ခင်မင်ရပါသော မန္တလေးသူ မန္တလေးသားများ

မန္တလေးမြို့ အထင်ကရ အသင်းအဖွဲ့တွေရဲ့ လူမှုရေးပွဲလမ်း တော်တော်များများမှာ တွေ့တွေ့နေရတဲ့
အပြုံးချိုချိုနဲ့ ဒေါ်ခင် လေးမြင့်ကို အဖွဲ့အစည်းတော်တော် များများမှာ တက်တက်ကြွကြွနဲ့ ရှေ့ဆုံးက
ပါဝင်လျက်ရှိသူတစ်ယောက်အဖြစ်လူတိုင်းသတိထားမိကြမှာပါ။ဒါ့အပြင်သူက မေလမှာကျင်းပမယ့်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲမှာချမ်းအေးသာစံမြို့နယ်မှာပါဝင်
ယှဉ်ပြိုင်မယ့်တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်လောင်းလည်း ဖြစ်ပါတယ်။

သူက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် ပြည်သူ့အမြင်နဲ့ ဆောင်ရွက်သွားမယ်လို
့ ပြောပါတယ်၊ ဌာနဆိုင်ရာနဲ့ ပြည်သူကြား တစ်သားတည်း ညှိနှိုင်းဆောင်ရွက်နိုင်မယ့် သူ
လိုမယ်လို့ ယူဆတဲ့အကြောင်းလည်း ပြောပါတယ်။ ချမ်းအေးသာစံမြို့နယ် အတွင်းက ရေရရှိမှု
အခက်အခဲတွေ၊ မြို့တွင်းဧရိယာ စစ်စစ်ဖြစ်တဲ့အတွက် လမ်း ပိတ်ဆို့မှုအခက်အခဲတွေကို
ပြည်သူဆီက ရတဲ့အသံတွေနဲ့ ဖြေရှင်းပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒေါ်ခင်လေးမြင့်
ဟာ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်မှာလည်း စာရင်းစစ်ဖြစ်တဲ့အပြင်
မန္တလေးက အမ်အာရ်စီစီအိုင်မှာလည်း ဘဏ္ဍာရေးနှင့် စာရင်းစစ်၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ
လုပ်ငန်းရှင်များအသင်းမှာ နာယက၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ (မန္တလေး)မှာ
ဒုဥက္ကဋ္ဌအနေနဲ့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသူတစ်ဦး ဖြစ်ပါတယ်။

သူ့ကို အဖ ဦးခင်မောင်မြင့်၊ အမိဒေါ်ခင်ခင်ဦးကနေ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ
မွေးခဲ့ပြီး ဈေးချို ရွှေဆိုင်တန်းမှာ မျိုးဆက်ခြောက်ဆက်တိတိ ဆောင်ရွက်ခဲ့တဲ့ ဈေးချိုသူအစစ်၊
မန္တလေးသူ မန္တလေးသားအစစ်တစ်ဦးဖြစ်ပါတယ်။ ဒေါ်ခင်လေးမြင့် အမျိုးသားကိုယ်တိုင်က
ဈေးချိုအေရုံမှာ ဆေးရောင်းသူတစ်ဦးပါ။

ငယ်စဉ်က ကျောင်းဆရာမ အဖြစ် ဆောင်ရွက်ဖို့ စိတ်ကူးယဉ်ခဲ့ပေမယ့်လည်း ၁၉၈၃ ခုနှစ်မှာ
ဈေးချိုရွှေဆိုင်တန်းမှာ ဆိုင်ထွက်ဖြစ်တဲ့ အစ်မဖြစ်သူ အိမ်ထောင်ကျပြီးတဲ့နောက် မိခင်ဖြစ်
သူရဲ့ တောင်းဆိုမှုကြောင့် မျိုးရိုးကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ဈေးချိုရွှေဆိုင်တန်းက
ရွှေဆိုင်ကို လက်လွှဲ ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ အဲဒီရွှေဆိုင်တန်းက ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါး
နေတတ်တဲ့ ဒေါ်ခင်လေးမြင့် အပါ အ၀င် အမျိုးသမီးအဖွဲ့လေးတွေဟာ အတူဆောင်ရွက်ဖြစ်ခဲ့ရာ
က ယခုလက်ရှိ အဖွဲ့ အစည်း တော်တော်များများထဲ ပါဝင်ဖြစ်စေခဲ့တာပါ။

"သူငယ်ချင်းလေးရဲ့ သမီးက မင်္ဂလာဆောင်တယ်၊ အမေတို့ခေတ်က ဈေးချိုသူဆိုပြီး ၀တ်သလိုမျိုး
ဆင်တူဝတ်ရအောင်ဆိုပြီး အဲဒီလို ၀တ်တယ်၊ သူငယ်ချင်း ၁၆ ယောက် လောက်ရှိတယ်၊
ကိုယ့်အဖွဲ့ကိုယ် M 16 ဆိုပြီး နာမည်ပေးလိုက်ကြသေးတယ်။ ဧည်ခံပေးတဲ့ အဖွဲ့ပေါ့လေ။
ဧည့်ခံတာလည်း ကိုယ်ကလည်း ၀ါသနာပါတယ်။ မဟုတ်လည်း ဧည့်ခံတာက ကိုယ်တွေစီးပွားရေး
သမားတွေရဲ့အလုပ်ပဲလေ။ စီးပွားရေးနဲ့ လူမှုရေးဆိုတာကလည်း အမြဲတမ်း ဆက်စပ်နေကြတယ်
ဆိုတော့လေ။ တစ်ယောက်ပြီး တစ်ယောက်က ဧည့်ခံပေးပါဦးနဲ့ သီးသန့်အဖွဲ့လေးဖြစ်လာခဲ့တာ"
လို့ သူက ပြောပါတယ်။

