ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

မန္တလေးမြို့မှာ နေထိုင်သူတွေ တခြားအရပ် ဒေသသို့ ရောက်ရှိတဲ့အခါ သတိရစဉ်းစား မိတတ်တဲ့ ဒေသအစားအစာတစ်ခုရှိပါ တယ်။ မန္တလေးနဲ့ ခွဲခြားလို့မရအောင် မြို့သူ၊ မြို့သားတွေရဲ့ စိတ်ထဲမှာ အမြဲတမ်းရှိတတ် တဲ့ အစားအသောက်ကတော့ နန်းကြီးမုန့်တီ သုပ်ဖြစ်ပါတယ်။ မုန့်တီသုပ်ဆိုရာမှာ မန္တလေးမြို့ရဲ့ ရိုးရာယဉ်ကျေးမှုအစားအစာ တစ်ခုဖြစ်ပြီး မန္တလေးနဲ့ နန်းကြီးသုပ်ကို ခွဲခြားလို့ မရနိုင်ပါဘူးလို့ ဆိုလာသူကတော့ စိုးစိုးမုန့်တီသုပ်လုပ်ငန်းပိုင်ရှင် မနှင်းယုဆွေ (ခ) မခိုင် ဖြစ်ပါတယ်။

သူ့ကို ၁၉၇၁ ဧပြီလမှာ ကုန်သည်ပွဲစားဖြစ်ကြတဲ့ ဦးညွန့်ဆွေနဲ့ ဒေါ်စိုးစိုးတို့က မွေးဖွား ခဲ့ပြီး မွေးချင်းနှစ်ယောက်အနက် သူက အငယ်ဖြစ်ပါတယ်။ အငယ်ဆုံးများမှာ ပါဝင်လေ့ရှိတဲ့အမူအကျင့်တစ်ခုအဖြစ် မိမိထက်အကြီးတွေအပေါ် ဆိုးတတ်သည့်အကျင့်လည်း သူ့မှာပါတယ်လို့ သူကပြောပါတယ်။ သူငယ်စဉ်ကစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ချင်ခဲ့တဲ့အတွက် အခုလက်ရှိအချိန်မှာ သူ့လုပ်ငန်းဟာ အိပ်မက်နဲ့ ထပ်တူကျနေတဲ့အတွက် မိမိဘ၀ကို အမြဲတမ်းကျေနပ်နှစ်သက်နေသူတစ်ဦးဖြစ်ပါတယ်။

မန္တလေးမြို့ရဲ့အထင်ကရ အထက်တန်းကျောင်းတွေထဲမှာ တစ်ကျောင်းအပါအ၀င် ဖြစ်တဲ့ အ.ထ.က (၈) ကျောင်းမှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ မန္တလေးတက္ကသိုလ်ကနေ သမိုင်းမေဂျာနဲ့ ဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာအိမ်ထောင် ကျခဲ့ပြီး သူ့မိဘတွေရဲ့ လုပ်ငန်းဖြစ်တဲ့ စိုးစိုးမုန့်တီလုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့ပြီး ကနေ့ အချိန်မှာ မန္တလေးမြို့နေထိုင်သူတွေကြားမှာ အခိုင်အမာရပ်တည်နိုင်တဲ့ လုပ်ငန်းအဖြစ် ရောက်အောင် လုပ်ကိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ "စိန်ခေါ်မှုဆိုတာကတော့ စီးပွားရေးလုပ်နေတဲ့အချိန်မှာမှ မဟုတ်ပါဘူး။ အရာရာတိုင်း မှာ ရှိတတ်ပါတယ်။ ကျွန်မအိမ်ထောင်ကျပြီး မိဘလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်တဲ့အချိန် မှာဆိုရင် အခက်အခဲတော်တော်များများနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ဒါတွေကို သင်ခန်းစာယူပြီး ဘယ်လိုအောင်မြင်အောင် လုပ်ကိုင်ရမယ်ဆိုတာကို တွေးတောခဲ့ပါတယ်။ ကျွန်မတို့ စိုးစိုးမုန့်တီလုပ်ငန်းကို မန္တလေးမြို့မှာလူသိများပြီး အောင်မြင်တယ်ဆိုပေမယ့် ကျွန်မအနေနဲ့ကတော့ ဒီထက်မက အောင်မြင်အောင် လုပ်ကိုင်ချင်ပါသေးတယ်။ မုန့်တီဆို တာကလည်း မန္တလေးမြို့ရဲ့ ရိုးရာယဉ်ကျေးမှု အစားအစာတစ်ခုဖြစ်နေတဲ့အတွက် ဒီလုပ်ငန်း လုပ်ကိုင်နေရတာကို ကျွန်မ အရမ်းဂုဏ်ယူမိပါတယ်" လို့ မခိုင်က သူ့ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြောလာပါတယ်။

