နေပြည်တော်တွင် မိုးစပါး ဝယ်လက်မရှိဖြစ်နေ

မိုးစပါးများ စတင်ရိပ်သိမ်းနေပြီဖြစ်သော်လည်း စပါးဈေးကွက်ပျက်ပြီး လက်တွေ့အရောင်းအဝယ်
မရှိသေးကြောင်း တောင်သူလယ်သမားများက ပြောသည်။ လက်ရှိတွင် မိုးစပါးပေါက်ဈေးသည်
တင်း ၁ဝဝ လျှင် ကျပ်သုံးသိန်းခြောက်သောင်းဝန်းကျင်ဟု ပြောဆိုနေကြသော်လည်း
လက်တွေ့ဝယ်ယူမှု မရှိသေးကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်
ဦးနေစိုးက ပြောသည်။ ''သုံးဆယ့်ခြောက်၊ သုံးဆယ့်ခုနစ်လို့တော့ ပြောတာပေါ့နော်။ သို့သော်
ပွဲစားတွေကတော့ မဝယ်သေးဘူး။ အတော်တော့ ဆိုးနေပြီ''ဟု ၄င်းက ပြောသည်။

အထက်ပါပေါက်ဈေးအရ စပါးစိုက်တောင်သူများသည် အရှုံးပေါ်မည်ဖြစ်သည့်အပြင်
လက်တွေ့ဝယ်ယူမည့်သူ မရှိသေးခြင်းကလည်း ပိုမိုထိခိုက်စေနိုင်ကြောင်း ဦးနေစိုးက
ပြောသည်။

နေပြည်တော် တပ်ကုန်းမြို့နယ်မှ စပါးစိုက်တောင်သူတစ်ဦးဖြစ်သည့် ဦးလှဝင်းကလည်း
စပါးဝယ်လက်မရှိသောကြောင့် မိုးမိထားသောစပါးများအတွက် အခက်အခဲဖြစ်နေကြောင်း
ပြောသည်။ ''စပါးဈေး ကျတယ်ဆိုပေမဲ့ ဝယ်မယ့်ပွဲစားရှိရင် တော်သေးတယ်။ အမြန်ရောင်းပြီး
ငွေဖော်လို့ရတယ်။ ခုဟာက ပွဲစားလည်းမလာတော့ ဘာလုပ်ရမှန်းကို မသိဘူး''ဟု ၄င်းက
ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရိပ်သိမ်းခဲ့သော မိုးစပါးများသည် အခြောက်လှမ်းစဉ်
မိုးမိခဲ့သောကြောင့် အရည်အသွေပိုင်းထိခိုက်ကာ ဝယ်ယူသောပွဲစား မရှိသည့်အပြင်
ဆက်လက်သိုလှောင်ထားရန်လည်း အခက်တွေ့နေကြောင်း တောင်သူများက ပြောသည်။

''စပါးက နေပူလှမ်းတုန်းက မိုးမိထားတော့ အစိုဓာတ်တွေ အောင်းနေတယ်။ နောက်ပြီး
မိုးကာတွေနဲ့ အကြာကြီးအုပ်ထားရတော့ ရေငွေ့လည်း ရှိနေတယ်။ အဲဒါကြောင့် ဒီစပါးတွေကို
ကျိတ်ခွဲရင်လည်း ဆန်ကွဲပဲရမှာဆိုတော့ ဆန်စက်တွေကလည်း မဝယ်ရဲဘူး''ဟု နေပြည်တော်
လယ်ဝေးမြို့နယ်မှ တောင်သူဦးမျိုးဝင်းက ပြောသည်။

ပျဉ်းမနားမြို့နယ်တွင်လည်း စပါးများစတင်ရိပ်သိမ်းလျက်ရှိပြီး ဈေးကွက်မရှိသောကြောင့်
တောင်သူများအခက်တွေ့နေကြောင်း စပါးခြောက်ဧကခန့်စိုက်ပျိုးထားသည့်
တောင်သူဦးမျိုးလင်းအောင်က ပြောသည်။ ပြီးခဲ့သည့် မိုးရွာရက်များမတိုင်မီ ရိပ်သိမ်းခဲ့သော
တောင်သူများသည် စပါးအစေ့မချွေမီ မိုးမိခဲ့သောကြောင့် လုပ်အားခများ ပိုမိုကုန်ကျခဲ့သည်ဟု
ဆိုသည်။

''စပါးက အစောပေါ်တော့ ရိပ်/ချွေစက်က ဝင်လို့မရဘူး။ မရတော့ လူနဲ့ရိပ်ရတယ်။ ရိပ်ပြီးရုံပဲ
ရှိသေးတယ် မိုးရွာတော့ ကောက်လှိုင်းတွေကို မိုးလွတ်ရာသယ်ရတယ်။ သယ်ရတော့
တစ်ဧကကို စက်နဲ့ ရိပ်ချွေရင် လေးသောင်းခွဲပဲ ကုန်တဲ့ဟာက အခုဆိုခြောက်သောင်းကျော်
ကုန်သွားတယ်''ဟု ဦးမျိုးဝင်းက ပြောသည်။

နိုင်ငံတစ်ဝန်း မိုးစပါးများပေါ်ထွက်ချိန် ဈေးကွက်ပျက်နေသောကြောင့် တောင်သူများ၏
အခက်အခဲကို ဖြေရှင်းနိုင်ရန်နိုင်ငံတော်အစိုးရက ကြိုးစားလျက်ရှိသော်လည်း ယနေ့အထိ
အဖြေမထွက်သေးပေ။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
အမည်မဖော်လိုသော အရာရှိတစ်ဦးကမူ စပါးဈေးကွက်ပြန်ကောင်းရန် ဆန်ဈေးကွက်
(ဝယ်မည့်နိုင်ငံ)ရှာဖွေရမည်ဖြစ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်
အဆိုပါကိစ္စကို အလျင်အမြန် ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

တောင်သူများ အရှုံးပေါ်နိုင်သည့်စပါးဈေးနှုန်းကို ပြန်ဆွဲတင်ရန်အတွက် နိုင်ငံတော်က
အရန်ဆန်ဝယ်ယူရန်လိုအပ်လျက်ရှိရာ အဆိုပါ အကြောင်းအရာသည် ဝန်ကြီးဌာန
အများအပြား ပါဝင်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု အဆိုပါအရာရှိက
ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း