Yangon Water Bus ပြေးဆွဲရာတွင် ရေယာဉ်များ အရည်အသွေး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီမှသာ ပြေးဆွဲခွင့်ပြုမည်

ဓာတ်ပုံ - MOI Webportal Myanmarဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် Yangon Water
Bus ပြေးဆွဲရာတွင် ရေယာဉ်များ၏ အရည်အသွေးကို စစ်ဆေးမှုများ ပြုလုပ်၍ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီမှသာ ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု
နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ပြောကြားချက်ကို ကိုးကားကာ ပြန်ကြားရေး
ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၃ ရက်က ဖော်ပြထားသည်။

ရေလမ်းခရီးသွားလာမည့် ခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးသည့်အနေဖြင့်
မိမိအစီအစဉ်နှင့် ဆောက်လုပ်သော သင်္ဘောဖြစ်စေ၊ နိုင်ငံခြားမှ တင်သွင်းလာသော သင်္ဘောဖြစ်စေ
လက်ခံနိုင်သော အရည်အသွေးနှင့် မပြည့်စုံပါက လက်ခံမည် မဟုတ်ကြောင်း၊ ပြေးဆွဲမည့် သင်္ဘော
များ ရောက်ရှိလာပါက သတ်မှတ် စံချိန်စံညွှန်းနှင့် ညီ၊ မညီ စစ်ဆေးသွားမည် ဖြစ်ပြီး စံချိန်စံညွှန်း မမီ
ပါက ပြေးဆွဲခွင့်ပြုမည် မဟုတ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်
ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

Yangon Water Bus ပြေးဆွဲမှုကို ဇွန်လ တတိယပတ်တွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး
စတင်ပြေးဆွဲရာတွင် လှိုင်မြစ်ကြောင်းကို အသုံးပြု၍ အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျကြိုးတံတား
အနီးမှ စတင်ကာ ဗိုလ်တထောင်မြို့နယ်အထိ Jetty ရှစ်ခု သတ်မှတ်ထားရှိကာ ရေယာဉ် အစင်းရေ
၁၆ စင်းဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း၊ Yangon Water Bus ပြေးဆွဲရာတွင် အသုံးပြု မည့် ရေ
ယာဉ်များကို ဩစတြေးလျ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် တည်ဆောက်လျက် ရှိပြီး ကုမ္ပဏီအနေဖြင့်
ကျပ် ၂၀ ဘီလီယံမှ ၃၇ ဘီလီယံကြား ရင်းနှီးမြှုပ်နှံထားကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ CEO ဒေါ်
တင့်တင့်လွင်က ပြောကြားခဲ့သည်။

Yangon Water Bus ပြေးဆွဲရာတွင် မြစ်ကြောင်း အမျိုးအစား မတူညီသောကြောင့် ရေယာဉ် အမျိုး
အစား ၄ မျိုးဖြင့် ပြေးဆွဲသွားမည် ဖြစ်ပြီး ရေယာဉ်တစ်စင်းလျှင် လူဦးရေ ၆၀၊ ၈၀၊ ၁၈၀၊ ၂၀၀ စသည်
ဖြင့် အသီးသီး စီးနင်းနိုင်မည် ဖြစ်သည်။ ခရီးစဉ်အလိုက် ကျသင့်ငွေအဖြစ် ခရီးစဉ်တိုအတွက် ငွေကျပ်
၃၀၀၊ ခရီးစဉ် စ/ဆုံး ငွေကျပ် ၅၀၀ သတ်မှတ်သွားမည့်အပြင် ရေယာဉ်ထွက်ခွာမည့် အချိန်ကို LED ဆိုင်းဘုတ်များဖြင့် ကြေညာပေးထားမည် ဖြစ်ကြောင်း၊ မိနစ် ၂၀ လျှင် ရေယာဉ်တစ်စင်းနှုန်း ထွက်ခွာ
ပေးသွားမည် ဖြစ်ပြီး အဆိုပါလမ်းကြောင်းတွင် ခရီးစဉ် အစ၊ အဆုံး တစ်နာရီခွဲခန့် ကြာမြင့်မည် ဖြစ်
ကြောင်း သိရသည်။

ရေယာဉ်ထွက်ခွာချိန်များကို နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ သတ်မှတ်ထားပြီး ခရီးသွားပြည်သူများ
၏ အာမခံအတွက် KBZ အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက်မည် ဖြစ်သည့်အပြင် Yangon
Water Bus ပြေးဆွဲခြင်းနှင့် ပတ်သက်၍ Facebook နှင့် Website များတွင် အသိပေး ကြေညာ
သွားမည် ဖြစ်ကြောင်း၊ ခရီးစဉ်ပြေးဆွဲရာတွင် ဟန်ဂေရီနိုင်ငံတွင် အသုံးပြုနေသည့် စနစ်ဖြစ်သော
CCTV and  GPS Monitoring System ကို အသုံးပြုသွားမည် ဖြစ်ပြီး အဆိုပါစနစ်မှာ အာရှနိုင်ငံ
များတွင် အသုံးပြုခြင်း မရှိသေးသည့် စနစ်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ ဆိုသည်။

ယခုအခါ ရန်ကုန်မြစ်(လှိုင်မြစ်)နှင့် ငမိုးရိပ်ချောင်းကို အသုံးပြု၍ Water Bus ပြေးဆွဲနိုင်ရန် Jetty
များ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသော်လည်း ငမိုးရိပ်ချောင်းမှာ တံတားစင်းရေ များပြားသည့်အပြင် သောင်ထွန်းပြီး ရေနည်းပါးသောကြောင့် အဆိုပါ အချက်များနှင့် ကိုက်ညီသည့်
ရေယာဉ်များကို မြန်မာနိုင်ငံအတွင်း တည်ဆောက်သွားမည်ဟု ဆိုသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - ပြည်တွင်းသတင်း