ပြင်ဦးလွင် ပန်းပွဲတော်တွင် ပန်းပင်ပေါင်း ၁၇၃,၀၀၀ ကျော် အသုံးပြု အလှဆင်မည်

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လာရောက်လည်ပတ်နေသူ အချို့ကို တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း လာရောက်လည်ပတ်နေသူ အချို့ကို တွေ့ရစဉ်။ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် (၁၁) ကြိမ် မြောက်
ပန်းပွဲတော်တွင် ပန်းပင်ပေါင်း ၁၇၃,၀၀၀ ကျော် အသုံးပြု အလှဆင် သွားမည်ဖြစ်ကြောင်း
ဥယျာဉ်စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောသည်။

ပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက် အထိ ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံခြား ပန်းမျိုးများကိုလည်း
မှာယူ အလှဆင်သွားမည်ဟု ပြောသည်။

"ပန်းအရောင်ကွဲ ၉၇ ရောင်၊ ပန်းမျိုး ၂၅ မျိုးနဲ့ အလှဆင်သွားမှာပါ။ ပန်းတွေကို သုံးပြီး အရုပ်
၁၀ ရုပ်ကို ရုပ်လုံးရုပ်ကြွ ဖန်တီး သွားပါမယ်"ဟု ဦးဝေမျိုးအောင်က ယခုလ ၂၁ ရက်တွင် ပြောသည်။

ပွဲတော်တွင် ဥယျာဉ်ဝင်ကြေးကို ပုံမှန် နှုန်းထားအတိုင်း တစ်ဦးလျှင် ကျပ် ၁,၀၀၀ သတ်မှတ်
သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် တွင် ရော့ခ်ဂီတပွဲတော်၊ ဒီဇင်ဘာ ၂၅ ရက် တွင်
ဟစ်ပ်ဟော့ဂီတပွဲတော်တို့ ထည့်သွင်း ထားကာ နာမည်ကျော် အဆိုတော်များ ပါဝင်
ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြောသည်။

"ပြင်ဦးလွင်က အခုအချိန် တော်တော် လေး လှနေပြီ။ ဥယျာဉ်ထဲမှာ မနက်ခင်းအလှကို
ကြည့်ချင်သူတွေအတွက် အခု မနက် ၆ နာရီကနေ ၈ နာရီအတွင်း အခမဲ့ ၀င်ရောက်
လမ်းလျှောက်ခွင့် ပေးထားပါတယ်" ဟု ဦးဝေမျိုးအောင်က ပြောသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်း ဥယျာဉ်သို့ ဧည့်သည် သုံးသိန်းကျော် လာရောက်ခဲ့ပြီး
လက်ရှိတွင် ဥယျာဉ်အကျယ် အ၀န်းမှာ ဧကပေါင်း ၄၃၀ ကျော်ရှိပြီး မြေဧက ၃၆၀ ကျော်နှင့်
ရေဧရိယာ ၇၀ ဧက ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း