တံခွန်တိုင် နွားဘေးမဲ့ရုံတွင် နွားစာအလှူရှင်များ လိုအပ်နေ

တံခွန်တိုင် နွားဘေးမဲ့ရုံရှိ နွားများ အစာစားနေစဉ်။ လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)တံခွန်တိုင် နွားဘေးမဲ့ရုံရှိ နွားများ အစာစားနေစဉ်။ လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈေးတန်းရပ်၊ တံခွန်တိုင်နွားဘေးမဲ့ရုံရှိ 
နွားများအတွက် နွားစာအလှူရှင်များလိုအပ်နေကြောင်း နွားထိန်းသိမ်းစောင့်ရှောက်ရေး 
တာဝန်ခံဖြစ်သူ ဦးဗဟာဒူးက မေ ၁၅ ရက်က ပြောသည်။

''နွားစာအလှူရှင်တွေ လိုအပ်နေပါတယ်။ အလှူရှင်တွေကိုလည်း လာရောက်ကျွေးမွေးဖို့
ဖိတ်ခေါ်ပါတယ်။ အလှူရှင်တွေလာရောက်ကျွေးမွေးတာလည်း အရမ်းနည်းပါးပါတယ်''ဟု
၎င်းက ပြောသည်။

တံခွန်တိုင် နွားဘေးမဲ့ရုံတွင် နွားအကောင်ရေ များပြားလာခြင်း၊ နွားစာဈေးနှုန်းများ
မြင့်တက်လာခြင်းကြောင့် နွားစာအတွက် အလှူရှင်များ လိုအပ်နေပြီးလက်ရှိတွင်လည်း
နွားအကောင်ရေ ၁ဝဝ ကျော်ရှိကာ နွားများကိုတစ်နေ့လျှင်သုံးကြိမ်ကျွေးမွေးလေ့ရှိကြောင်း
ဦးဗဟာဒူးက ပြောသည်။

''တစ်နေ့ကို သုံးကြိမ်ကျွေးပါတယ်။ နွားစာတွေဖြစ်တဲ့ နှမ်းဖတ်၊ ပဲခွံ၊ ပဲနှစ်၊ ကောက်ရိုး
တွေကိုရောပြီး ကျွေးမွေးပါတယ်။ နွားစာစရိတ်တွေက များပြားလာတဲ့အတွက် ဘေးမဲ့ရုံကို
လာရောက်လှူဒါန်းတဲ့ နွားတွေကိုလည်း ထပ်ပြီး လက်မခံနိုင်ဘူး ဖြစ်နေပါတယ်''ဟု
၎င်းက ပြောသည်။

နွားစာအတွက် တစ်နေ့ ကုန်ကျစရိတ် ကျပ် ၁၃ဝ,ဝဝဝ ခန့် ကုန်ကျလျက်ရှိကြောင်း၊
တစ်နှစ်လျှင် နွားစာကုန်ကျစရိတ်အားလုံးပေါင်းသည် စုစုပေါင်း ကျပ်သိန်း ၃၅ဝ ကျော်
ကုန်ကျကြောင်း ဦးဗဟာဒူးက ပြောသည်။

''နွားစာအကုန်လုံးကို တစ်နှစ်စာဝယ်ပြီး လှောင်ထားပါတယ်။ ကောက်ရိုးတစ်မျိုးတည်းကို
တစ်နှစ်စာအတွက် ကုန်ကျစရိတ်က ကျပ်သိန်း ၁၅ဝ ကျော်ပါတယ်။ တစ်နှစ်ထက်တစ်နှစ်
လည်း နွားစာဈေးတွေက တက်လာပါတယ်။ အဲဒီအတွက်အလှူရှင်တွေ လိုအပ်နေပါ
တယ်'' ဟု ၄င်းကပြောသည်။

တံခွန်တိုင် နွားဘေးမဲ့ရုံရှိ နွားများကို လာရောက် လှူဒါန်းကျွေးမွေးလိုလျှင် တစ်ရက်၊
သုံးနပ်စာအတွက် ကျပ် ၁၃ဝ,ဝဝဝ လှူဒါန်းနိုင်ကြောင်း၊ တစ်နပ်စာအတွက်လည်း လှူဒါန်း
နိုင်ကြောင်း ဦးဗဟာဒူးက ဆိုသည်။

''နွားဘေးမဲ့ရုံကို လာရောက်လှူဒါန်းတာအရမ်းနည်းပါးပါတယ်။ နွားတွေအတွက် စားကျက်
မြေတွေလည်း အရမ်းနည်းပါးလာလို့ပါ'' ဟု ၄င်းက ပြောသည်။

နွားဘေးမဲ့ရုံရှိ နွားများကို ခြောက်လတစ်ကြိမ် ကာကွယ်ဆေးများ ထိုးပေးလေ့ရှိကြောင်း၊
နှစ်စဉ် ဒီဇင်ဘာလတွင် နွားဘေးမဲ့ပွဲတော်လည်း ကျင်းပကြောင်း ဦးဗဟာဒူးကပြောသည်။

တံခွန်တိုင်နွားဘေးမဲ့ရုံသည် ၁၅ ဧကခန့်ကျယ်ပြီး ၁၉၂ဝ ပြည့်နှစ်က နွားအကောင်အရေ
၂ဝ ဖြင့်စတင်ခဲ့သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း