နေပြည်တော်တွင် အဆင့်မြင့်ယာဉ်လိုင်းများ တရားဝင် စတင်ပြေးဆွဲ

နေပြည်တော်ရှိ ဝန်ထမ်းရပ်ကွက်များ၊ စည်ပင်ဝန်ထမ်းရပ်ကွက်များ၊ မြို့တော် မြို့မဈေးကို
ဗဟိုပြုကာ ခုတင် ၁,ဝဝဝ ဆေးရုံကြီးနှင့် အထူးကုဆေးရုံကြီးများသို့ လမ်းကြောင်းသုံးကြောင်းဖြင့်
အဆင့်မြင့် မော်တော်ယာဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာမျိုးအောင်က နိုဝင်ဘာ ၁၁ ရက်တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ
စည်ပင်ဧည့်ရိပ်သာ ၂၌ ကျင်းပပြုလုပ်သည့် အဆိုပါယာဉ်လိုင်းများ စတင်ပြေးဆွဲခြင်းဖွင့်ပွဲ
အခမ်းအနားတွင်ပြောသည်။

''နေပြည်တော် ဖြစ်လာကတည်းက မြို့တော်နဲ့ ထိုက်တန်တဲ့ မော်တော်ယာဉ်လိုင်းတွေ အခုမှ
လက်တွေ့အကောင်အထည်ပေါ်လာပါတယ်။ ပြည်သူတွေ သွားလာရေးအဆင်ပြေဖို့အတွက်
ယာဉ်လိုင်းပြေးဆွဲခြင်းဟာ သက်ဆိုင်ရာ ဒေသန္တရအစိုးရမှာ တာဝန်ရှိသည်နှင့်အညီ နေပြည်တော်
ကောင်စီက တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေရှည်မှာလည်း နေပြည်တော်
ရှစ်မြို့နယ်လုံးမှာ ပြေးဆွဲသွားဖို့ စီမံကိန်းတွေရှိပါတယ်။ အခုတော့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေကို
ကျွန်တော်တို့ လူကြီးတွေ တိုင်ပင်ပြီး သတ်မှတ်ထားပါတယ်။ လိုအပ်ရင် လိုအပ်သလို
လျှော့ပေးစရာရှိရင်လည်း လျှော့ပေးမှာပါ'' ဟုဆိုသည်။

အဆင့်မြင့် မော်တော်ယာဉ်လိုင်း သုံးလိုင်းတွင် မော်တော်ယာဉ် ၁၆ စီး အသုံးပြုကာ
ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဉ် ၁၆ စီးအနက် ခုနစ်စီးမှာ နေပြည်တော်စည်ပင်သာယာရေး
ကော်မတီပိုင် ယာဉ်လိုင်းဖြစ်သည်။ အဆိုပါယာဉ်လိုင်းက နေပြည်တော်မြို့မဈေး၊ MICC ၂၊
ဂန္ဓမာဈေး၊ သရဖီဈေး၊နှင့် ချယ်ရီဈေးသို့ ပြေးဆွဲသွားမည်ဖြစ်သည်။

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)က
အဆင့်မြင့် မော်တော်ယာဉ် ခြောက်စီးပိုင်ဆိုင်ပြီး ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းရပ်ကွက်များ၊
နေပြည်တော်ခုတင် ၁,ဝဝဝဆေးရုံများသို့ ပြေးဆွဲမည်ဖြစ်သည်။ ကျန်သုံးစီးကို တော်ဝင်ခရီးသည်
ပို့ဆောင်ရေးမော်တော်ယာဉ်အသင်းက ပိုင်ဆိုင်ကာ စည်ပင်ဧည့်ရိပ်သာမှစတင်၍ မြို့မဈေး၊
ဝင်းသူဇာလမ်းဆုံနှင့် ဝန်ကြီးဌာနရုံးများသို့ပြေးဆွဲသွားမည်ဖြစ်သည်။