သူက ပြောင်းလဲနေတဲ့ စီးပွားရေးဈေးကွက်ကိုလည်း ခေတ်ကာလအလိုက် အမြဲတမ်း လေ့လာလိုက်စားတတ်သူတစ်ဦးဖြစ်ပြီး လုပ်ငန်းတစ်ခုလုပ်ကိုင်မယ်ဆိုရင် စနစ်တကျ လေ့လာပြီး ရဲရဲဝံ့ဝံ့လုပ်ကိုင်တတ်သူတစ်ဦးဖြစ်ပါတယ်။ မိမိလုပ်ငန်းကို ရေရှည်မှာ အများ နည်းတူ ရပ်တည်နိုင်ဖို့ဆိုရင် ဘယ်သူမဆို လုပ်ငန်းသဘောအရမဟုတ်ဘဲ ကိုယ်ဘက်က စေတနာ၊ မေတ္တာထား လုပ်ကိုင်ရင် စေတနာအကျိုးပေးလာနိုင်တတ်တယ်လို့ ဗုဒ္ဓအဆုံးအမ အတိုင်း ခံယူထားတတ်သူလည်းဖြစ်ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်တဲ့ စိုးစိုးမုန့်တီလုပ်ငန်းဟာ ဒေသခံများ ရဲ့ နံနက်ခင်း အစားအစာတစ်ခုအဖြစ် အခိုင်အမာရပ်တည်လာနိုင်ပြီးဖြစ်ပေမယ့်လည်း အောင်မြင်မှုကို အခုလောက်နဲ့ ကျေနပ်နေမယ့်သူမျိုးမဟုတ်ဘဲ အနယ်နယ်အရပ်ရပ်မှာ စိုးစိုးမုန့်တီလုပ်ငန်းကို တိုးမြှင့်လုပ်ကိုင်ချင်တယ်လို့ သူကပြောပါတယ်။ မန္တလေးမြို့နဲ့ပတ်သက်ပြီး အရင်မန္တလေးရဲ့ နန်းဆန်မူတွေ၊ ယဉ်ကျေးမှုတွေက သူ့ရဲ့ ရင်ထဲမှာ ပုံရိပ်တချို့အသွင်သာကျန်ရှိနေပြီး ခေတ်ကာလအရတိုးတက်လာမှုတွေနဲ့အတူ မန္တလေးရဲ့ပုံရိပ်တချို့လည်း ၀မ်းနည်းစရာကောင်းလှစွာ ကွယ်ပျောက်ကုန်ပြီလို့ သူက ငယ်ဘ၀မန္တလေးပုံရိပ်တွေကို လွမ်းဆွေးစွာပြန်ပြောပြပါတယ်။

ရိုးသားမူကို အမြဲဂုဏ်ယူနေ တတ်ကြတဲ့ မန္တလေးသူ၊ မန္တလေးသားတွေအနေနဲ့ အကြောင်းအရာတစ်ခုခုကို အစွဲအလမ်း ထားတတ်ကြပြီး တစ်ဦးနဲ့တစ်ဦး ကူညီတတ်ပုံတွေကို သူ့အနေနဲ့ သတိရမိကြောင်း သူက ဆိုပါတယ်။ "မန္တလေးမြို့မှာက ဒေသခံမန္တလေးသူ၊ မန္တလေးသားစစ်စစ်ဆိုတာက ရှားပါးလာပြီ။ နောက်ပြီး မြို့ကလည်း ကျွန်မတို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ဘူး။ သင်္ကြန်တွင်း ကာလတွေဆိုရင် ကျွန်မတို့ငယ်တုန်းကနဲ့ မတူတော့ပါဘူး။ ဒါပေမဲ့ သူများကို ကူညီတတ် တဲ့ အကျင့်လေးတွေကတော့ မန္တလေးမြို့သူ၊ မြို့သားတွေရင်ထဲမှာ အမြဲတမ်းရှိနေတတ် ပါတယ်" လို့ သူကပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း