အဲဒီနောက်မှာမှ အသင်းအဖွဲ့လေး ရှိလာရင် မိန်းကလေးတွေကို တစ်ဖက်သား တော်ရုံမစော်ကားရဲတော့
ဘူးလို့ သုံးသပ်ခဲ့ပြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဆိုပြီး တည်ထောင်ဖြစ်ခဲ့တယ်လို့
ဆိုပါတယ်။ နိုဗိုတယ်မှာ ကျင်းပတဲ့ မန္တလေးကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက သူငယ်ချင်းတွေအကူအညီနဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်မှာ ဈေးရောင်းဖြစ်ခဲ့သလို ဆီဒိုးနား
မှာလည်း လက်ဝတ်ရတနာ ပြပွဲတွေ ဦးစီးဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ဂျာနယ်တစ်စောင်မှ ဖော်ပြ
ခံရပြီးတဲ့နောက် လက်ရှိ မန္တလေးမှာလည်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
ရဲ့ အသင်းခွဲရှိတာကြောင့် ညှိနှိုင်းပြီး ကျောက်မျက်နှင့်လက်ဝတ်ရတနာလုပ်ငန်းရှင်များ အသင်းဆိုပြီး
နာမည်ပြောင်းဖွဲ့စည်းခဲ့ရပါတယ်။

"လေးတန်းကနေ ဖိုင်နယ်အထိက ကိုယ်ကလည်း ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါးလည်း နေတတ်၊
စည်းစည်းလုံးလုံး လည်း နေတတ်ဆိုတော့ အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင်
တောက်လျှောက် လုပ်ဖြစ်ပေမယ့် အိမ်ထောင်ကျပြီးကတည်းက ဘယ်လုပ်ငန်းမှ မလုပ်တော့
ဘူး။ ဆိုင်ထွက်ဈေးရောင်း၊ ကလေးတွေကို ထူးချွန်အောင်လုပ်မယ်။ အဲဒီစိတ် ပဲ ရှိခဲ့တာပါ။
ဒါပေမဲ့ ၂၀၀၄ ခုနှစ်မှာ ရင်သားကင်ဆာ ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဘာလုပ်သွားနိုင်သေး
လဲဆိုပြီးတော့ တွေးမိလာတယ်၊ သေမလား၊ ရှင်မလား မသေချာတဲ့အချိန်၊ ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းကို ဘယ်လိုမြှင့်တင်အောင်လုပ်မလဲ၊ နောက်ပိုင်း လှုပ်ရှားနေတာတွေ အကုန်လုံးက
အဲဒီအသိ ရည်ရွယ်ချက်တွေ အများကြီးပါပါတယ်။ အသိုင်းအ၀ိုင်းမှာ လိုအပ်နေသမျှ
အကူအညီအားလုံးပေးတယ်၊ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးချင်တယ်၊ လုပ်ကြည့်ချင်တယ်"
လို့ ဒေါ်ခင်လေးမြင့်က ဆိုပါတယ်။

အသင်းအဖွဲ့မှာတော့ စည်းရုံးမှုက အရေးကြီးဆုံးပဲလို့ သူ့အမြင်ကို ပြောပြီး အမျိုးသမီး ဖြစ်တဲ့
အတွက် အသစ်တစ်ခုလုပ်တိုင်း ဦးဆောင်ဖောက်ထွက်ခဲ့ရတယ်လို့လည်း ဆိုပါ တယ်။
သူ အဖွဲ့အစည်းတွေ စတင် ဆောင်ရွက်ချိန် ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်လောက်က အသင်း
အဖွဲ့ထွက်လာဖို့ တော်တော်လေး ခဲယဉ်းခဲ့တယ်လို့ သူ့အတွေ့အကြုံကိုပြောပါတယ်၊ အဖွဲ့အစည်း
တစ်ခုလုပ်ပြီဆိုရင် တစ်ဖက်သားကလည်း ကိုယ့်ကို စေတနာထား ဆောင်ရွက် ပေးချင်အောင်
လုပ်ဆောင်ရသလို ကိုယ်ကလည်း ညှိနှိုင်းဆောင်ရွက်တတ်ဖို့လိုတယ်လို့ ဆိုပါတယ်။
ကော်မတီဝင် သက်တမ်းတိုပေမယ့်လည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင် ဆောင်ရွက်နိုင်ကြောင်း
ပြသချင်တဲ့အတွက်ကြောင့် အခုလို ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ တာဖြစ်တဲ့အကြောင်း ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - မန္တလေး

အကြည့်အများဆုံး - မန္တလေးနှင့် အထက်မြန်မာပြည်သတင်း