မီးသင်္ဂြိုဟ်စက်နှင့် သန့်ရှင်းရေးလုပ်ငန်းသုံးပစ္စည်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူ

၂ဝ၁၇ ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနအတွက်
လိုအပ်နေသည့် မီးသင်္ဂြိုဟ်စက်တစ်လုံး အပါအဝင် အမှိုက်သိမ်းဆည်းရာတွင် လိုအပ်နေသည့်
အမှိုက်သိမ်းဆည်းသံကန်နှင့် အမှိုက်သိမ်း ပလတ်စတစ် အမှိုက်ပုံးများအတွက် ယခုလ ၁ ရက်မှ
စတင်ကာ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ကြောင်း သန့်ရှင်းရေးဌာနမှ သိရသည်။

အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများ၌ အသုံးပြုနေသည့် အလျား (၁ဝ ပေ၊ ၆ လက်မ) အနံ (၆ ပေ )
အမြင့် (၃ ပေ၊ ၉ လက်မ) အပေါ်အဖုံးမပါ အရွယ်အစား အမှိုက်သိမ်းဆည်း သံကန်၊ ၆၆ဝ လီတာဆံ့
ဘီးလေးဘီးပါ နှင့် ၂၄ဝ လီတာဆံ့ ဘီးနှစ်ဘီးပါ ပလတ်စတစ်အမှိုက်ပုံး၊ နာရေးကိစ္စများ အသုံးပြုရန်
မီးသင်္ဂြိုဟ်စက် အသစ်တစ်လုံးတို့အတွက်အိတ်ဖွင့်တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ၄င်းဌာန
တာဝန်ကျ အရာရှိတစ်ဦးက ဆိုသည်။

''တင်ဒါအတွက် ကြမ်းခင်းဈေး သတ်မှတ်ချက်တော့ မရှိပါဘူး။ တင်သွင်းချင်တဲ့သူတွေရဲ့
ပစ္စည်းအရည်အသွေးနဲ့ ဈေးနှုန်းတွေကို ချိန်ဆပြီး လုပ်ဆောင်သွားမှာပါ။ ဌာနက သတ်မှတ်ထားတဲ့
အရည်အသွေးပြည့်မီရမယ်။ ဈေးနှုန်းချိုသာရမယ်။ အမှိုက်သိမ်းဆည်းဖို့အတွက် ပစ္စည်းတွေအတွက်
လည်း ထိုနည်းတူပါပဲ'' ဟု သန့်ရှင်းရေးဌာန၊ ဌာနစုမှူး ဒေါ်ဝင်းမင်းသန်းက မြန်မာတိုင်း(မ်) ကို
ပြောသည်။

အိတ်ဖွင့်တင်ဒါ လျှောက်လွှာများကို အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ဈေးအပေါ်ထပ်ရှိ
သန့်ရှင်းရေးဌာန ရုံးခန်းတွင်ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး သြဂုတ် ၁၁ရက်၊ မွန်းလွဲ ၂ နာရီ
နောက်ဆုံးတင်သွင်းရမည်ဖြစ်ကာ သြဂုတ် ၁၄ ရက်တွင် အိတ်ဖွင့်တင်ဒါ လုပ်ငန်းများကို
ဆောင်ရွက်မည်။

တင်ဒါခေါ်ယူခဲ့သည့် မီးသင်္ဂြိုဟ်စက်မှာ အေးရိပ်ငြိမ်သုသာန်တွင် အသုံးပြုရန်အတွက်ဖြစ်ပြီး
လက်ရှိအသုံးပြုနေသည့် မီးသင်္ဂြိုဟ်စက်များမှာ အေးရိပ်ငြိမ်သုသာန်တွင် သုံးလုံး၊ တောင်အင်း
မြောက်အင်းသုသာန်တွင် မီးသင်္ဂြိုဟ်စက်လေးလုံးတို့ကိုအသုံးပြုနေသည်။

 

 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း