ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

မန္တလေးမြို့ရဲ့ ၃၉ လမ်းနဲ့ လမ်း ၈၀ နေရာတစ်ဝိုက်ဟာ ဆိုင်းသံဗုံသံတွေ၊ သီချင်းသံတွေနဲ
့ဆူညံနေတတ်ပြီး ဇာတ် သဘင်အဖွဲ့တွေ အများဆုံးအခြေချ တဲ့ အရပ်ဖြစ်ပါတယ်။

အဲဒီ ၃၉ လမ်းပေါ်မှာ နှုတ်ခမ်းမွေးလူရွှင်တော် အဖွဲ့လို့ လူသိများတဲ့အဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့
လူရွှင်တော်လူဇော် နေထိုင်ပါတယ်။ လူရွှင်တော်အဖွဲ့ဆိုပေမယ့် သူတို့ ဖျော်ဖြေရေးအဖွဲ့ဟာ
တခြားအငြိမ့်တွေရဲ့ ဖျော်ဖြေတဲ့ ပုံစံနဲ့ ကွဲထွက်နေတာကို တွေ့ကြရ မှာပါ။ အကြောင်းက
အရင်အစိုးရလက်ထက်မှာ အပြင်မှာဖျော်ဖြေခွင့်မရခဲ့တဲ့ သူတို့အဖွဲ့ ဟာ အိမ်တွင်းမှာပဲ
လာသမျှဧည့်သည်ကို ဖျော်ဖြေရပြီး၊ အဓိပ္ပာယ်ပါပါနဲ့ ရယ်ရလွန်းတဲ့ ပြက်လုံးတွေဟာ
နိုင်ငံရေးနောက်ခံ ပြက်လုံးတွေ ဖြစ်နေခြင်းပါပဲ။

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်အတွင်းမှာ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း မှာ
အငြိမ့်ကပြဖျော်ဖြေခဲ့ပြီးတဲ့နောက် သူတို့အဖွဲ့က လူဇော်နဲ့အတူ သူအစ်ကိုလို ချစ်ခင် ရတဲ့
ပါပါလေးတို့ အဖမ်းခံရပြီး ထောင်နှစ်ရှည်အချခံရပါတယ်။ စင်အောက်က ကြည့်သူ တွေကို
အတိုင်အဖောက်ညီညီနဲ့ တ၀ါးဝါးတဟားဟားဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ သူတို့ နှစ်ယောက်
ဟာ မြစ်ကြီးနားကနေ ၂၇ မိုင်ဝေးတဲ့ ကျိန်ခရမ်ခ ကျောက်ထုစခန်းကို အတူတကွ အပို့ခံရပါတယ်။

ဒီလိုထောင် မကျခင်ကတည်းက ပါပါလေးတို့ အုပ်စုဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့
ခဏခဏ ခေါ်ကြိမ်းခြင်းကို ခံရပါတယ်။ "ပါပါလေးတို့မိသားစု ၁၉၇၀ လောက်မှာ မန္တလေးကို
ရွှေဘိုကနေ မိသားစုလိုက် ပြောင်းလာချိန်မှာ ကျွန်တော်တစ်ပါတည်းလိုက်လာခဲ့တာ။
မန္တလေးရောက်ချိန်မှာ ဒီမှာက ရွှေဘိုတင်မောင်က နာမည်ကြီးပါ။ ကျွန်တော်တို့တစ်တွေ
ရွှေဘိုတင်မောင်ရဲ့ နောက်ကျောက မီးဖိုချောင်မှာ အိမ်ငှားနေခဲ့တယ်" လို့ အခုအသက် ၆၃
နှစ်ရှိတဲ့ လူဇော်က ပြောပါတယ်။

နောက်ပိုင်းမှာ နိုင်ငံတကာက ဧည့်သည်တွေကြား လူသိများခဲ့တဲ့ သူတို့ဟာ ရပ်ကွက်တွေ
ထဲမှာ တီဗီတစ်လုံးတွေ့ရဖို့ဆိုတာ အတော်ရှားတဲ့အချိန်၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲတွေလောက်သာ
ပျော်ကြရတဲ့အချိန်မှာ မန္တလေးကို ရောက်လာခဲ့ကြတာပါ။ "မအောင်မြင်ခင်၊ မပြည့်စုံခင်မှာ
လုပ်စားကိုင်စားရတာ ပျော်တယ်။ အခု ဆီလေး၊ ဆန်လေး ပြည့်စုံလာတော့ သိပ်မပျော်သလိုပဲ။
မိုးလွတ်ရေလွတ်ပေမယ့်၊ ဧည့်သည်တွေ လာတာများပေမယ့် မပျော်ဘူးဖြစ်နေတယ်" လို့
လူဇော်က ပြောပါတယ်။

အခုအခါ မီးမှန်၊ ရေမှန်နေတော့ ပြက်လုံးပြက်လို့မရဘူးလို့လည်း သူကခပ်ရွှင်ရွှင်ပြော
ပါသေးတယ်။ပြက်လုံးခွင်ရှာရာ၊ ကပြရာမှာ လူဇော်နဲ့အတွဲညီခဲ့တဲ့ ဆရာရင်းဖြစ်သူ
ပါပါလေးကတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကုန်ပိုင်းမှာ ဆုံးပါးသွားခဲ့ပါပြီ။ ဒါပေမဲ့ အဖွဲ့ကိုတော့
ကျန်ခဲ့တဲ့လူမော်နဲ့ လူဇော်တို့က အောင်မြင်စွာ ဆက်လက်ဦးဆောင်ဆဲပါပဲ။

"ဘ၀မှာ အမှတ်တရကတော့ဗျာ၊ ဆရာဆုံးပါးသွားတာကိုပဲ နှမြောတယ်။ ကျွန်တော်
လေးစားတဲ့သူမျိုးကတော့ မှန်တာကို ဘက်မလိုက်ဘဲ ပြောရဲတဲ့သူတွေပါ"လို့ လူဇော်က
ပြောပါတယ်။ သူမျှော်လင့်တာထဲမှာ ကျန်းမာရေးအပြင် ကျောင်းပညာရေးကို မူလတန်းကနေ
အထက်တန်းအထိ နိုင်ငံတော်က အခမဲ့ပေးလာစေချင်တာလို့ ဆိုပါတယ်။ "မန္တလေးမှာ
လျှပ်စစ်မီးကိုလည်း ဒီလိုလေး မှန်နေစေချင်တယ်ဗျာ၊ ကိုယ့်အတွက် ပြက်လုံးလျော့
သွားတာ အကြောင်းမဟုတ်ပါဘူး" လို့လည်း ပြောပါသေးတယ်။ မန္တလေးရဲ့ အထင်ကရဖြစ်တဲ့
ကျုံးနဲ့ပတ်လည်နဲ့ ပတ်သက်ပြီး သူဆက်ပြောတာက "ကျုံးဘေးမှာ ဘယ်လူမျိုးဖြစ်ဖြစ်
မြင်ချင်ပါတယ်။ ဒါပေမဲ့ ပေါင်ဖြူဖြူတွေချည်းဖြစ်နေလို့ ကျုပ်တို့ မြန်မာတွေလည်း
လမ်းလျှောက်ကြပါဦး"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း