံးအကြိမ် ဆိုးဆေးအသုံးပြု ရောင်းချတဲ့ ဆိုင်၁ဝဝ ကို စစ်ဆေးတဲ့
အခါမှာ ဆိုင် ၂ဝ လောက်က သုံးစွဲရန်မသင့်တဲ့ ဓာတ်ဆိုးဆေးတွေ ပါလာတာ တွေ့ရတယ်။
ပါလာတဲ့အတွက် သီးသန့်ခေါ်ယူ တွေ့ဆုံပြီး သတိပေးခဲ့လိုက်ပြီ။ နောက်ထပ် စစ်ဆေးတဲ့အခါမှာ
ထပ်ပြီးတွေ့နေဦးမယ်ဆိုရင်တော့ ယာယီ ဆိုင်ပိတ်သိမ်းမယ်။ ဒါမှမဟုတ် ထပ်ပြီး တွေ့နေရသေးရင်
အကြိမ်ရေများလာရင် ဆိုင်ခန်းကိုကော်မတီပိုင် သိမ်းသွားမယ်။ အရေးယူမှာကတော့ စည်ပင်သာယာရေး
ဥပဒေနဲ့အညီအရေးယူသွားမှာပါ။ ခေါ်ယူတွေ့ဆုံတဲ့အခါ ခွင့်မပြုဆိုးဆေးပါတဲ့ စားသောက်ကုန်ပစ္စည်း
ရောင်းဆိုင်တွေအပြင် ဆိုးဆေး အရောင်းဆိုင်တွေကိုလည်း ခေါ်ပြီးအသိပေးတယ်။ ရောင်းချတဲ့
ဆိုးဆေးမှာ ပါဝင်တာတွေကို တိတိကျကျနဲ့ ဖော်ပြပေးဖို့ ပြောတယ်'' ဟုမန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ ဈေးဌာန၊ ဌာနစုမှူး ဦးဇေယျာငြိမ်းက မြန်မာတိုင်း(မ်) ကို
ယခုလ ၁ ရက်က ပြောသည်။

သုံးစွဲရန်မသင့်သည့် ဓာတုဆိုးဆေးများပါဝင်မှုမှာ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်နှင့်မျှစ်
စားသောက်ကုန်တို့တွင် အများဆုံး တွေ့ရှိနေရကြောင်း အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေး
ဦးစီးဌာန (မန္တလေး) ဌာနခွဲ FDA စာရင်းများအရ သိရသည်။

''ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်က ခွင့်မပြုဆိုးဆေးပါဝင်တဲ့ စားသောက်ကုန်ရောင်းတဲ့ဆိုင်တွေကို
ပိတ်သိမ်းသည်ထိ အရေးယူဖို့ ညွှန်ကြားထားပေမဲ့ အခုချိန်ထိတော့ ပိတ်သိမ်းသည်ထိ
အရေးယူထားတဲ့ဆိုင် မရှိသေးပါဘူး။ အခုအထိ သတိပေးပြီးတာနဲ့ ဆက်စစ်လို့တွေ့ရင်တော့
သေချာပေါက်ကို အရေးယူပါပြီ။ အများဆုံး ခွင့်မပြု ဓာတုဆိုးဆေး တွေ့ခဲ့ရတာကတော့ မျှစ်၊
ငရုတ်သီးမှုန့်ကတော့ အများဆုံးပါပဲ။ လက်ဖက်နဲ့ ငါးပိနဲ့က မရှိသလောက်ကို ဖြစ်နေပါပြီ''ဟု
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေး) ဌာနခွဲ (FDA) ဒုတိယ
ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က မြန်မာတိုင်း(မ်) ကို ယခုလ ၁ ရက်က
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း