ဧရာဝတီမြစ်အတွင်း စိုက်ပျိုးရေး ဆေးများ အသုံးပြုကာ ပုစွန်တုပ်ဖမ်းဆီးလျက်ရှိ

ဧရာဝတီမြစ်အတွင်း စိုက်ပျိုးရေးဆေး များသုံးကာ ပုစွန်ထုပ်ဖမ်းဆီးမှုများ ရှိနေကြောင်း ဧရာဝတီ
မြစ်ဝှမ်း တစ်လျှောက် လူမှုဘ၀၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးတို့ ကို ရပ်ရွာအခြေပြု
သုတေသနပြုလုပ် နေသည့် စိမ်းရောင်စိုအဖွဲ့ (Green Activities) မှ အတွင်းရေးမှူး ဦးမောင်မောင်
ဦးက ပြောသည်။

"ပုစွန်ထုပ်ဖမ်းတဲ့သူတွေက ဂျပန်က လာတဲ့ အပင်အတွက် သုံးတဲ့ဆေးကို ပုစွန်ခိုအောင်းနိုင်မယ့် နေရာတွေမှာ ဖြူးပြီးစောင့်ကြတယ်။ ဆေးက ရေနဲ့ဓာတ်ပြုပြီး ပျော်ဝင်သွား
တဲ့အခါမှာ ရေအောက်မှာရှိတဲ့ ပုစွန်ထုပ်ကြီး တွေက ကုန်းပေါ်ကို ပြေးတက်လာကြ တယ်။
အဲဒီအချိန်ကျမှ တောင်းနဲ့ လိုက်ကောက်ရုံပါပဲ"ဟု ဦးမောင်မောင် ဦးက ပြောသည်။

ယင်းသို့ဖမ်းဆီးမှုကို ရေနံချောင်းမြို့နယ် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် တွေ့ရပြီး စက်လှေဖြင့်
အုပ်စုဖွဲ့ ကာ ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးရမိ သည့် ပုစွန်ထုပ်များမှာလည်း မျက်လုံး များဘေး
ကို ကားထွက်ကာ တိမ်အုပ် သလို အဖြူရောင်ဖြစ်နေကြောင်း ရေနံချောင်းမြို့နယ် ညောင်ပင်သာ
ရွာမှ ဦးစိုးတင့်က ပြောသည်။

"အဲဒီဆေးက ပုစွန်တင်မကဘူး အနီးမှာရှိတဲ့ ငါးတွေကိုလည်း ထိ တယ်။ ငါးတွေလည်း မနေနိုင်
တဲ့အတွက် ကုန်းပေါ်ကို ခုန်တက်လာကြတယ်။ ပုစွန်ထုပ်ဖမ်းတဲ့သူတွေက ငါးတွေမယူတဲ့အတွက်
အနီးအနားက ကလေးတွေ လိုက်ကောက်တာ တောင်း အပြည့်ရတယ်"ဟု ၎င်းကပြောသည်။

ဧရာဝတီမြစ်အတွင်း စိုက်ပျိုးရေးသုံးဆေးများချကာ ပုစွန်ဖမ်းခြင်းအပြင် အဆိပ်ပုလင်းသုံး၍
ငါးဖမ်းခြင်း များလည်းရှိကြောင်း သိရသည်။

"ရှိမ်းမကားဘက်မှာ အဆိပ်ပုလင်း ချပြီး ငါးဖမ်းတဲ့နည်းကို တွေ့ရ တယ်။ အဆိပ်ပုလင်းကို ရေထဲ
ကြိုးချည် ချထားရုံနဲ့ ရေပေါ်ကို ငါးတွေတက်လာတယ်။ အရန်သင့်လိုက်ကောက်ရုံပဲ။ ဒီနည်းမှာ
လည်း ငါးတွေရဲ့ မျက်လုံး တွေမှာ သွေးထွက်နေတာတွေ့ရတယ်"ဟု ဦးမောင်မောင်ဦးက
ပြောသည်။

ဧရာဝတီမြစ်အတွင်း အဆိပ်ချငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက်ဖမ်းဆီးခြင်း နှင့် ငါးကောင်ရေ
ပိုမိုရရှိအောင်ဖမ်းဆီးခြင်းတို့သည် အလုပ်အကိုင် အခွင့်အလမ်းနှင့် လူတစ်ဦးချင်းဝင်ငွေနည်းပါးခြင်း
တို့နှင့် သက်ဆိုင်သည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။

"ဧရာဝတီမြစ်အထက်ပိုင်းမှာ မြေသိမ်းယာသိမ်းတွေကြောင့် စိုက်ပျိုးမြေရှားလာတော့ မြစ်ထဲ
ဆင်းပြီး ငါးဖမ်းတယ်။ ငါးဖမ်းပိုက် သုံးပြီး လှေတစ်စီးနဲ့ဖမ်းမယ်ဆိုရင် တစ်နေကုန်မှ ငါးက
တစ်ပိဿာ၊ နှစ်ပိဿာ လောက်ပဲရတယ်။ ငါး တစ်ပိဿာမှ သုံးထောင်ဝန်းကျင် လောက်ပဲရတာ
ဆိုတော့ တွက်ခြေ ကိုက်မယ့် နည်းလမ်းတွေကို သုံးလာ ကြတယ်"ဟု ဦးမောင်မောင်ဦးက
ပြောသည်။

ယခုအခါ ဧရာဝတီမြစ်အတွင်းမှ ငါးဖမ်းဆီးရရှိမှုသည်လျော့ကျလာပြီး နည်းမျိုးစုံသုံး၍ဖမ်းဆီးခြင်း
များကို ထိထိရောက်ရောက်မတားဆီးနိုင်ပါက ဧရာဝတီမြစ်၏ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်
ကွယ်သွားနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း