ရာသီတုပ်ကွေးနှင့် ကြက်သားစားသုံးမှု မသက်ဆိုင်သော်လည်း စားသုံးမှုနှုန်း ၂ဝ ရာခိုင်နှုန်းခန့်အထိ ကျဆင်း

 

မန္တလေးမြို့ ၇၁ လမ်းပေါ်ရှိ ညနေခင်းယာယီဈေးတွင် ရောင်းချနေသော ကြက်သားသည်တစ်ဦးကို တွေ့ရစဉ်။ ဖြိုးဝေကျော်/ မြန်မာတိုင်း(မ်)မန္တလေးမြို့ ၇၁ လမ်းပေါ်ရှိ ညနေခင်းယာယီဈေးတွင် ရောင်းချနေသော ကြက်သားသည်တစ်ဦးကို တွေ့ရစဉ်။ ဖြိုးဝေကျော်/ မြန်မာတိုင်း(မ်)

ရာသီတုပ်ကွေးရောဂါ H1N1 နှင့် ကြက်ဥ၊ ကြက်သားစားသုံးမှု သက်ဆိုင်ခြင်းမရှိသော်လည်း
မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သားစားသုံးမှုနှုန်းမှာ ၂ဝ ရာခိုင်နှုန်းခန့်အထိ ကျဆင်း
ကာ ကြက်ခြံလုပ်ငန်းရှင်များ အထိနာနေကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါက်တာ ကျော်ထင်က'ရာသီ တုပ်ကွေးရောဂါမှာ ကြက်ဥကြက်သားစားသုံးမှုနှင့် သက်ဆိုင်ခြင်း
မရှိကြောင်း' ဆွေးနွေးဟောပြောပွဲတွင်ပြောသည်။

နိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုကို အတည်ပြုပြီးနောက် မကြာမီတွင် ထားဝယ်၌ H5N1
ဖြစ်ပွားခဲ့ကြောင်း၊ လူထုအနေဖြင့် နားလည်မှု လွဲမှားကာ H1N1 နှင့်လည်း ဆက်စပ်မှုရှိသကဲ့သို့
ထင်မြင်ပြီး ကြက်ဥကြက်သား စားသုံးမှုနှုန်းပါ များစွာ ကျဆင်းသွားခဲ့ကြောင်း ဒေါက်တာကျော်ထင်က
ပြောသည်။

''အဓိကက H1N1 ဖြစ်ပွားမှုနဲ့ ကြက်ဥ ကြက်သားစားသုံးမှု ရောထွေးသွားတဲ့အတွက်
စားသုံးမှုကျပြီးဈေးနှုန်းတွေ ကျသွားရတယ်။ ကြက်ဥရော၊ ကြက်သားရောစားသုံးမှုက ၂ဝ
ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားပါတယ်။ ဒီထက်လျော့ကျရင် မွေးမြူရေးသမားတွေ ခံရတော့မယ်'' ဟု
ဒေါက်တာကျော်ထင်က ယခုလ ၇ ရက်တွင်ပြောသည်။

မန္တလေးတိုင်းအတွင်း ကြက်အကောင်ရေ သိန်း ၃ဝ ခန့်မွေးမြူထားပြီး တစ်ရက်လျှင် ကြက်ဥအလုံးရေ
သိန်း ၂ဝ၊ ကြက်သား ပိဿချိန် ၈ဝ,ဝဝဝ မှ တစ်သိန်းခန့်အထိ ထွက်ရှိနေကြောင်း၊
ကြက်ငှက်တုပ်ကွေးအတွက် ပြည်တွင်းထက် နယ်စပ်မှ တရားမဝင်တင်သွင်းသော အေးခဲကြက်သားများကို
အဓိကတားဆီးရန် လိုအပ်ကြောင်း ပြောသည်။

''ဒီအချိန်က ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဖို့၊ကိုယ်ခံစွမ်းအားမြင့်ဖို့ လိုအပ်တဲ့အချိန်ပါ။
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ၊ ကြက်သားစားရမယ့်အချိန်ပါ။ ရာသီတုပ်ကွေးရောဂါတင်မကပါဘူး။
ကျန်းမာရေးကို မြှင့်တင်ဖို့၊ ကိုယ်ခံအားကို ပြန်လည်ထူထောင်ဖို့ အချိန်တွေမှာ
ပရိုတင်းဓာတ်ကြွယ်ဝပြီး စိတ်ချရတဲ့ ဓာတ်တွေနဲ့ ကိုယ်ခံစွမ်းအားကို တည်ဆောက်ရပါမယ်'' ဟု
တိုင်းရင်းဆေးတက္ကသိုလ် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာအောင်မြင့်က ပြောသည်။

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားချိန်မှ စတင်၍ကြက်ဥ ကြက်သား စားသုံးမှုနှင့် ဈေးနှုန်းမှာ
တဖြည်းဖြည်းကျဆင်းလာရာ ကြက်ဥ တစ်ပိဿာလျှင် ကျပ် ၂,၅၅ဝ မှအနိမ့်ဆုံး ကျပ် ၁,ဝ၅ဝ အထိ
ကျဆင်းခဲ့ကြောင်း၊ ကြက်သားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃,၅ဝဝ မှ အနိမ့်ဆုံး ကျပ်၂,၁ဝဝ သို့
ကျဆင်းခဲ့ကြောင်း ကြည်ပြာမွေးမြူရေးလုပ်ငန်းမှ ဒေါ်ချောစုမြတ်က ပြောသည်။

''အခုတော့ ကြက်ဥက တစ်ပိဿာကို ကျပ် ၂,ဝ၅ဝ၊ကြက်သားက ကျပ် ၂,၆ဝဝ ကိုတော့ ပြန်တက်လာ
တယ်။ လူတွေလည်း ကြက်ဥ ကြက်သားက ရာသီတုပ်ကွေးနဲ့မဆိုင်ပဲ စားလို့ ရတယ်ဆိုတာ
ပြန်သိလာကြတယ်လို့ထင်တယ်။ ဒါပေမဲ့ အခုဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေက အလုပ်သမားစရိတ်မပြောနဲ့၊
ကြက်အစာဖိုးတောင် မရပါဘူး။ကိုယ်အလုပ်လုပ်လို့ရတဲ့ အနေအထားမျိုးတော့ ပြန်ရောက်ချင်ပါတယ်။
အခုက H1N1 နောက်မှာ H1N1 ဖြစ်လာတော့ အကုန်ရောထွေး စိုးရိမ်ကုန်ကြတယ်လို့ထင်တယ်။
ကျွန်မတို့ခြံရှင်တွေက ဖောက်သည်ကိုအပ်ရတာအပြင် လက်ဆောင်ပေးသင့်တာပေး၊ လှူသင့်တာလှူပြီး
ပေါပေါစားရအောင် ဝေသင့်တာဝေပါတယ်။ တကယ်လုပ်နေတဲ့ ကိုယ်တွေက ဘာမှ မဖြစ်ဘူးလေ၊
ကိုယ်တွေဖြစ်ရင်လည်း ဒီကြက်ဥကြက်သားတွေ ဖျက်ဆီးပစ်မှာပါ'' ဟု ဒေါ်ချောစုမြတ်က
ယခုလ ၇ ရက်တွင် ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း