နေပြည်တော်တွင် စပါးပေါက်ဈေးကျပြီး ဝယ်သူမရှိဖြစ်နေ

နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ယခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေနေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ယခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် စပါးပေါက်ဈေး ကျဆင်းလာပြီး ဝယ်လိုအားလည်း
နည်းကာ ဈေးကွက်ပျက်လုနီးပါး ဖြစ်နေကြောင်း ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များက
ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စပါး(မနောသုခမျိုး)တင်းတစ်ရာလျှင် ကျပ်ရှစ်သိန်းခွဲ
ဝန်းကျင်အထိ အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့သော်လည်း စက်တင်ဘာနှောင်းပိုင်းမှစ၍
ပြန်လည်ကျဆင်းလာပြီး လက်ရှိတွင်ကျပ်ခြောက်သိန်းဝန်းကျင်အထိ ပြန်လည်ရောက်ရှိနေကြောင်း
ပျဉ်းမနားမြို့ ဆန်စက်လုပ်ငန်းရှင်ဦးနေစိုးက ပြောသည်။

''အခုပြန်ကျလာတယ်။ သိရသလောက်တော့ ခြောက်သိန်းလောက်အထိ ပြန်ဆင်းလာတယ်''ဟု
၎င်းက ပြောသည်။ ထို့ပြင် ကောက်သစ်စပါးသည် တင်းတစ်ရာလျှင်ကျပ်လေးသိန်းခန့်သာ
ရှိနေသည်ဟု သိရသည်။

စပါးဈေးများ ကျဆင်းလာသကဲ့သို့ ရောင်းလိုအားသာရှိပြီး ဝယ်လိုအားနည်းကာ ဈေးကွက်ပျက်လု
အခြေအနေထိရောက်ရှိနေကြောင်းလည်း တောင်သူများက ဆိုသည်။ ဒေသခံ တောင်သူများထဲတွင်
မိုးစပါးစောစောစိုက်ပျိုးသော တောင်သူအချို့ စပါးရိတ်သိမ်းပြီး သီးနှံထွက်ပေါ်လာသော်လည်း
ဝယ်မည့်သူမရှိဖြစ်နေသည်။

''တချို့တော့ စပေါ်(စပါး)နေပြီ။ ဒါပေမဲ့ ဝယ်မယ့် ပွဲစားမရှိဘူး''ဟု လယ်ဝေးမြို့နယ်၊ အေးချမ်းသာ
ကျေးရွာနေ တောင်သူဦးမျိုးဝင်းက ပြောသည်။

ယမန်နှစ် မိုးစပါးပေါ်ချိန်ကတည်းက ဝယ်လှောင်ထားခဲ့သော လှောင်လက်များသည်လည်း
စပါးဈေးပြန်ကျလာသောကြောင့် အခက်တွေ့လျက်ရှိသည်။ ''အခုဈေးကွက်ပေါက်ဈေးက
ခြောက်သိန်းလောက်ဆိုတော့ တွက်ခြေ မကိုက်ဘူးဗျ။ ပိုဆိုးတာက ဒီဈေးနဲ့ထုတ်မယ်ဆိုရင်တောင်
ဝယ်မယ့်ပွဲစားက အရင်လို လိုလိုလားလားမရှိဘူး'' ဟု ပျဉ်းမနားမြို့က စပါးလှောင်လက်တစ်ဦးဖြစ်သူ
ဦးမျိုးလင်းအောင်က ပြောသည်။

ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာနေ တောင်သူဦးဘကြီးကမူ စပါးဈေးအပြင် အခြားသီးနှံများပါ
ဈေးကျနေသောကြောင့်တောင်သူများ အခက်တွေ့နေရကြောင်း ပြောသည်။ ''စပါးတစ်မျိုးတည်း
မဟုတ်ဘူးဗျ။ကျန်တဲ့ပဲမျိုးစုံရော၊ ပြောင်းပါဈေးကျနေတော့ တောင်သူတွေလည်း စိတ်ပျက်နေပြီ''ဟု
၎င်းက ပြောကြားသည်။

ယာသီးနှံစိုက်တောင်သူများ အားထားရသည့် အစေ့ထုတ်ပြောင်း ဈေးနှုန်းသည်ပြီးခဲ့သည့်
စက်တင်ဘာနှောင်းပိုင်းကတစ်တင်းလျှင် ကျပ် ၄,၆ဝဝ သာရှိခဲ့ပြီးရက်ပိုင်းအတွင်း
ကျပ် ၅,၂ဝဝ အထိပြန်လည်မြင့်တက်လာခဲ့သော်လည်း လက်ရှိတွင် ဈေးပြန်လည်
ကျဆင်းလျက်ရှိသည်။

လက်ရှိတွင် စပါးဈေးများပျက်နေသောကြောင့် တောင်သူများသည် စိုးရိမ်စိတ် ဝင်လျက်ရှိသည်။
စပါးအသစ်ပေါ်ချိန်တွင် တင်း ၁ဝဝ လျှင် ကျပ်ငါးသိန်းနှုန်းမမီပါက တောင်သူများမှာ စိုက်ပျိုး
စရိတ်မကာမိဘဲ အရှုံးနှင့်ကြုံတွေ့ရနိုင်သည်။

''စပါး တစ်ဧကကို မျိုးဖိုးရယ်၊ ထွန်ယက်ခရယ်၊ ရိတ်သိမ်းခရယ်၊ ကျန်တဲ့လုပ်အားခတွေရယ်
တွက်ရင် အနည်းဆုံးတော့ နှစ်သိန်း၊ နှစ်သိန်းခွဲလောက်ကုန်တယ်။တစ်ဧကကို ထွက်တာက
တင်း ၆ဝ၊ ၇ဝဝန်းကျင်ပဲ။ ၅ဝ လောက်ပဲ ထွက်တဲ့ တောင်သူလည်း ရှိတယ်။ အဲဒီတော့
စပါးပေါ်တဲ့အချိန်မှာ အနည်းဆုံးငါးသိန်းဈေးမှ မမီရင်အိတ်စိုက်ပဲ''ဟု တောင်သူ ဦးစံဝင်းက
ပြောသည်။

စပါးဈေးကွက်သည် တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုအပေါ်တွင် မှီခိုနေရသောကြောင့်
တရုတ်နိုင်ငံကသာ ဆန်ဝယ်ယူခြင်းကို ဆက်လက်ပိတ်ထားပါက လာမည့်မိုးစပါးပေါ်ချိန်
ဒီဇင်ဘာတွင် ယခုပေါက်ဈေးအောက်သို့ ရောက်ရှိနိုင်သည်ဟု ဦးနေစိုးက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း