ကွမ်းရွက်ဈေးနှုန်း တစ်နှစ်ပတ်လုံး ကောင်းနိုင်

 ရွှေကူတဲစုရွာရှိ ကွမ်းရွက်ခြံတစ်ခြံတွင် ကွမ်းရွက်များ ခူးနေသည်ကို ယခုလ ၅ ရက်က တွေ့ရစဉ်။ လှိုင်ကျော်စိုး/ မြန်မာတိုင်း(မ်)ရွှေကူတဲစုရွာရှိ ကွမ်းရွက်ခြံတစ်ခြံတွင် ကွမ်းရွက်များ ခူးနေသည်ကို ယခုလ ၅ ရက်က တွေ့ရစဉ်။ လှိုင်ကျော်စိုး/ မြန်မာတိုင်း(မ်)

ယခုနှစ်တွင် ကွမ်းရွက်ဈေးနှုန်း တစ်နှစ်ပတ်လုံး ကောင်းနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊
ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာမှ ကွမ်းရွက်စိုက်တောင်သူများက ယခုလ ၅ ရက်က ပြောသည်။

ယခုနှစ် ကွမ်းရွက်ဈေးသည် ယခင်နှစ်များထက် ဈေးနှုန်းရရှိပြီး တစ်ပိဿာလျှင်ကျပ် ၁,ဝဝဝ အောက်
လျှော့နည်းသွားခြင်းမရှိသဖြင့် ယခုနှစ်သည် ကွမ်းရွက်စိုက်တောင်သူများအနေဖြင့်
တွက်ခြေကိုက်ကြောင်း တောင်သူတစ်ဦးဖြစ်သူ ဒေါ်ယဉ်လှိုင်က ပြောသည်။

''အရင်နှစ်တွေက ကွမ်းရွက်တစ်ပိဿာဆိုရင် ကျပ် ၂ဝဝ တို့၊ ကျပ် ၅ဝဝ အထိ ဖြစ်ခဲ့ပါတယ်။
အခုနှစ်တော့ တစ်ပိဿာကို ကျပ်၁,ဝဝဝ အောက်အထိ လျှော့နည်းသွားတာမရှိပါဘူး။ ကျန်တဲ့လတွေက
လည်း ဈေးတက်မယ့်အချိန်တွေပဲ ဖြစ်တော့ အခုနှစ်ကတောင်သူတွေ တွက်ခြေကိုက်တယ် ပြောလို့ရ
ပါတယ်''ဟု ၄င်းက ပြောသည်။

လာမည့် စက်တင်ဘာ၊ အောက်တိုဘာ၊နိုဝင်ဘာလ၊ ဒီဇင်ဘာလများသည် ကွမ်းရွက်အထွက်နှုန်း
နည်းပြီး ဈေးနှုန်းရမည့်လများသာဖြစ်ကြောင်း ဒေါ်ယဉ်လှိုင်က ပြောသည်။

''ကျန်နေတဲ့လတွေက ဈေးကောင်းရမယ့်လတွေဆိုတော့ အခုနှစ် ကွမ်းရွက်စိုက် တောင်သူတွေ
တွက်ခြေကိုက်တဲ့နှစ်ပါပဲ။ အခုရက်ပိုင်းတောင် ကွမ်းရွက်တွေကပိုးထိတော့ ဈေးနည်းရတာပါ။
ပိုးမထိရင် ဒီထက်ဈေးပိုရနိုင်ပါတယ်'' ဟု ၄င်းက ပြောသည်။

ကွမ်းဈေးနှုန်းများသည် တစ်ပိဿာလျှင် ကျပ် ၁,ဝဝဝ မှ သြဂုတ် ၂ ရက်က စတင်ပြီး တစ်ပိဿာလျှင်
ကျပ် ၂,၅ဝဝ အထိ ဈေးတက်လာကြောင်း၊ ဈေးကွက်အနေအထားအရ နောက်ထပ်လည်း ဈေးနှုန်းများ
တက်နိုင်ကြောင်း တောင်သူတစ်ဦးဖြစ်သူ ဒေါ်လတ်က ပြောသည်။

''ဈေးတက်ဖို့ပဲ ရှိတော့တာပါ။ ကျန်တဲ့လတွေကလည်း ကွမ်းရွက်အထွက်နှုန်း နည်းမှာဆိုတော့
ဈေးကောင်းရဖို့ သေချာနေပါပြီ။ အခုနှစ်က တောင်သူတွေ ပျော်ရတဲ့နှစ်ပေါ့။ အရင်ကဈေးကလည်း
မရတဲ့အပြင် မိုးသီးကျတာတွေလည်းဖြစ်တော့ တောင်သူတွေ အရှုံးပေါ်သွားတယ်'' ဟု ၄င်းက
ပြောသည်။

ကွမ်းရွက်ဈေးကောင်းလျှင် တစ်ပိဿာကို ကျပ် ၁ဝ,ဝဝဝ ကျော်အထိ ရရှိပြီး ဈေးမကောင်းလျှင်
တစ်ပိဿာကို ကျပ် ၂ဝဝ အထိ ရရှိကြောင်း ဒေါ်လတ်က ပြောသည်။

''ကွမ်းရွက်က တစ်ပတ်ကို တစ်ကြိမ်နှုန်းပဲခူးရတာပါ။ အခုတော့ ဈေးကောင်းရတော့တောင်သူတွေ
ပျော်တာပေါ့။ ကွမ်းရွက်အပင်၎ဝဝ လောက်ဆိုရင် အရင်းအနှီးက ကျပ်ငါးသိန်းကနေ
ခြောက်သိန်းလောက်တော့ရင်းနှီးရပါတယ်။ တစ်လကို သုံးကြိမ်လောက်တော့ ပိုက်ဆံပြန်ပြီး
ဝင်ပါတယ်'' ဟု ၄င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာတွင် အိမ်ခြေ ၄ဝဝ ခန့် ရှိပြီး ကွမ်းရွက်စိုက်
တောင်သူ အယောက် ၃ဝဝ ခန့်ရှိကြောင်း ၄င်းတို့က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း