''တွက်ချက်မှုအရ လတ်တလော အခြေအနေမှာ အကျိုးအမြတ်ရဖို့ အဆင်မပြေသေးဘူး။
ယာဉ်မောင်းနဲ့ စပယ်ယာတွေကို နေ့စားနဲ့ ခေါ်ထားတာဖြစ်တယ်။ မှတ်တိုင်တစ်တိုင်ကနေ
တစ်တိုင်ကို ကူးချိန် ၁၅ မိနစ်ပဲ သတ်မှတ်ထားတယ်'' ဟု နေပြည်တော်စည်ပင်သာယာရေး
ကော်မတီမှ ကော်မတီဝင် ဦးမျိုးတင့်က သတင်းမီဒီယာများကို ပြောသည်။

လက်ရှိ ပြေးဆွဲနေသည့် အခြေအနေကို လေ့လာပြီးပါက နေပြည်တော်၏ ဒေသခံမြို့များ
ဖြစ်ကြသော ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းများသို့ပါ ထပ်မံ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး
လတ်တလောအခြေအနေတွင်နေပြည်တော်နေ ဝန်ထမ်းများအဆင်ပြေရေးအတွက်
စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ၄င်းက မြန်မာတိုင်း(မ်း)ကို ပြောသည်။

''ကျွန်တော်တို့ မထသက မိုင်တိုင်းကြည့်တဲ့အခါကျတော့ စည်ပင်ဧည့်ရိပ်သာကနေ
သကျရံသီဘုရားအထိ အသွားအပြန် ၁၇ မိုင်ရှိတယ်။ နောက် လက်ရှိဖြစ်ပေါ်နေတဲ့
စက်သုံးဆီဈေးကလည်း တစ်ဂါလန်ကို ကျပ် ၃,၃ဝဝနှုန်း ရှိတယ်။ ဝန်ထမ်းရပ်ကွက်က
လူတွေ ဝန်ကြီးရုံးကို သွားရင် ကျပ် ၅ဝဝ ကျမယ်။ဒီလောက်တော့ ပေးနိုင်ကြတယ်လို့
လူကြီးတွေက ယူဆသတ်မှတ်ထားပါတယ်။ဂိတ်စကနေ ဂိတ်ဆုံးစီးရင်တော့
၁,ဝဝဝ ပေးရပါမယ်'' ဟု နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး
ကော်မတီ(မြို့တွင်း)ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်ကယာဉ်စီးခ သတ်မှတ်သည့် စံနှုန်းများကို
ရှင်းပြသည်။

ဈေးနှုန်းသင့်တင့်ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ ဆက်ဆံရေး ပြေပြစ်ပြီး
ခရီးသည်အတွက် လုံခြုံစိတ်ချမှုရှိမည်ဆိုပါက ဝန်ထမ်းများအတွက် အဆင်ပြေကြောင်း၊
နေပြည်တော်တွင် ကိုယ်ပိုင်ကား၊ကိုယ်ပိုင်ဆိုင်ကယ်မရှိပါက ဝန်ထမ်းများအနေဖြင့်
ဆိုင်ကယ်ကယ်ရီ ငှားရမ်းရကြောင်း၊မြို့မဈေးမှ လွှတ်တော်ဝင်းအတွင်းသို့ အသွားအပြန်
ကယ်ရီ ငှားရမ်းပါက ဆိုင်ကယ်ဆိုလျှင်ကျပ် ၂,ဝဝဝ၊ ကားဆိုပါက အသွားအပြန်
ကျပ် ၆,ဝဝဝ ပေးကြရကြောင်း၊ အဆင့်မြင့်ယာဉ်လိုင်းစီစဉ်ပေးခြင်းသည် လစာနည်းပြီး
ကိုယ်ပိုင်ဆိုင်ကယ်မရှိသော ဝန်ထမ်းများအတွက် အဆင်ပြေသည့် အစီအစဉ်ဖြစ်သော်လည်း
ဝန်ထမ်းငယ်များအတွက်ပါ သင့်လျော်သည့် ယာဉ်စီးခဖြစ်စေလိုကြောင်း၊ လမ်းကြောင်း
ကွန်ရက်ကိုလည်း ယခုထက် ပိုမိုအသေးစိပ်စီမံပြေးဆွဲပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ရုံး၊
နိုင်ငံတကာဆက်ဆံရေးကော်မတီမှအကြီးတန်းစာရေး ဒေါ်တြိသင်္ဂါကျော်က ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


ရာသီဥတုအခြေအနေ - နေပြည်တော်

အကြည့်အများဆုံး - နေပြည်တော်သတင်း