ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ၁၂ သင်းသာ ဝင်ရောက်ယှဉ်ပြိုင်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးဘော်လီဘောအသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေကြစဉ်။ ဓာတ်ပုံ - Suppliedကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသမီးဘော်လီဘောအသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားနေကြစဉ်။ ဓာတ်ပုံ - Supplied

နေပြည်တော်တွင် စတင်ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲတွင်
ဝန်ကြီးဌာနအသင်း ၁၂ သင်းသာဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ဟု ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ လူထုပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက
စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။

''ဒီနှစ်အတွက် ကျင်းပတဲ့ ဘော်လီဘောပြိုင်ပွဲမှာ ဝန်ကြီးဌာနအသင်း ၁၂ သင်းပဲဝင်ရောက်
ယှဉ်ပြိုင်ပါတယ်။ ကျန်တဲ့ ဝန်ကြီးဌာနတွေကတော့ ဌာနတွေ ပြန်ဖွဲ့စည်းနေတာနဲ့ ကစားသမား
စုစည်းမှုအပိုင်းမှာ အဆင်သင့် မဖြစ်သေးလို့ ဝင်မပြိုင်တာလို့ သိရပါတယ်'' ဟု ၄င်းက ပြောသည်။

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်က စတင်ကျင်းပခဲ့ခြင်း
ဖြစ်ပြီး ပြိုင်ပွဲတွင် ကျန်းမာရေးနှင့် အားကစား၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်း၊မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး၊ နယ်စပ်ရေးရာ၊ ကာကွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၊ ပြည်ထဲရေး၊ ပညာရေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး
စသည့် ဝန်ကြီးဌာနအသင်းများ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။

အမျိုးသမီးအသင်းတွင်မူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၊ ကျန်းမာရေးနှင့် အားကစား၊
ပညာရေး၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ငါးခုသာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

''တစ်မျိုးသားလုံး ကြံ့ခိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့နဲ့ ဝန်ထမ်းတွေစိတ်ပင်ပန်းမှုတွေ
ပြေပျောက်စေသလိုတာဝန်တွေကိုလည်း တက်တက်ကြွကြွ၊စည်းစည်းလုံးလုံး
ထမ်းဆောင်နိုင်စေဖို့အဓိကရည်ရွယ်ပါတယ်''ဟု ပြိုင်ပွဲကျင်းပရေးနှင့် ပတ်သက်ပြီး
ဦးကြည်စိုးလင်းက ပြောသည်။

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိ
အားကစားရုံတွင် ပြုလုပ်ခဲ့ပြီး အမျိုးသမီးဘော်လီဘောအသင်းများ ဖြစ်ကြသည့် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေး
ဝန်ကြီးဌာနက အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲ၏ စည်းကမ်းသတ်မှတ်ချက်အရ မြန်မာ့လက်ရွေးစင်တွင် ပါဝင်သူများ ဝင်ရောက်ကစားခွင့်
မရှိဘဲ ဝန်ထမ်းများသာလျှင် ကစားခွင့်ရှိသည်။ နေ့စဉ် နံနက် ၈ နာရီတွင် စတင်ကျင်းပမည့်
ဘော်လီဘောပွဲစဉ်များအားလုံးကို ဝါသနာရှင် မည်သူမဆို အခမဲ့ကြည့်ရှုနိုင်ပြီး ဗိုလ်လုပွဲကို
စက်တင်ဘာ ၁၉ ရက်၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း